ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၆ (မော်ကွန်း)
ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်းဖြစ်တဲ့ ခမရ ၅၆၃ ကို အာရက္ခတပ်တော် (AA) တပ်တွေက ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
ဂွမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ – ၅၆၃ နဲ့ ၅၆၂ တပ်ရင်းနှစ်ခု အခြေစိုက်ထားတာပါ။ ခမရ – ၅၆၃ က သံတွဲ-ဂွကားလမ်းပေါ် ဂွမြို့အဝင်က တောင်ကြောပေါ်မှာအခြေစိုက်ထားပြီး ခမရ – ၅၆၂ ကတော့ ဂွမြို့ရဲ့ အရှေ့ဘက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းဘက်ကိုသွားတဲ့ ကားလမ်းပေါ်မှာတည်ရှိတာပါ။
မနေ့က ညနေပိုင်းမှာ ခမရ ၅၆၃ တပ်ရင်းကို AA တပ်တွေက ထိုးစစ်ဆင်ခဲ့တာကြောင့် လက်နက်ကြီးလက်နက်ငယ်တွေ ပစ်ခတ်တိုက်ခိုက်သံတွေ၊ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သံတွေ ကြားနေရပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် AA တပ်တွေဟာ ဂွမြို့အဝင်ဆိုင်းဘုတ်အနီးထိ ရောက်ရှိလာပြီး မြို့ပေါ်ကို ဝင်ရောက်ဖို့အတွက် တဖြည်းဖြည်း နီးစပ်လာပြီလို့ ၎င်း ဒေသခံက ပြောပါတယ်။
“ဒီနေ့တော့ နည်းနည်းပြန်ငြိမ်သွားတယ်။ AA က အင်အားချိန်ဆပြီး တိုက်နေတဲ့ပုံပဲ။ အင်နဲ့အားနဲ့ တိုက်တာတော့မဟုတ်ဘူး။ သုံးလေးငါးယောက်တစ်ဖွဲ့ ပြောက်ကျားပုံစံတွေတိုက်တယ်။ ပစ်တာလည်း ခဏပစ်ပြီးတော့ မြောက်ဘက်ကိုပြန်ဆုတ်သွားလိုက်၊ ပြီးရင်ပြန်တက်လာလိုက်ပေါ့” လို့ ၎င်း ဂွဒေသခံက ပြောပါတယ်။
AA ရဲ့ ထိုးစစ် နီးကပ်လာပြီးနောက် ဂွမြို့ပေါ်ကဒေသခံတွေ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီး ၎င်းဒေသခံအများစုက ဧရာဝတီတိုင်းဘက်ကို အများအပြားစစ်ဘေးရှောင်ကြရပါတယ်။
ဒါ့ပြင် ဂွမြို့နယ်ထဲက တောတောင်တွေနဲ့ လယ်ယာတွေထဲမှာ စစ်ဘေးရှောင်နေကြရတာလည်း အများအပြား ရှိနေတာပါ။
အခုရက်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဂွမြို့ပေါ်က နေအိမ်နဲ့ ဆိုင်ခန်းတချို့ လက်နက်ကြီးထိမှန်ကာ မီးလောင်တာတွေလည်းရှိတယ်လို့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။
“ဘယ်လိုဖြစ်နေလဲတော့ အတိအကျတော့မသိဘူး။ သွားကြည့်လို့လည်း မရတော့ဘူး။ အပြင်ကနေပဲ မြင်ရတာတော့ ဂွမြို့ထဲက မီးခိုးလုံးတွေတက်လာတာတွေ့တယ်။ မြို့အဝင်က ဓါတ်ဆီဆိုင်လည်း မီးလောင်တယ်ကြားတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဂွမြို့နယ်ဟာ ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သလို ဧရာဝတီတိုင်းကိုဝင်တဲ့ ဝင်ပေါက်ဖြစ်တဲ့ ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာရှိတာကြောင့် ရခိုင်ပြည်နယ်နဲ့ ပြည်မကိုဆက်သွယ်ထားတဲ့ ဒေသတွင်း ဗျူဟာကျတဲ့ မြို့တစ်မြို့ပါ။
စစ်ကောင်စီကလည်း မြို့မကျရေးအတွက် ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ခုခံနေပြီး ဧရာဝတီတိုင်း ငသိုင်းချောင်း-ဂွ လမ်းပိုင်းတစ်လျှောက် စစ်ကူတွေနဲ့ လက်နက်ခဲယမ်းတွေ အဆက်မပြတ် ပို့လွှတ်ကာ အင်အားဖြည့်တင်းနေပါတယ်။
အာရက္ခတပ်တော် (AA) တပ်တွေဟာလည်း သံတွဲမြို့ကို သိမ်းပြီးနောက် သံတွဲ-ဂွ လမ်းပိုင်းတစ်လျှောက်ကနေ စစ်ကောင်စီစခန်းတစ်ခုချင်းစီ ထိုးစစ်ဆင်သိမ်းပိုက်လာတာပါ။
ဂွမြို့ပေါ်မှာ စစ်တပ်ကလွဲပြီး ဌာနဆိုင်ရာရုံးတွေအားလုံးကလည်း ဧရာဝတီတိုင်းထဲကို ပြောင်းရွှေ့ဖွင့်လှစ်ထားကာ မြို့ရဲ့ အုပ်ချုပ်ရေးစနစ်လည်း ပျက်စီးသွားပြီဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် ထိုးစစ်ဆင်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ဟာ ထိုးစစ်ကာလ တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် မြို့နယ်ပေါင်း ၁၂ မြို့နယ်ထိ သိမ်းပိုက်ထားနိုင်ခဲ့တာပါ။
ပုံစာ – စစ်ကောင်စီတပ်ရင်းတစ်ခုကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – AA Info Desk

