ပုလဲ- ၂၀၂၄ ဒီဇင်ဘာ ၆ (မော်ကွန်း)
မြို့သိမ်းတိုက်ပွဲဖော်ဆောင်ပေမယ့် မအောင်မြင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တောင်ယာသီးနှံတွေကို ဒေသခံတွေ ရိတ်သိမ်းနေကြပြီဖြစ်ပေမယ့် စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ပုလဲမြို့အနီးက တောင်ယာခင်းတချို့ကိုတော့ အသက်ဘေးကြောင့် မရိတ်သိမ်းနိုင်ကြသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။
” ဒေသခံ ပကဖတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကကင်းယူပေးလို့ စပါး ၊ နှမ်းတွေ ရိတ်သိမ်းနိုင်ခဲ့တယ်ဗျ။ မြို့နဲ့ အနီးကပ်ဖြစ်တဲ့ စပါးခင်းတွေကိုတော့ မရိတ်သိမ်းနိုင်သေးဘူး။ မြို့နဲ့လှမ်းတဲ့ နေရာတွေတော့ ရိတ်သိမ်းရတာပေါ့” လို့ ပုလဲမြို့နယ်ကတောင်သူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲဟာ ဒေသခံတွေရဲ့ သီးနှံပေါ်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ရိတ်သိမ်းဖို့အခက်ကြုံသွားကြရတာလို့လည်း ဒေသခံတစ်ချို့က ပြောပါတယ်။
ပုလဲနယ်က နာမည်ကြီး တော်လှန်ရေးသမား ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) နဲ့ မဟာမိတ်တွေဖော်ဆောင်တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီရဲ့ အလွန်အကျွံ လေကြောင်းပစ်ကူနဲ့ ခုခံမှု၊ စစ်ကူအင်အားဖြည့်တင်းမှုတွေအောက်မှာ မြို့ကိုသိမ်းပြီး တောင့်မထားနိုင်တော့ဘဲ နောက်ဆုံးပြန်လည်ဆုတ်ခွာခဲ့ရတာပါ။
အဲဒီမြို့သိမ်းတိုက်ပွဲနောက်ဆက်တွဲအဖြစ် စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပုလဲနယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ ပြန်လုပ်တာကြောင့် ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေရသလို စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုပ်ငန်းတွေအပေါ် သက်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
ဒီနှစ်ဆိုရင် ပုလဲမြို့နယ်မှာ စပါးအထွက်နှုန်းသင့်တင့်ပေမယ့် နှမ်းအထွက်နှုန်း ကျဆင်းခဲ့တယ်လို့ ဒေသခံ တောင်သူ တချို့က ပြောပါတယ်။
အခုအချိန်မှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ကုလားပဲလို သီးနှံတွေ စိုက်ဖို့ ရာသီကျရောက်နေပြီ ဖြစ်ပေမယ့် စစ်ဘေးရှောင် နေရတဲ့အတွက် “ အဆင်မပြေလို့ မစိုက်ပျိုးနိုင်သေးဘူး” လို့ ပုလဲဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။

ပုံစာ- ယင်းမာပင်-ပုလဲမြို့နယ်အစပ်မှာ စပါးရိတ်သိမ်းနေကြတဲ့ ဒေသခံတချို့ကို ယနေ့တွေ့မြင်ရစဉ်
ဓါတ်ပုံ- မော်ကွန်း

