ဆိပ်ဖြူ – ၂၀၂၂ ဇူလိုင် ၁၄ (မော်ကွန်း)
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာ၊ ရှားလှကျေးရွာနဲ့ ဝန်ကြီးကျေးရွာက စစ်ရှောင်ရာဂဏန်းဝန်းကျင်ဟာ တောထဲမှာ ငှက်ဖျားရောဂါခံစားရသူများနေပြီး ဆေးဝါးအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။
ကျေးရွာသုံးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ဒေသခံ ထောင်နဲ့ချီထွက်ပြေးနေရပြီး အမိုးအကာမရှိတဲ့တောထဲမှာနေထိုင်ရတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။
စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေပါဝင်ပြီး သွားရေးလာရေးခက်ခဲတဲ့အပြင် လွန်ခဲ့တဲ့ လေးရက်လောက်ကစတင်ကာ အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းဖြတ်ခံထားရတာကြောင့် စားနပ်ရိက္ခာ၊ဆေးဝါးတွေ အကူအညီရနိုင်ဖို့ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ပြောပါတယ်။
“ကျန်းမာရေး မကောင်းတဲ့လူတွေများတယ်၊ စားရေးသောက်ရေး မရှိဘူး၊ တောတောင်တွေထဲမှာ ဒီတိုင်းပဲ နေကြရတယ်၊ အမိုးအကာ မရှိဘူး၊ ဖျားနာနေတဲ့လူတွေအတွက်က ပိုအရေးကြီးတယ်၊ ဒီဘက်ရွာတွေက တောတောင်ထူထပ်တော့ ငှတ်ဖျားအများအပြား ကြုံကြရတာ၊ နေမကောင်းကြတာကတော့ ငှက်ဖျားရော မိုးမိလို့ ဖျားတာရော အစုံပဲ”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။
ရွာသားတွေက ထွက်ပြေးတိမ်းရှောင်လာရချိန်မှာ စားနပ်ရိက္ခာအနည်းငယ်သာသယ်ဆောင်လာနိုင်ခဲ့ပြီး တောထဲမှာနေထိုင်နေရပေမယ့်လဲ စစ်တပ်က တောထဲကိုထပ်မံစစ်ကြောင်းထိုးလာမှာကို ကြောက်နေရတယ်လို့ အဆိုပါကျေးရွာသားက ပြောပါတယ်။
အရင်က တောင်ယာတဲတွေထဲမှာ စစ်ရှောင်ရချိန်အသုံးပြုလို့ရအောင် ဆန်စပါးတွေကိုဝှက်ထားခဲ့ပေမယ့် စစ်တပ်က မီးရှို့သွားတာကြောင့် မီးထဲအကုန်ပါသွားတယ်လို့ သူကပြောပါတယ်။
တောတောင်ထူထပ်တဲ့အပြင် မိုးရွာတာကြောင့် အမိုးအကာမရှိတဲ့အတွက် မိုးမိဖျားနာသူတွေရှိနေပြီး ဆေးဝါးအဓိကလိုအပ်ချက်ရှိနေတယ်လို့ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၉ ရက်မှာ ပိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အသက် ၃၈နှစ်အရွယ် မနှင်းဝေကိုလည်လှီးသတ်ဖြတ်ခဲ့ကာ ဇူလိုင်လ ၁၂ရက်နေ့မှာရှားလှရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။
#Dailynews

