ရန်ကုန်-၂၀၂၄ ဇွန် ၂၃ (မော်ကွန်း)
ဒီနေ့မနက် ၇ နာရီ ၁၀ မိနစ် ဝန်းကျင်မှာ ရန်ကုန်-ဒလ ခရီးသည်ပို့တဲ့ ချယ်ရီသင်္ဘောကူတို့ဆိပ်အနီးမှာ ရေထဲ ပေါလောပေါ်ပြီး မျောပါနေတဲ့ လူသေအလောင်းတစ်လောင်း တွေ့ရပေမယ့် ဆယ်ယူစစ်ဆေးသူမရှိဘဲ ဆက်လက်မျောပါသွားတာကို တွေ့ရပါတယ်။
အလောင်းဟာ ကျရေနဲ့အတူမျောပါနေပြီး သံလျှက်စွန်းဘက်ကို ဦးတည်နေတာတွေ့ရပါတယ်။
ချယ်ရီသင်္ဘော၊ ရေကြောင်းပြသင်္ဘောနဲ့ ရေကြောင်းရဲသင်္ဘောတွေအနီး မြစ်ပြင်ထဲက မျောနေတာပါ။
စက်လှေကူးတို့ မောင်းသူတချို့က တွေ့ပေမယ့် မမြင်ချင်ယောင်ဆောင်ကြပါတယ်။
စက်လှေသမားတစ်ဦးကို စကားစမြည်မေးကြည့်တော့” ဒါကြီးကိုတော့ မဆယ်ပေးချင်ပါဘူးဗျာ၊ သွားဆယ်ရင်လည်း တိုင်ပတ်ဦးမှာ အခုက။ အထုခံချင်ခံရမှာ၊ မလုပ်ပါနဲ့” လို့ မှတ်ချက်ပြုတယ်။
အမျိုးသားဖြစ်ပုံရတဲ့အလောင်းဟာ ခြေလက်အားလုံး မိုးပေါ်မြှောက်ပြီး ပက်လက်အနေအထားနဲ့ မျောနေခဲ့တာကို တွေ့ရပါတယ်။
ယခင်အရပ်သားအစိုးရတွေခေတ်တုန်းကတော့ ဒီလိုမျောပါနေတဲ့အလောင်းတွေကို ပရဟိတအသင်းတွေ၊ အယူမသည်းတဲ့ လှေသမားတချို့စုပေါင်းကာ ဆယ်ယူကမ်းကပ်စေပြီး မှုခင်းရဲတပ်ဖွဲ့ထံ အပ်နှံတဲ့အခါ ဆုငွေတချို့ပေးလေ့ရှိပြီး မှုခင်းစစ်ဆေးမှုလုပ်ငန်းကို ရဲကလုပ်ကာ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင် လေ့ရှိပါတယ်။
Photo- Mawkun

