မြင်းခြံ − ၂၀၂၃ မေ ၂၂ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ မြင်းခြံဗဟိုအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားခုနစ်ဦးကို အကျဥ်းထောင်ဝန်ထမ်းတွေက မနေ့ကနဲ့ ဒီနေ့မနက်မှာလာရောက်ခေါ်ဆောင်သွားပြီးနောက် ဘာသတင်းမှမကြားသိရတော့ဘဲ အဆက်သွယ်ပြတ်နေပါတယ်။
မြင်းခြံဗဟိုအကျဥ်းထောင် အိပ််ဆောင်ဝန်း ၂ က နိုင်ငံရေး အကျဥ်းသားတွေဖြစ်တဲ့ ကိုကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကိုဥက္ကာ၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့်တို့ကို အကျဥ်းထောင်ဝန်ထမ်းတွေက လာခေါ်သွားတာလို့ မုံရွာစီးပွားရေးတက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌ ကိုရှင်းသန့်ကပြောပါတယ်။
” ထောင်ထဲမှာကျန်ခဲ့တဲ့တခြားနိုင်ငံရေးအကျဥ်းသားတွေက ဘာဖြစ်လို့ခေါ်သွားတာလဲ၊ ဘယ်လိုအကြောင်းပြချက်နဲ့ခေါ်သွားတာလဲဆိုတာကို အိပ်ဆောင်မှူးထောင်မှုးကိုသွားမေးပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးသူမသိပါဘူးဆိုပြီးပြောတယ်၊ ခေါ်သွားတာနဲ့ပတ်သက်ပြီးထောင်ပိုင်ကိုမေးပေးမယ်လို့ပြောပေမယ့် အခုထိအကြောင်းမပြန်လာသေးပါဘူး” လို့ ကိုရှင်းသန့်ကပြောပါတယ်။
ခေါ်ဆောင်သွားခြင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဥက္ကာကတော့ ရိုက်နှက်စစ်ဆေးခံရပြီး ကျဆုံးသွားတယ်လို့သိထားရပေမယ့် အတည်မပြုနိုင်သေးဘူးလို့ ကိုရှင်းသန့်က ပြောပါတယ်။
မြင်းခြံဗဟိုအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အခုလို အကြောင်းပြချက်မပေးဘဲ ခေါ်ဆောင်သွားတာမျိုးမရှိဖူးဘူးလို့ သူကပြောပါတယ်။
လက်ရှိ မြင်းခြံဗဟိုအကျဥ်းထောင်တွင်းက အိပ်ဆောင်တွေကိုတံခါးတွေမဖွင့်ပေးဘဲ အိပ်ဆောင်တွေထဲမှာပဲနေခိုင်းထားပြီးတန်းတွေမဖွင့်ပေးတဲ့အပြင် ထောင်ထဲကို ရဲနဲ့စစ်သားတွေရောက်ရှိနေတယ်လို့ သူကပြောပါတယ်။
“ကျန်တဲ့နိုင်ငံရေးအကျဥ်းသားတွေက ခေါ်သွားတာနဲ့ပတ်သက်ပြီးအကြောင်းမပြန်လာရင် ဝေတဲ့ထမင်းဟင်းတွေကိုလက်မခံဘဲ အစာငတ်ခံဆန္ဒပြတဲ့လှုပ်ရှားမှုတွေလုပ်နေတယ်လို့သိရတယ်”လို့ ကိုရှင်းသန့်ကပြောပါတယ်။
#Dailynews

