ရန်ကုန် – ၂၀၂၂ မတ် ၁၈ (မော်ကွန်း)
ရန်ကုန်မြို့၊ မြေနီကုန်းတံတားမှာ ရေးဆွဲထားတဲ့ နံရံဆေးရေးပန်းချီတွေဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတဲ့ တရားဝင်အစိုးကိုယ်တိုင်ခွင့်ပြုပေးခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဖျက်ဆီးပစ်လိုက်တဲ့အပေါ် ပြင်သစ်သံရုံးအနေနဲ့ ရှုတ်ချကြောင်း ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီနံရံဆေးရေးပန်းချီဟာ ၂၀၁၆ ခုနှစ် ရန်ကုန်မြို့ မင်္ဂလာပ ယဉ်ကျေးမှုပွဲတော်အစီအစဉ် တစိတ်တပိုင်းအနေနဲ့ ရေးဆွဲခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ပံ့ပိုးပေးထားတာလို့ ဆိုပါတယ်။
အခုလို နံရံဆေးရေးပန်းချီတွေကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးလိုက်တဲ့အပေါ် သံရုံးအနေနဲ့ အံ့ဩရကြောင်းနဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အနုပညာထုတ်ဖော်ခွင့်တွေကို လေးစားလိုက်နာဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ ထည့်သွင်း ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်တပ်လက်အောက်ခံအဖွဲ့တွေက ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားမှာရှိတဲ့ နံရံဆေးရေးပန်းချီတွေကို လာရောက်ဖျက်ဆီးသွားခဲ့တာပါ။
ဓါတ်ပုံ – Supplied
#Dailynews

