ရေး – ၂၀၂၁ ဒီဇင်ဘာ ၁၀ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကမ်းနားလမ်း၊ ဝင်းသုခ ရတနာရွှေဆိုင်ရှေ့မှာ ဒီကနေ့ မနက်ပိုင်းက Silent Strike ပုံတွေကို လိုက်လံရိုက်ကူးနေသူ လူငယ်သုံးဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဖွင့်နေတဲ့ ဆိုင်တွေကို လိုက်လံ မှတ်တမ်းတင်နေတဲ့ လူငယ်တွေကို စစ်သားတွေ့တော့လိုက်ပစ်တာ သုံးဦး ခြေထောက်ထိသွားပြီးဖမ်းခံလိုက်ရတယ်”လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရသူ လူငယ်တွေဟာ ဘယ်သူတွေ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံကဆိုပါတယ်။
ဒါအပြင် ဒီကနေ့ သပိတ်ပြုလုပ် ငြိမ်သက်နေချိန်မှာလည်း စစ်ကောင်စီတပ်တွေက သေနတ်တွေ ရမ်းကားပြီး ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံကဆိုပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ နိုင်ငံတဝန်းမှာပြုလုပ်တဲ့ တိတ်ဆိတ်ခြင်းသပိတ်ပါဝင်သူတွေကို အခုလိုပစ်ခတ်ဖမ်းဆီးတာအပြင် ခြိမ်းခြောက်ကာ ဆိုင်တွေက ပစ္စည်းတွေကို သိမ်းယူသွားတာတွေလည်း လုပ်ခဲ့ပါတယ်။
#Dailynews

