မုံရွာ-၂၀၂၄ ဇူလိုင် ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းက မုံရွာ-မန္တလေးကားလမ်းမပေါ်က စစ်ကောင်စီတပ်သားတွေဟာ ခရီးသည်တင်ယာဉ်တွေကို တားဆီးပြီး သူတို့သွားချင်တဲ့နေရာတွေအထိ ကားတစ်စီးကို အနည်းဆုံးလူနှစ်ဦးကနေ အများဆုံး ၁၅ ဦးအထိ လိုက်ပါလေ့ရှိတယ်လို့ နေ့စဉ်ကြုံနေရတဲ့ကားသမားတွေနဲ့ ခရီးသည်တွေက မော်ကွန်းကိုပြောပါတယ်။
“သူတို့ဂိတ်တွေမှာ လာသမျှကားတိုင်းတားပြီး တက်လိုက်တယ်၊ ပြီးတော့ သူတို့ဆင်းချင်တဲ့နေရာအထိ မောင်းပေးနေရတာ။ အမြဲတမ်းကြုံနေရတာပဲ။ သူတို့ကားတွေနဲ့ လုံးဝမသွားဘူး။ သူတို့ကားတွေကိုကျ ရပ်ထားတယ်” လို့ မုံရွာ-မန္တလေးကားလမ်းပေါ်မှာ နေ့စဉ်သွားလာနေရတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့အသုံးပြုတဲ့ ယာဉ်တွေဟာ မကြာခဏမိုင်းဆွဲခံရတာ၊ ပစ်ခတ်တိုက်ခိုက်ခံရတာတွေ ကြုံနေရတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားကားတွေကို အကာအကွယ်ယူပြီး အသုံးပြုနေတာလို့ ကားသမားတွေက ပြောပါတယ်။
“တနေ့က အလ္လကပ္ပ(ရွာ)အကျော်က ဂိတ်ရောက်တော့ ကျွန်တော်တို့စီးလာတဲ့ကားကော တခြားကားတွေကောတားပြီး ချောင်းဦးက သူတို့ပစ်ခံရတဲ့ ငါးယှန်ရွာနားထိ သူတို့စစ်ကြောင်းကသွားချင်တာ။ ကားတွေပေါ် တစ်စီးကို သုံးလေးယောက်၊ ကျွန်တော်တို့ကားပေါ်ကို ခုနစ်ယောက်တက်လိုက်လာတာ။ ငါးယှန်ကျမှ သူတို့လူပြန်စုပြီး ထွက်သွားကြတာ။ ကားပေါ်မှာတုန်းက ဘယ်ညာခရီးသည်တွေထိုင်နေတဲ့ကြားထဲ လူသွားလမ်းပေါ်မှာ သူတို့က အကာကွယ်ယူပြီး သူတို့ပါလာမှန်းမသိအောင်လိုက်လာတာ။ ပစ်ခံရရင် ခရီးသည်တွေပဲထိမှာ ”လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားကားတွေကို အသုံးပြုပြီး စစ်ကြောင်းထိုးသွားလာမှုတွေလုပ်နေတာကြောင့် မုံရွာ-မန္တလေးလမ်းပိုင်းကို မလိုအပ်ဘဲခရီးမသွားကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကလည်း မကြာခဏ သတိပေးထုတ်ပြန်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက် မနက်ပိုင်းကလည်း မုံရွာ-မန္တလေးကားလမ်းပေါ် ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေတဲ့ကြားထဲ ခရီးသည်တင်ယာဉ်တွေကို မောင်းခိုင်းခဲ့လို့ ခရီးသည်တစ်ဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရခဲ့သလို ခရီးသည်တင်ယာဉ် ရှစ်စီးပျက်စီးခဲ့ပါသေးတယ်။
ပုံစာ-မုံရွာ-မန္တလေးကားလမ်းပေါ် က ခရီးသည်တင်ယာဉ်တစ်စီးကိုအခုရက်ပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ-mawkun

