ဆားလင်းကြီး – ၂၀၂၃ ဇွန် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ဒီကနေ့ညနေမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး အထိနာလို့ လေကြောင်းကနေ ပစ်ကူပေးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“မနက်က စစ်ကြောင်းထိုးလာတဲ့ စခတွေ ပြန်သွားတဲ့အချိန်မှာ ဒီဘက်က ညောင်ပင်ကြီးစခန်းကို ဝင်တိုက်တာ”လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။
ညောင်ပင်ကြီးစခန်းဟာ ရဲစခန်းဖြစ်ပေမယ့် အခုအချိန်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သားတွေ နေရာယူထားပြီး အင်အား ၃၀ ဝန်းကျင်ရှိနိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဝင်တိုက်တဲ့အခါ အာဏာသိမ်းစစ်တပ်ဘက်က အရေးနိမ့်ပြီး လေကြောင်းစစ်ကူခေါ်ခဲ့ရတယ်လို့ သူကပြောပါတယ်။
“အဖွဲ့စုံပဲတိုက်တာ ၆း၀၀ နာရီလောက်မှာ စတိုက်တယ်၊ ၇း၀၀ နာရီထိုးခါနီးမှာ လေကြောင်းပစ်ကူလာတယ်၊ Mi 35 နဲ့ လာပစ်တယ်”လို့ သူကပြောပါတယ်။
လေကြောင်းပစ်ကူနဲ့အတူ ညောင်ပင်ကြီးနဲ့အနီးတဝိုက်က အာဏာသိမ်းစစ်တပ်စခန်းတွေကလည်း လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ရာဆီကို ကူပစ်ခဲ့ကြလို့ တော်လှန်ရေးတပ်ဖွဲ့တွေက စခန်းမသိမ်းဘဲ ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
ညောင်ပင်ကြီးကို မုံရွာကနေ စစ်ကူအနေနဲ့ စစ်ကားနှစ်စီး၊ ချင်းတွင်းမြစ်အမြန်ရေယာဉ်နှစ်စီးကို အချောဆွဲလာပြီး တစ်စီးကတော့ ရေလယ်ကသောင်မှာ တင်နေတယ်လို့ ဒေသခံကပြောပါတယ်။
လေကြောင်းပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးရွာဟာ အခုအချိန်မှာ မီးလောင်နေပြီး အခုအချိန်ထိ ပျက်စီးမှုအခြေအနေ မသိရသေးပါဘူး။
လတ်တလောမှာ ပြည်သူနှစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရထားပါတယ်။
ပုံစာ – ယနေ့ညနေလာရောက်ပစ်ခတ်သည့် Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်
ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
#Dailynews

