ကော်သူးလေ-၂၀၂၄ ဇွန် ၃ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်မှုတွေအကြား ကရင့်စာသင်ကျောင်းတွေဟာ အခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာလည်း ဖွင့်လှစ်ကြပါပြီ။
ကေအဲန်ယူ တပ်မဟာ ခုနစ်ခုထဲမှာရှိတဲ့ ကျောင်းအားလုံးမဖွင့်လှစ်နိုင်ပေမယ့် အများစုကတော့ ဖွင့်လှစ်ကြပါတယ်။
အခုမြင်ရတဲ့ ကရင့်စာသင်ကျောင်းကတော့ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန(KECD) အောက်က စာသင်ကျောင်းပါ။
KECD အချက်အလက်တွေအရ မနှစ်ကအထိ ကျောင်းပေါင်း ၁,၅၀၀ ၊ ဆရာ ၁၀,၀၀၀ ဦးနဲ့ ကျောင်းသားဦးရေ ၁၃၀,၀၀၀ ဦးရှိပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သိမ်းယူခံထားခဲ့ရတဲ့ ကရင့်စာသင်ကျောင်းတွေ ကရင့်လက်ထဲကို တဖြည်းဖြည်းပြန်လည်ရောက်ရှိလာပြီး ကျောင်းသားဦးရေတွေလည်း မြင့်တက်လာနေပါတယ်။
ကေအဲန်ယူပညာရေးအတိုင်ပင်ခံ စောကပိက ကရင့်ကျောင်းတွေ ကရင့်လက်ထဲပြန်ရောက်လာတာဟာ စစ်ကောင်စီအခက် ကရင်အချက်ပဲလို့ ၂၀၂၁ အာဏာသိမ်းပြီးနောက် မော်ကွန်းကိုပြောခဲ့ပါတယ်။
စာသင်ကျောင်းနဲ့ကျောင်းသားဦးရေတွေတိုးလာပေမယ့် ကျောင်းဆရာမလုံလောက်တဲ့ပြဿနာကို KECD ရင်ဆိုင်နေရပါသေးတယ်။
လတ်တလော တိုက်ပွဲဖြစ်ပွါးရာ ကော်သူးလေဒေသတွင်းမှာတော့ ကရင့်စာသင်ကျောင်းတွေဟာ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်တွေကြားကနေ သတိထားပြီး သင်ကြားနေရတာကို မော်ကွန်းကတွေ့ရပါတယ်။
နယ်မြေမလုံခြုံမှုကြောင့် ကျောင်းသားမိဘတချို့အနေနဲ့ သားသမီးတွေကို ကျောင်းတက်စေဖို့ စဉ်းစားရခက်နေတာကိုလည်း သိရှိရပါတယ်။
တချို့မိဘတွေကလည်း ကရင့်ကျောင်းနဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံကျောင်း နှစ်မျိုးမှာ ဘယ်ကျောင်းကို ထားရမလဲ ဝေခွဲရခက်နေတာကိုလည်း တွေ့ရပါတယ်။
ကော်သူးလေနယ်မြေထဲမှာတော့ မြို့ပေါ်တွေကလွဲရင် နေရာအများစုဟာ လွတ်မြောက်နယ်မြေပိုမိုဖြစ်လာပြီး စာသင်ကျောင်းနဲ့ ကျောင်းသားတွေပါ တိုးလာနေဆဲပါ။
ပုံစာ -ကော်သူးလေ လွတ်မြောက်နယ်မြေတစ်နေရာက ကရင့်စာသင်ကျောင်းတစ်ကျောင်းရဲ့ဒီနေ့မြင်ကွင်း။
ဓာတ်ပုံ – Mawkun Magazine

