အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊အရာတော်မြို့ပေါ်လယ်တီရပ်ကွက်က ဒေသခံ ၅၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေ ၅ : ၀၀ ဝန်းကျင်က ဖမ်းဆီးထားပြီးနောက် နေအိမ်တွေကိုမီးရှို့နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“မြို့ပေါ်ရပ်ကွက်ဆိုတော့စစ်တပ်ထိန်းချုပ်နယ်မြေထဲမှာရှိတော့ မလုပ်လောက်ဘူးလို့ထင်တာပေါ့နော်၊ ရပ်ကွက်ဆိုတော့ မီးမရှို့လောက်ဘူးထင်တာ၊ သူတို့ကသေနတ်တွေပစ်ဖောက်ဝင်လာပြီး မီးရှို့ တာ၊ခုထိမီးမငြိမ်းနိုင်သေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လယ်တီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်ကစစ်ကား ခုနစ်စီးအင်အား ၁၅၀ ဝန်းကျင်နဲ့ဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးမရှို့ခင်နေအိမ်တွေထဲက ပစ္စည်းတွေကို အရင်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။
လယ်တီရပ်ကွက်က အရင်ကကျေးရွာဖြစ်ပြီးမြို့တိုးချဲ့လာတာကြောင့် ရပ်ကွက် ဖြစ်လာတာဖြစ်ပြီးနေအိမ်ပေါင်း ၂၀၀ ဝန်းကျင်ရှိတယ်လို့ဒေသခံကပြောပါတယ်။
နေအိမ်ထက်ဝက်ခန့်မီးလောင်ပျက်စီးနေပြီး မီးလာငြိမ်းသူမရှိဘူးလို့ ဒေသခံကပြောပါတယ်။
အရာတော်မြို့ ခြေရာတော်ဘုရားအနီးမှာ ဖေဖော်ဝါရီ ၁၅ရက်နေ့က အာဏာသိမ်းစစ်တပ်စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကမြို့ထဲစစ်ဆေးရေးတင်းကျပ်ထားပြီးနောက် လယ်တီရပ်ကွက်ကိုမီးရှို့တာဖြစ်နိင်တယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

