ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၅ (မော်ကွန်း)
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ ရှေးဟောင်းဘုရားတွေတည်ရှိတဲ့ညောင်ဦးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ရေဘေးရှောင်နေရတယ်လို့ ညောင်ဦးလူငယ်ပရဟိတအသင်းထံမှသိရပါတယ်။
ညောင်ဦးမြို့မှာ နယ်မြေခုနှစ်ရှိပြီး မြစ်ကမ်းအနီးက နယ်မြေ အမှတ် ၁၊ ၄ နဲ့ ၅ မှာ ရေတက်လာကြောင့် အိမ်ထောင်စု ၆၀ ကျော် လက်ရှိမှာရေဘေးရှောင်နေရတယ်လို့ အဲ့ဒီအဖွဲ့ထံမှသိရပါတယ်။
ညောင်ဦးပရဟိတအသင်းတာဝန်ခံက “ရေကရပ်ကွက်အတွင်းတွေထိကို တော်တော်ဝင်လာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွေလည်းရွာ မြစ်ရေကလည်းတက်လာတော့ရောသွားတာ။ တစ်ချို့နေရာမှာ ဒူးလောက်မြုပ်တယ်၊ တစ်ချို့နေရာမှာခါးလောက်မြုပ်တယ်။” လို့ပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်း ခြောက်လက်မခန့်ထပ်တက်ဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ထားပါတယ်။
တစ်နေ့က ညောင်ဦးမြို့အတွင်းမှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်လာတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံစေတီတော် နဲ့ အာန္ဒနာဘုရားတွေအတွင်းထိ ရေဝင်ခဲ့တယ်လို့ သူကပြောပါတယ်။
ဒီနေ့မှာလည်းရွှေစည်းခုံစေတီတော်တည်ရှိရာ အမှတ် ၅ နယ်မြေမှာရေကြီးမှုတွေဖြစ်ပွါးနေတာပါ။
“လက်ရှိအချိန်ထိတော့ ဘုရားတွေထဲရေဝင်လာတာမရှိသေးပါဘူး။ တစ်နေ့ကလည်း ရေတွေပြန်စုပ်ထားတာ၊ ရေဆင်းပေါက်တွေလည်းပြန်ကောင်းလာပြီဆိုတော့ သူဟာနဲ့သူရေကျသွားမှာပါ။”လို့ ညောင်ဦးလူငယ်ပရဟိတအသင်းတာဝန်ခံက ပြောပါတယ်။
ညောင်ဦးမြို့နယ်လိုပဲ စစ်ကိုင်း၊ ရခိုင်၊ ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာလည်း ဩဂုတ်လဆန်းပိုင်းကစလို့ မိုးအဆက်မပြတ်ရွာပြီးမြစ်ရေတက်လာတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒီလိုမြစ်ရေတက်မှုကြောင့် မြန်မာနိုင်ငံရဲ့အရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ ကရင်၊ မွန် နဲ့ တနင်္သာရီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၆ ခုမှာလည်း ဒေသခံငါးသောင်းဝန်းကျင်ဟာ ရေဘေးဒဏ်ကြုံတွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကဩဂုတ် ၁၆ ရက်ကထုတ်ပြန်ထားပါတယ်။
ပုံစာ-စက်တင်ဘာ ၃ ရက်နေ့၊ ရွှေစည်းခုံစေတီတော်ရင်ပြင်တော်နှင့် ညောင်ဦးမြို့အတွင်းရေကြီးရေလျှံမှုမြင်ကွင်း။
ဓာတ်ပုံ- ညောင်ဦးလူငယ်ပရဟိတအသင်း
#Dailynews

