စစ်ကိုင်း-၂၀၂၃ ဇွန် ၁၄ (မော်ကွန်း)
မီးရှို့ဖျက်ဆီးခံရမှုကြောင့် မေလအတွင်း စစ်ကိုင်းတိုင်းက ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်နှစ်ခုမှာ နေအိမ် ၆၅၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံသုံးဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတပ်ကြွလှုပ်ရှားသူများအဖွဲ့- ကန့်ဘလူခရိုင်က ဒီနေ့လယ်က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ သူတို့လေ့ကျင့်လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျွန်းလှမြို့နယ်က ရွာလေးရွာမှာ နေအိမ် ၂၅ လုံး၊ ဆေးပေးခန်းတစ်ခု၊ စပါးတိုက်သုံးလုံးပျက်စီးပြီး ကန့်ဘလူမြို့နယ်က ရွာ ၁၃ ရွာမှာ နေအိမ် ၆၂၈ လုံး၊ စာသင်ဆောင်နှစ်ခု ပျက်စီးခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
သေဆုံးခဲ့သူသုံးဦးဟာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦးဖြစ်ပြီး သူတို့ဟာ လက်နက်ကြီးထိမှန်တာ၊ ဖမ်းဆီးပြီးမှ သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးခဲ့တာလို့ဆိုထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၃ မေ ၃၁ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၅,၃၈၁၆ လုံးအထိ
မီးရှို့ဖျက်ဆီးခံထားရတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တစ်ဖက်ကမ်းမှာရှိတဲ့ ညောင်ပင်ကြီးကျေးရွာအုပ်စုထဲကရွာတွေကို မီးရှို့ဖျက်ဆီးနေလို့ ဒေသခံတွေထွက်ပြေးနေရပြီး ပျက်စီးဆုံးရှုံးမှုစာရင်းကိုတော့ အခုထိမသိရသေးဘူးလို့ ညောင်ပင်ကြီးဒေသခံတွေက ဒီနေ့လယ်မှာ ပြောထားပါတယ်။
Photo – ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်
#Dailynews

