ဘုတလင်- ၂၀၂၄ နိုဝင်ဘာ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ပြီးခဲ့တဲ့လက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန် အဖမ်းခံရတဲ့ အရပ်သား တွေထဲက သုံးဦးကို မနေ့တုန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
” မနေ့က အန်တီအပါဝင် သုံးယောက် လွှတ်ပေးလိုက်တာ။ အသက်ရွယ်ကြီးသူတွေ လွှတ်တဲ့ သဘောလားတော့ မသိဘူး။ အန်တီတို့က ညီအစ်မနှစ်ယောက်၊ ဘုတလင်မြို့ပေါ်က အမျိုးသားတယောက်။ အဖမ်းခံရတာတော့ ၅၀၊ ၆၀ ရှိတယ်။ အဖမ်းခံရတဲ့ သူတွေကို အတူမထားဘူး။ အဖွဲ့ခွဲပြီးထားတာ။ တစ်ဖွဲ့ကို ၁၁ ယောက် ။ အန်တီတို့အဖွဲ့ကိုတော့ ညှင်းပန်း နှိပ်ဆက်တာမရှိဘူး။ အခြားအဖွဲ့တွေတော့ မသိဘူး ။ အန်တီတို့ကို ဘာမှမခိုင်းဘူး။ အသက်အရွယ်ကြောင့်လားမသိဘူး။ (အသက်က) ၅ဝ ကျော် ၆၀ ဆိုတော့လေ။ အခြားအဖွဲ့တွေက လွတ်၊မလွတ်တော့ မသိဘူး။ အန်တီတို့ အဖွဲ့ကတော့ ၁၁ ယောက်ကို သုံးယောက်လွှတ်ပေးလိုက်တယ်” လို့ မနေ့က လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
သူတို့ကို အောက်တိုဘာ ၁၃ ရက်မှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းခဲ့တာဖြစ်ပြီး ဘုတလင်မြို့မြောက်ဘက်ပိုင်း၊ ရထားသံလမ်းအနီးက ရွာတစ်ရွာမှာ နေထိုင်သူတွေလို့ သူက ပြောပါတယ်။
စက်တင်ဘာလကုန်ပိုင်းတုန်းက ဘုတလင်မြို့ အနောက်ဘမ်းခြမ်းဒေသမှာ စစ်ကြောင်းလိုက်ပြုတ်သွားအောင် တော်လှန်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့နောက် အောက်တိုဘာလ အစပိုင်းကနေစပြီး ဘုတလင်ကျေးလက်ဒေသတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့၊ လူသတ်ဖြတ်ဆီးနေတာကြောင့် နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။
ဒါအပြင် အဲဒီစစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၂၄ ဦး သတ်ဖြတ်ခံခဲ့ရသလို စီပါရွာမှာ လူမဆန်စွာ သတ်ဖြတ်ခဲ့တဲ့ ခြောက်ဦးဖြစ်ရပ်ဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပါတယ်။
ဒီကာလအတွင်း စစ်ကောင်စီစစ်ကြောင်းဟာ ရွာပေါင်းစုံက ဒေသခံ ၅၀ ကျော်ကို ဖမ်းဆီးကာ ဘုတလင်မြို့မှာ ထိန်းသိမ်း ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဘုတလင်အနောက်မြောက်ဒေသကို မီးရှို့ဖျက်ဆီး၊ လူသတ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဘုတလင်အရှေ့ဘက်ခြမ်းဒေသတွေကို စစ်ကြောင်းထိုးတာတွေလုပ်နေသလို ကျေးရွာတချို့ကိုလည်း မီးရှို့တာကြောင့် အရှေ့ခြမ်းဒေသက အင်းတဲရွာဟာ မီးရှို့ခံခဲ့ရပါတယ်။
ပုံစာ- စစ်ကောင်စီစစ်ကြောင်းမီးရှို့၊ လူသတ်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက စီပါကျေးရွာ။
ဓါတ်ပုံ- ဒေါင်းရာဇာစစ်ရှောင်ကူညီရေးအဖွဲ့။
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

