ဂွ – ၂၀၂၄ သြဂုတ် ၁၄ (မော်ကွန်း)
စစ်ရေးပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံးမြို့နယ်ဖြစ်တဲ့ ဂွမှာ စစ်ကောင်စီဆေးဝန်ထမ်းတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် ဆေးရုံတွေအားလုံးကို ပိတ်လိုက်ရပြီဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒါကြောင့် အရေးပေါ်လူနာတချို့ကို ဘေးလွတ်ရာကိုရွှေ့ပြီး ဒေသခံဆေးဝန်ထမ်းတချို့နဲ့ ရပ်ရွာလူထုက ဆက်လက်ကူညီပေးနေကြတယ်လို့ သူတို့ကပြောကြပါတယ်။
” အရေးပေါ်လူနာတွေကလွဲရင် တစ်ခြားလူနာတွေကို ဆေးရုံဆင်းခိုင်းလိုက်ပြီးတော့ ကျန်တဲ့လူနာတွေနဲ့ ဝန်ထမ်းတွေက ဘေးလွတ်ရာနေရာဆီကို ပြောင်းသွားကြတယ်” လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဆရာဝန်တွေ ထွက်ပြေးသွားတဲ့ ဆေးရုံတွေမှာ လူနာတွေကို ဆက်ထားတဲ့အခါ စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲ တာမျိုးတွေ လုပ်လာခဲ့ရင် ထိခိုက်သေဆုံးမှု ရှိနိုင်တာကြောင့် အခုလို စီစဉ်လိုက်ကြတာလို့ ဒေသခံတချို့က ပြောပါတယ်။ ယခင်ကလည်း AA ထိန်းချုပ်သွားပြီးဖြစ်တဲ့ ရခိုင်မြောက်ပိုင်းဒေသထဲက ဆေးရုံတချို့ကို စစ်ကောင်စီက ဗုံးကြဲဖူးတဲ့အတွက် ဒေသခံတွေက နှိုင်းယှဉ်စိုးရိမ်နေကြတာလို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဂွမြို့နယ်အတွင်းမှာရှိတဲ့ ဂွမြို့နယ်ပြည်သူ့ဆေးရုံ၊ ဆပ်သွားမြို့တိုက်နယ်ဆေးရုံနဲ့ ကျိန္တလီမြို့ တိုက်နယ်ဆေးရုံတွေကို ပိတ်လိုက်ရတာဖြစ်ပါတယ်။
ဒီလိုဆေးရုံတွေပိတ်လိုက်ရတဲ့အတွက် ဒေသခံတွေ ဆေးဝါးကုသရေးအခက်တွေ့ခဲ့ရသလို စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ထိခိုက်စေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
” တိုက်ပွဲတွေကလည်း တစတစနဲ့ပြင်းလာတော့ မတော်တဆ ဒေသခံတွေအထိအခိုက်ရှိလာခဲ့ရင် အရေးပေါ် ဆေးကုသဖို့အတွက်ခက်ခဲပြီး မလိုလားအပ်တဲ့သေဆုံးမှုတွေ ဖြစ်လာနိုင်တယ်။ ဒေသခံတွေကလည်း အဲဒီလိုမျိုး တွေကြုံလာရမှာကို တွေးကြောက်ပြီး စိတ်အဆင်မပြေမှုတွေ ခံစားနေရတယ်” လို့ နောက်ထပ် ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဂွမြို့နဲ့ မိုင် ၄၀ ဝန်းကျင်ဝေးတဲ့ ဂွ-သံတွဲမြို့နယ်အစပ်၊ ကျိန္တလီမြို့က စစ်ကောင်စီစခန်းတွေကို ဩဂုတ် ၁၂ ရက်မှာ အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်ခဲ့ပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်ထန်းနေတယ်လို့ ဒေသခံတချို့ကလည်း ပြောပါတယ်။ အဲဒီမြို့ မကျရေး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ပါ အသုံးပြုခုခံနေတာကြောင့် မြို့တွင်းမှာ မီးလောင်ကျွမ်းတာတွေ ရှိပေမယ့် အသေးစိတ်ကို မသိရသေးဘူးလို့ ကျိန္တလီဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဂွနဲ့ကပ်လျှက်မြို့နယ်ဖြစ်တဲ့ ကမ္ဘာကျော်ငပလီကမ်းခြေရှိရာ သံတွဲမြို့ကို AA ထံ စွန့်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီဝန်ထမ်းတွေဟာ ဂွမြို့မှာ ပြောင်းရွှေ့ရုံးစိုက်ပြီး ဆက်လက်လည်ပတ်နေရာကနေ အခုတိုက်ပွဲတွေ ဂွမြို့နယ်အတွင်း ဝင်လာတဲ့အခါ ဧရာဝတီတိုင်းက ရေကြည်မြို့ဘက်ကို ပြောင်းရွှေ့သွားကြပြီလို့ ဂွမြို့ခံတစ်ဦးကလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်းအစပ်ကဂွမြို့မှာ အခုဆိုရင် ဈေးဆိုင်တွေလည်း ပိတ်ထားသလို မြို့လူထုတစ်ဝက်လောက်လည်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းသွားကြပြီလို့ ဂွမြို့ခံတချို့က ပြောပါတယ်။ စစ်ကောင်စီက ဂွမြို့အဝင်အထွက်ကို တင်းကျပ်စွာစိစစ်နေတယ်လို့လည်း သူတို့က ဆိုပါတယ်။
“ မြို့ကထွက်မယ်ဆိုရင် ကားနံပါတ်၊ လိုက်မယ့်လူအရေအတွက်နဲ့ မှတ်ပုံတင်၊ တင်သွားမယ့်ကုန်စည်၊ ပြန်သယ်လာမယ့်ဟာ၊ အဲဒါတွေအကုန် စာရင်းတင်ပြရတယ်။ အဲဒီအတိုင်းပဲ ဖြစ်ရမယ်။ မဟုတ်ရင် ပြဿနာတက်ရော” လို့ လက်ရှိမှာ ဂွနဲ့ပုသိမ်ကို ကူးသန်းသွားလာနေတဲ့ ဂွမြို့ကယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မြို့နယ်အစွန်ပိုင်းက ကျိန္တလီမြို့ကို AA ဘက်က ထိုးစစ်ဆင်လာတာကြောင့် ဂွမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ ခံစစ်တွေအသေအချာပြင်ပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။ ကျိန္တလီမြို့ဟာ တောဆင်ရိုင်းထိန်းသိမ်းရေးနဲ့ ဒီရေတောစီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အရေး လုပ်ကိုင်သူတွေကြားထင်ရှားတဲ့မြို့ပါ။
ဂွမြို့ကနေ ကမ်းခြေပတ်လမ်းအတိုင်းသွားရင် ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်ကို ရောက်သလို ရခိုင်ရိုးမတောင်တန်းကို ဖြတ်ဖောက်ထားတဲ့လမ်းအတိုင်းသွားရင် ငါးသိုင်းချောင်းနဲ့ ရေကြည်မြို့တွေကို ရောက်ပါတယ်။
ပုံစာ- ဂွမြို့အဝင်ဆိုင်းဘုတ်။
ဓါတ်ပုံ- LPA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

