ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၈ (မော်ကွန်း)
ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေဟာ သုံးရက်ဆက်တိုက်ကြီးနေလို့ ရေဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပရဟိတအသင်းထံကသိရပါတယ်။
“တော်တော်များများက လွန်ခဲ့တဲ့ငါးရက်လောက်ကတည်း ရေဘေးရှောင်လာကြတာ။ အဲဒီ့ထဲမှာ အိမ်မပြန်နိုင်တဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်းပါတယ်၊ စျေးသည်တွေလည်းပါတယ်။ စျေးလည်းမရောင်းရ၊ နေအိမ်တွေလည်းမြုပ်ကုန်တော့ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်” လို့အဲဒီ့အသင်းတာဝန်ခံက ပြောပါတယ်။
လွန်ခဲ့တဲ့သုံးရက်ကတည်းက ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ မှာစိုးရိမ်ရေအမှတ်နဲ့အထက် တစ်ပေကျော်တက်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ညောင်ဦးမြို့နယ်မှာ နယ်မြေခုနှစ်ခုရှိပြီး မြစ်ရေတက်လာတာကြောင့် နယ်မြေလေးခုက နေအိမ်အလုံး ၅၀ ကျော် ရေမြုပ်သွားခဲ့တယ်လို့ ပရဟိတအသင်းကပြောပါတယ်။
ရေဘေးရှောင်ဒေသခံတွေဟာ လက်ရှိမှာ ရှစ်မျက်နှာကျောင်းတိုက်နဲ့ မြသိန်းတန်ဘုရားတို့မှာ ခိုလှုံနေကြရပါတယ်။
သွားရေးလာရေးအတွက် ဆိုင်ကယ်ကိုအသုံးပြုလို့မရသလို သမ္ဗာန်တွေနဲ့သာသွားလာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြစ်အနီးအနားက စက်လှေဂိတ်တွေ၊ ဆိုက်ကယ်ကယ်ရီဆွဲသူတွေဟာလည်း ရေကြီးရေလျှံမှုတွေကြောင့် အလုပ်ရပ်နားထားရသလို ဝင်ငွေလည်းမရတော့တာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပရဟိတအသင်းတာဝန်ခံကပြောပါတယ်။
ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း ညောင်ဦးမြို့မှာမိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်လာတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံစေတီတော်နဲ့ အာန္ဒနာဘုရားတွေအတွင်းထိ ရေဝင်ခဲ့တယ်လို့ သူကပြောပါတယ်။
ညောင်ဦးမြို့နယ်လိုပဲ စစ်ကိုင်း၊ ရခိုင်၊ ပဲခူး၊ ကရင်၊မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာလည်း ဩဂုတ်လဆန်းပိုင်းကစလို့ မိုးအဆက်မပြတ်ရွာပြီးမြစ်ရေတက်လာတာကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုမြစ်ရေတက်မှုကြောင့် မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေ ဖြစ်တဲ့ ပဲခူး၊ကရင်၊မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီး အတွင်းက မြို့နယ် ၁၆ ခုမှာဆိုလည်း ဒေသခံငါးသောင်းဝန်းကျင်ဟာ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ် ၁၆ ကထုတ်ပြန်ထားပါတယ်။
ပုံစာ- စက်တင်ဘာ ၅ ရက်၊ ညောင်ဦးမြို့ရေကြီးမှုမြင်ကွင်း
ဓာတ်ပုံ- ညောင်ဦးလူငယ်ပရဟိတအသင်း
#Dailynews

