ရန်ကုန်- ၂၀၂၃ မေ ၃၀(မော်ကွန်း)
နိုင်ငံတစ်ဝန်းကအခြေခံပညာကျောင်းတွေမှာ ယခုသီတင်းပတ်အတွင်း ကျောင်းအပ်နှံသူ ၅ ဒဿမ ၈ သန်းကျော်ရှိလာပြီလို့ စကစလက်အောက်ခံ အခြေခံပညာဦးစီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။
ဇွန် ၁ ရက်မှာ စတင်မယ့် ဒီစာသင်နှစ်အတွက် ကျောင်းအပ်လက်ခံမှုတွေကို မေ ၂၃ ရက်ကနေ ၃၁ ရက်အထိသတ်မှတ်ကာ ကျောင်းအပ်လက်ခံနေရာမှာ မေ ၂၉ ရက်အထိ တိုင်းနဲ့ပြည်နယ်အသီးသီးက အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံသူ ၅,၈၂၂,၀၆၂ ဦးအထိလက်ခံထားပြီးပြီလို့ အခြေခံပညာဦးစီး ဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါဟာ ပြီးခဲ့တဲ့ပညာသင်နှစ်က အပ်နှံတက်ရောက်ခဲ့ကြတဲ့ ၅ ဒဿမ ၆ သန်းထက် အနည်းငယ် ပိုတိုးပြီး စစ်ကောင်စီလက်အောက်ခံ ကျောင်းတွေမှာ ကျောင်းပြန်အပ်လာတာလည်း ဖြစ်ပါတယ်။
စာသင်ကျောင်းတွေမှာတော့ စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူထားပြီး စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
“ကျောင်းထဲဝင်တာနဲ့ စစ်ဆေးတာတွေရှိတယ်။ အထဲမှာလည်း လက်နက်တွေနဲ့ လုံခြုံရေးယူပြီး ကျောင်းအပ်လက်ခံတာ၊ ကျောင်းအပ်တဲ့သူတွေကတော့ မနှစ်ကထက်နည်းနည်းပိုများလာတယ်ထင်တယ်” လို့ အဆိုပါကျောင်းသားမိဘက ပြောပါတယ်။
၂၀၂၁ မှာ အရပ်သားအစိုးရဆီက စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက် စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ ကျောင်းမအပ်ဘဲသပိတ်မှောက်ကျဖို့ တိုက်တွန်းနှိုးဆော်မှုတွေရှိခဲ့ပြီး ကျောင်းအပ်နှံမှုတွေလည်း ကျဆင်းနေခဲ့ပါတယ်။
အထူးသဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့က စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ ကျောင်းအပ်နှံမှုက အနည်းဆုံးအခြေအနေတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အပြင်းထန်ဆုံးတိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေကိုခံနေရတဲ့ စစ်ကိုင်းတိုင်းအတွင်းက မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့မြို့တွေက အခြေခံပညာ ကျောင်းတွေဆိုရင် ပြီးခဲ့တဲ့ပညာသင်နှစ်တုန်းက ကျောင်းမဖွင့်လှစ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ စစ်ကိုင်းမှာဆို ကျောင်းတွေမဖွင့်နိုင်တဲ့ဒေသတွေ၊ ကျောင်းအပ်လက်မခံနိုင်တဲ့မြို့နယ်တွေ အများကြီးရှိတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတာဆိုတော့ ကျောင်းလည်းမတက်နိုင်တဲ့ ကလေးတွေအများကြီးရှိခဲ့တယ်။ အချို့နေရာတွေက NUG ပညာရေးနဲ့လည်း လက်လှမ်းမမီဘူး။ ပညာသင်ခွင့်ဆုံးရှုံးသွားတဲ့ကလေးက ထက်ဝက်လောက်ရှိတယ်” လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဒေသခံတစ်ဦးကပြောပါတယ်။
အခြေခံပညာဦးစီးဌာနရဲ့ အချက်အလက်တွေအရ အရပ်သားအစိုးရတွေလက်ထက်မှာ အခြေခံပညာ တက်ရောက်သင်ကြားသူအရေအတွက်ဟာ ကိုးသန်းကျော်ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၂ ပညာသင်နှစ်မှာ ၅ ဒဿမ ၃ သန်းကျော်ပဲ လာရောက်အပ်နှံခဲ့ တယ်လို့ ဖော်ပြပါတယ်။ ၂၀၂၂-၂၃ ပညာသင်နှစ်မှာလည်း ၅ ဒဿမ ၆ သန်းအထိ ပဲ အပ်နှံမှု ရှိခဲ့ပြီး စာရင်းတွေအရ ဒီနှစ်ကစစ်ကောင်စီအုပ်ချုပ်နေတဲ့ကာလအတွင်း ကျောင်းအပ်နှံမှုအများဆုံး ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဂျာထွယ်ပန်ကတော့ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံမှုတွေကို တရားမဝင်ဘူးလို့သတ်မှတ်ထားတဲ့အပေါ် မေ ၂၉ ရက်မှာ ဖေ့ဘွတ်လူမှုကွန်ရက်က တစ်ဆင့် ရှင်းလင်းထားပါတယ်။
“ စကစဟာ တရားမဝင်တဲ့အစိုးရဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်သမျှကိစ္စတွေ အတန်းတင်ခြင်း၊ သတ်မှတ်ခြင်းကိစ္စတွေ တရားမဝင်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ သူ့အလိုလို တရားမဝင် ဖြစ်သွားတဲ့သဘောပါ။ စနစ်ကို ဆန့်ကျင်နေတာဖြစ်ပြီး၊ အခက်အခဲအမျိုးမျိုးကြားက ကျောင်းတက်ရတဲ့ ကျောင်းသားတွေကို ဆန့်ကျင်တာမဟုတ်ပါ” လို့ ၎င်းကရေးထားပါတယ်။
ကြားကာလမှာ ပုံစံအမျိုးမျိုးနဲ့ ပညာသင်ကြားခဲ့ရတဲ့ကျောင်းသားတွေကို တော်လှန်ရေးပြီးတဲ့အခါ ပြည်သူ့အစိုးရမူဝါဒတွေအတိုင်းပဲ လက်ခံသွားမယ်လို့ သူကရေးပါတယ်။ လက်ရှိမှာ ကျောင်းဆရာတွေကို သင်တန်းတွေပေးနေပြီး ပြည်သူ့ပညာရေး ကျောင်းတွေ၊ ဖက်ဒရယ် online ကျောင်းတွေမှာတက်ရောက်တဲ့ ကျောင်းသားတွေကတော့ အသီးအပွင့်တွေကိုခံစားရမယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ NUG ရဲ့ အွန်လိုင်းပညာရေးကျောင်းတွေမှာ ကျောင်းတက်တဲ့ကလေးတွေနဲ့မိဘတွေကို ပစ်မှတ်ထား အရေးယူမှုတွေလုပ်ဆောင်နေပြီး အကြမ်းဖက်ထောက်ပံ့မှုနဲ့ဖမ်းဆီးမယ်လို့ သူတို့ရဲ့ဝါဒဖြန့် သတင်းစာတွေကတစ်ဆင့် ကြေညာထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့စာသင်နှစ်မှာလည်း CDM ဆရာမတွေဖွင့်လှစ်တဲ့ မန္တလေး၊ အောင်ပန်း စတဲ့ ဒေသတွေကကျောင်းတွေကို စစ်ကောင်စီကဖမ်းဆီးတာ၊ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေက သတင်းအချက်အလက်လုံခြုံရေးကျိုးပေါက်တာ၊ စာသင်နှစ်ပြီးဆုံးအောင် မသင်ကြားနိုင်တာတွေကြောင့် လက်တွဲခဲ့တဲ့ကျောင်းသားမိဘနဲ့ ကျောင်းသားတစ်ချို့ ဒုက္ခရောက်ခဲ့တာတွေရှိပါတယ်။
ကျောင်းသားမိဘအမျိုးသမီးတစ်ဦးက “ ကလေးတွေ အလကားနေရင်း ကျောင်းနှစ်အောက်ရတာ၊ NUGက အသိအမှတ်ပြုပါတယ်ဆိုပြီးထားမိတာ၊ K4U/FOEIM လိုကျောင်းမှာထားမိလို့ အဖမ်းခံရ၊ လုံခြုံရေး ကျိုးပေါက်လို့ပြေးရ၊ အခုနှစ်တော့ တတ်နိုင်တဲ့ မိသားစုက International ကျောင်းပြန်ထား၊ မတတ်နိုင်တဲ့ကလေးက စကစကျောင်းပြန်အပ်ရတာပဲ။ လွတ်လပ်စွာပညာသင်ကြားခွင့်က အခြေခံ လူ့အခွင့်အရေးပဲ။ အင်တာနက်မရတဲ့နေရာက ကလေးတွေအတွက်၊ နယ်ဘက်က ကလေးတွေအတွက်လည်း လက်တွေ့ကျကျထည့်စဉ်းစားပေးကြပါဦး။ တော်လှန်ရေးက ၁ဝ နှစ်ကြာရင် ကလေးတွေ အလကားအသက်ကြီး၊ ပညာမရ ဖြစ်ရဦးမယ်။ NUG ရဲ့ ပညာရေးက နိုင်ငံတကာထိထိုးဖောက်နိုင်လို့ အသိမှတ်ပြုပြီဆိုရင်တောင် အဲဒီကလေးက အပြင်ထွက်ပြီးကျောင်းတတ်ဖို့က မိသားစုစီးပွားရေးအခြေအနေက ရှိသေးတယ်” လို့ ဒေါ်ဂျာထွယ်ပန်ရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားမေးမြန်းထားပေမယ့် ပြန်ဖြေကြားထားတာတော့ မရှိပါဘူး။
ပုံစာ- နေပြည်တော်က အခြေခံပညာကျောင်းတစ်ခုမှာ ကျောင်းအပ်လက်ခံနေပုံ
ဓာတ်ပုံ – MOI
#Dailynews

