လာမည့်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်ရှိမဲဆန္ဒနယ်မြေများ၌ ကိုယ်စားလှယ်လောင်း ၆၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) အနေဖြင့် လက်ရှိမဲဆွယ်ကာလတွင် မည်ကဲ့သို့ မဲဆွယ်စည်းရုံးနေသည်၊ ကချင်ပြည်နယ်ရှိ ပြည်သူများ မဲပေးရန် မည်ကဲ့သို့ စည်းရုံးတိုက်တွန်းနေရသည်များကိုသိရှိနိုင်ရန် ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူကို မော်ကွန်းမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားပါသည်။
KSPP ပါတီသည် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) နှင့် ကချင်ဒီမိုကရက်တစ်ပါတီ(KDP) ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ(UNFDP)တို့ ပူးပေါင်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။
အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။
မော်ကွန်း။ ။ COVID – 19 ကပ်ရောဂါ ဖြစ်ပွားနေဆဲကာလမှာ သတ်မှတ်ချက်တွေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်နေရတော့ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံရပါသလဲ။
ဒေါ်ဒွဲဘူ။ ။အဓိကတော့ ကျွန်မတို့က COVID – 19 ကာလဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ မဲဆန္ဒနယ်မြေကလူတွေနဲ့တွေ့တဲ့အခါ အများဆုံး လူ ၅၀ လောက်ပဲ တွေ့ရတော့ ကျွန်မတို့ အကြိမ်ကြိမ်အလီလီတွေ့နေရတာမို့ လူထုနဲ့တွေ့တဲ့နေရာမှာ အခက်အခဲရှိတာပေါ့။ အားလုံးနဲ့ တွေ့နိုင်ဖို့ မလွယ်ဘူး။ တစ်နေ့ကို ငါးပွဲ၊ ခြောက်ပွဲလောက် ကျွန်မတို့ စီစဉ်ရတာပေါ့။ ရပ်ကွက်တစ်ခုတည်းမှာတင် လူအားလုံးနဲ့တွေ့နိုင်ဖို့ အခက်အခဲရှိတယ်။ ပင်လည်းပင်ပန်းတယ်။ နေရာစီစဉ်ရတဲ့အတွက် ပိုပြီးတော့လည်း အကုန်အကျများတာပေါ့။ အရင်ကဆိုရင် တစ်ရပ်ကွက်လုံး တစ်ခါတည်း စုလုပ်လိုက်ရင်ရတယ်။ အခုကျတော့ အချိန်လည်းပိုကုန်တယ်၊ လူလည်းပိုပင်ပန်းတယ်၊ ငွေကြေးလည်း ပိုကုန်တယ်ပေါ့။ အခုဆိုရင် တစ်လကျော်နေပြီ၊ ကျွန်မတို့ လူထုနဲ့ တော်တော်များများ မတွေ့နိုင်သေးဘူး။ အဲဒါကတော့ မြို့ထဲမှာပေါ့။ ရွာဘက်တွေမှာလည်း အခုချိန်အထိ မိုးကရွာနေဆဲဆိုတော့ သွားလာရေးတွေ အခက်အခဲ ရှိပါတယ်။
မော်ကွန်း။ ။ မဲဆန္ဒနယ်မြေထဲက ပြည်သူတွေရော မဲပေးဖို့ ရှင်းရှင်းလင်းလင်း သိကြပြီးလားခင်ဗျ၊ ကိုယ်စား လှယ်လောင်းတွေကရော ဘာတွေ ကြိုးစားပေးနေပါသလဲ။
ဒေါ်ဒွဲဘူ။ ။အခုက COVID ကာလဆိုတော့ CSO တွေလည်း မဲဘယ်လိုပေးရမလဲဆိုတဲ့ အသိပညာပေးမှု အပိုင်းတွေ၊ မဲရုံကို လိုက်ကြည့်တာတွေ သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ဘူး။ ကျွန်မတို့ပဲ မဲဘယ်လိုပေးရမယ်ဆိုတာ လိုက်ရှင်းနေရတော့ ကျွန်မတို့အတွက် ပိုပြီးကြာတာပေါ့။ CSOဘက်က ဘယ်လိုနည်းနဲ့ အသိပညာပေးနေလဲ မသိဘူး၊ ဒါပေမဲ့ အားနည်းချက်တော့ရှိနေတာပေါ့။ အခုက လူထုနဲ့တွေ့ရတာ နည်းတဲ့အခါ လူထုက အခုထက်ထိ မဲပေးဖို့မရှင်းလင်းကြဘူးပေါ့။ အထူးသဖြင့် ကျွန်မတို့ပါတီက အရင်တုန်းကပါတီတွေကိုစုဖွဲ့ပြီးမှ နာမည်အသစ်နဲ့ပြန်လုပ်ထားတဲ့ပါတီဆိုတော့ ပါတီနာမည်တောင်မသိဘူး၊ ကျွန်မတို့ ပါတီကလည်း မှတ်ပုံတင် ကျလာတာမှ တစ်နှစ်ဝန်းကျင်ပဲ ရှိသေးတယ်လေ။ ပါတီမှတ်ပုံတင်လည်းကျပြီးရော COVID ပထမလှိုင်း၊ အခု ဒုတိယလှိုင်းဆိုတော့ လူထုကိုချပြဖို့ ကျွန်မတို့အတွက် အချိန်အရမ်းမလောက်ဘူးပေါ့။ အခုမှပြောတော့ တချို့ဆိုရင် ပါတီအသစ်လိုလို ဖြစ်နေတာပေါ့။ သူတို့ အမြဲတမ်းကြားဖူးနေကျပါတီလောက်ပဲ သူတို့သိတယ်။ ကျွန်မတို့ပါတီကို သိတာနည်းတယ်။ ပါတီကို မသိဘူးဆိုပေမယ့် ကျွန်မတို့ အရင်ကတည်းက လုပ်လာတဲ့ လူတွေ ကိုတော့ လူပုဂ္ဂိုလ်အနေနဲ့ သိကြပါတယ်။ တချို့ကြတော့လည်း စားရေးသောက်ရေးအတွက် အခက်အခဲတွေရှိကြတော့ မဲပေးဖို့ကို သိပ်စိတ်မဝင်စားကြဘူး။
မော်ကွန်း။ ။ ဒီဖြစ်ရပ်တွေအပေါ် ဘယ်လို ကျော်လွှားနေပါသလဲ။
ဒေါ်ဒွဲဘူ။ ။ကျွန်မတို့ ကိုယ်တိုင်ကလည်း တချို့ရပ်ကွက်တွေမှာ ဆိုင်းဘုတ်အကုန်မထောင်နိုင်သေးဘူး။ ကျွန်မတို့ပါတီက ပြည်နယ်အခြေစိုက်ပါတီ၊ ကိုယ့်ခြေ၊ ကိုယ့်လက်ပေါ်မှာ ရပ်တည်တယ်။ ကိုယ့်ငွေကြေးနဲ့ ကိုယ်လုပ်တယ်ဆိုတဲ့အခါကြတော့ လူငယ်တွေနဲ့ pamphlet ဝေတာတို့ Door to Door လုပ်တာတို့အတွက် ပိုက်ဆံလိုတာပေါ့။ ဆိုင်ကယ်ဆီဖိုးတို့ စားစရိတ်တို့ လိုတယ်။ ဆိုင်းဘုတ်တွေ လိုက်လုပ်တာကလည်း ဥပမာ မြစ်ကြီးနားမြို့နယ်အတိုင်းအတာဆိုရင် အများကြီးတင်ရတာပေါ့။ ဒီတော့ တချို့ရပ်ကွက်တွေဆိုရင် ကျွန်မတို့ဆိုင်းဘုတ်တွေ မတင်နိုင်တဲ့အခါကြတော့ ကျွန်မတို့ဘက်က ဘယ်သူပြိုင်မှာလဲဆိုတာတောင် မေးလာတာမျိုး ဖြစ်လာတာပေါ့။ ငွေရေးကြေးရေးလည်း တခြားဘယ်သူ့အထောက်အပံ့မှလည်း ရှိတာမဟုတ်တော့ အရမ်းအခက်အခဲရှိတယ်။ ပါတီကြီးတွေဆိုရင် အများကြီးသုံးနိုင်တော့ နေရာတိုင်းမှာဆိုင်းဘုတ်တွေ တွေ့ရတယ်။ ကျွန်မတို့ ကြတော့ အဲဒီလို ပြည့်ပြည့်စုံစုံမလုပ်နိုင်ပါဘူး။ အများကြီးအကျပ်အတည်းတွေ ဖြစ်သွားတာပေါ့။
မော်ကွန်း။ ။ KSPP က လက်ရှိအာဏာရပါတီအပြင် တခြားပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့အပြိုင် မဲဆွယ်ရတာဆိုတော့ လူထုနဲ့ ထိတွေ့မှုအပိုင်းမှာ ကွာဟချက် ဘယ်လိုမျိုးရှိပါသလဲ။ အားသာချက်၊ အားနည်း ချက်တွေကိုလည်း ပြောပေးပါဦး။
ဒေါ်ဒွဲဘူ။ ။အဓိကတော့ သူတို့ မဲဆွယ်တဲ့နေရာကို ကျွန်မတို့မသွားဘူး။ ဒါပေမဲ့ ရွာသားတွေ ပြန်ပြောလို့ ကျွန်မကြားရတာက အာဏာရပါတီက ပြည်သူတွေကို ဘာလိုသလဲဆိုပြီး တံတားလိုရင် တံတားလုပ်ပေးမယ်ပေါ့။ ဒါမဲဆွယ်တာပဲလေ။ ဒါက ပြည်သူ့ဘဏ္ဍာငွေနဲ့ မဲဆွယ်နေတယ်ဆိုတာ ကျွန်မတို့က ပါတီအချင်းချင်းဆိုတော့ သိတာပေါ့။ ပြည်သူတွေကတော့ ဘာပဲပြောပြော အစိုးရ လုပ်ပေးတာလို့ပဲ သူတို့က သတ်မှတ်တာကိုး။ သူတို့ကို ဒါလုပ်ပေးတယ်၊ လုပ်ပေးတဲ့သူမှလည်း သူတို့က မဲထည့် ရမယ်ပေါ့။ သူတို့စိတ်ထဲမှာ အဲဒီလိုပဲရှိတာကိုး။ ကျန်တဲ့ အာဏာရပါတီမဟုတ်တဲ့သူတွေကြတော့ လောလောဆယ်မှာ လုပ်ပေးမယ်ဆိုလည်း ကျွန်မတို့က အနာဂတ်မှာမှ လုပ်ပေးလို့ရတာကိုး။ သူတို့က လက်ရှိအစိုးရဆိုတော့ သူတို့ကို ပိုပြီး အယုံအကြည်ရှိတာပေါ့။ တကယ်လို့ လက်ရှိ အာဏာရပါတီက သူတို့ မနိုင်ဘူးဆိုရင်လည်း လက်ရှိပြောထားတဲ့ကတိကို နောက်အစိုးရက ပြည်သူတောင်းထားတဲ့ဟာတော့ မဖြစ်မနေ ဆက်လုပ်ပေးရမှာပဲလေ။ လောလောဆယ် ပြည်သူတွေက လမ်းလုပ်ပေးမယ်၊ တံတားလုပ်ပေးမယ်၊ ကျောင်းဆောက်ပေးမယ်ဆိုရင် အဲဒီလို လုပ်ပေးမယ်ဆိုတဲ့လူကို သူတို့ကမဲပေးတာပဲ။ ကျွန်မတို့ကျတော့ လောလောဆယ် အစိုးရမဟုတ်တဲ့အခါမှာ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုတဲ့ ကတိတော့ မပေးနိုင်ဘူးပေါ့။ မဲနိုင်ပြီး လွှတ်တော်ထဲရောက်တဲ့အခါကြမှ ကျွန်မတို့က လုပ်ပေးနိုင်မှာ။ သူတို့က လက်ရှိ အာဏာရှိနေတော့ ပြောရဲတာပေါ့နော်။ အဲဒါမျိုးလေးတွေတော့ ကွာခြားတယ်။
နောက်တစ်ချက်က သူတို့က အစိုးရအနေနဲ့သွားတဲ့အခါကြတော့ ပြည်သူတွေစီစဉ်ထားတဲ့ ဟောခန်းတို့၊ ဘာတို့ မှာ ပြည်သူတွေနဲ့ စနစ်တကျတွေ့ဆုံနိုင်တာပေါ့။ ကျွန်မတို့ကြတော့ UEC နဲ့ ကျန်းမာရေးဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့အတိုင်း အိမ်ဆိုရင်လည်း အိမ်ပေါ့၊ မဏ္ဍပ်ဆိုရင်လည်း မဏ္ဍပ်ထိုးပေါ့။ ခြောက်ပေအကွာ ကျွန်မတို့လုပ်ရတဲ့အခါကြတော့ အများကြီးကွာခြားပါတယ်။ အာဏာရတဲ့အပိုင်းနဲ့ အာဏာမရသေးတဲ့ အထူးသဖြင့် တိုင်းရင်းသားပါတီတွေနဲ့ သွားတာလာတာကအစ ပြည်သူတွေရဲ့အမြင်မှာ လုံးဝမတူဘူးပေါ့။ ဒါတွေက ဘယ်မျှတမလဲ။ ဒီလို မဲဆွယ်ရမယ်ဆိုတာ ဒါက လုပ်ထုံးလုပ်နည်းလည်း မဟုတ်ဘူးလေ။ ဒါပေမဲ့ သူတို့က လက်ရှိအစိုးရဖြစ်နေတဲ့အခါကြတော့ သူတို့လာပြောတဲ့စကားဆိုရင် ပြည်သူက အယုံအကြည်ရှိတာပေါ့။ ဒါတွေ ကလည်း ပြည်သူဆီကပဲ ပြန်ကြားတာပေါ့၊ ကျွန်မတို့ကိုယ်တိုင် သွားထိုင်တာတော့မဟုတ်ဘူးပေါ့။
မော်ကွန်း။ ။ အရင်က တိုင်းရင်းသားပါတီတွေ ပြည်နယ်တွေမှာ အားကောင်းမယ်ဆိုပြီး မှန်းထားကြတယ်၊ အခုက COVID ဝင်သွားတာဆိုတော့ မှန်းထားသလို အားကောင်းနိုင်ပါ့မလား။
ဒေါ်ဒွဲဘူ။ ။ ဒီအဖြေမထွက်ခင် မဲဆွယ်မှုတွေ ကျွန်မတို့ဘက်က အားကောင်းအောင် အပြည့်အဝ လုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်မတို့တိုင်းရင်းသားပါတီတွေ အားကောင်းလာတယ်၊ အလုပ်လုပ်လာတယ်ဆိုရင် အဖျက်စကားတွေလည်း အများကြီးပြောလာတာပေါ့။ ကောလာဟလတွေ Facebook တင်ပြီး ပေါ်တင်လည်း ပြောနေတာပါပဲ။ ဒီတိုင်းရင်းသားပါတီတွေ အနိုင်ရရင်တောင် ဖွဲ့စည်းပုံလည်း မပြင်နိုင်ဘူး၊ ဒီပြည်နယ်တစ်ခုမှာပဲ ပြိုင်တဲ့အတွက် အစိုးရလည်း မဖွဲ့နိုင်ဘူးပေါ့။ အစိုးရဖွဲ့နိုင်မှာ မဟုတ်တဲ့အတွက် ဘာမှပြည်သူအတွက်လည်း လုပ်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့ဟာတွေ၊ လက်ရှိအနိုင်ရပါတီဆိုရင်လည်း သူတို့အောက်မှာပဲ လုပ်ပါဆိုတဲ့ဟာတွေ ရှိတယ်။ နောက်သူတို့ အစိုးရဖြစ်မှ တပ်မတော်ကို နိုင်အောင်လုပ်နိုင်မှာပေါ့။ ကျွန်မတို့တိုင်းရင်းသားတွေ လူတစ်စုတစ်ဖွဲ့နဲ့တော့ မပြောင်းလဲနိုင်ဘူး၊ ဒီလိုတွေပြောတော့ ပြည်သူလူထုကလည်း ဝေဝါးတာတွေ အများကြီး ဖြစ်တာပေါ့။ တကယ်တမ်းက ကျွန်မတို့တိုင်းရင်းသားတွေက ကိုယ်ဒေသမှာ ကိုယ်နိုင်အောင် ကြိုးစားမယ်။ ပြီးရင် ဟိုဘက်ပြည်ထောင်စုမှာတော့ ကျွန်မတို့တိုင်းရင်းသားပါတီတွေအားလုံး လက်တွဲဖြစ်ထားတယ်လေ။ ဒါပေမဲ့ ပြည်သူအားလုံးက ဒီကဏ္ဍတွေကို မသိနိုင်ဘူးလေ။
မော်ကွန်း။ ။ KSPP က ပြည်မဘက်က ပါတီတွေနဲ့ ပြည်နယ်ဘက်က ပါတီ ဘယ်ပါတီကို အဓိကထားပြီး ပြိုင်ရမယ် ထင်လဲ။
ဒေါ်ဒွဲဘူ။ ။ကျွန်မတို့ အဓိကထားပြီး ပြိုင်ရမှာက NLD ပါပဲ။ နောက် ကြံ့ခိုင်ရေးရှိရင် ရှိမယ်။ ပူတာအိုတို့ ဘာတို့ဆိုရင်တော့ ကြံ့ခိုင်ရေးပေါ့။
မော်ကွန်း။ ။ COVID ကြောင့်မို့ တချို့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ဆန္ဒရှိကြ တယ်။ KSPP အနေနဲ့ရော ဘာလို သဘောထားရှိပါသလဲ။
ဒေါ်ဒွဲဘူ။ ။အဲဒါနဲ့ပတ်သက်လို့ ကျွန်မတို့ချိတ်ဆက်ထားတဲ့ ပြည်နယ်ပါတီတွေနဲ့ တိုင်ပင်ကြည့်တာ နေပြည်တော်၊ ရန်ကုန်အခြေစိုက်ပါတီတွေကတော့ အဲဒီလို ရွှေ့ဖို့ဆိုပြီးပြောကြတယ်။ သူတို့လည်း သူတို့အခြေအနေအရ တင်ပြတာနေမယ်။ ကျွန်မတို့ ပြည်နယ်အခြေစိုက်ပါတီတွေ တိုင်ပင်လိုက်တဲ့အခါကြတော့ ပြည်နယ်တွေဘက်မှာ COVID ကလည်း ဒီလောက်ကြီး မဖြစ်ဘူးပေါ့။ ကချင်မှာတော့ ဖြစ်တဲ့နေရာတွေ နည်းနည်း Lockdown လုပ်ထားတာတော့ ရှိတာပေါ့။ ရခိုင်ကတော့ ဆိုးတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ ငါးပါတီပေါ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ဒေသတွေမှာက ဒီလောက်မဖြစ်တဲ့အခါကြတော့ ဒီအတိုင်းပဲ ဆက်လုပ်သွားဖို့ပေါ့။ UEC က လုပ်မယ်ဆိုရင်လည်း ကျွန်မတို့က လုပ်သွားမှာပဲ။ UEC က ရွှေ့မယ်ဆိုလည်း ကျွန်မတို့အနေနဲ့ သိပ်ပြီး စောဒကတက်ဖို့ မရှိပါဘူး။ ဒါပေမဲ့ လက်ရှိအနေအထားမှာ မဲလာထည့်တာ နည်းသွားမလားလို့ ကျွန်မစိုးရိမ်မိတယ်။ နောက်တစ်ခု စိုးရိမ်တာက COVID ဖြစ်နေတော့ တစ်ရက်တည်းနဲ့ အချိန်မီ မဲထည့်နိုင်ပါ့မလားပေါ့။ အဲဒါလေးတွေ စိုးရိမ်တာပေါ့။
မော်ကွန်း။ ။ မဲပေးနှုန်း ကျဆင်းသွားခဲ့ရင် တိုင်းရင်းသားပါတီတွေရဲ့ အောင်နိုင်ရေးအပေါ် ဘယ်လောက် သက်ရောက်နိုင်မလဲ။
ဒေါ်ဒွဲဘူ။ ။ မဲလာပေးတဲ့နှုန်း လျှော့သွားရင်တော့ ပါတီအောင်နိုင်ရေး ထိခိုက်တာပေါ့။ ကျွန်မတို့က တစ်မဲသာ အနိုင်ရစနစ်ဆိုတော့ များများလာအားပေးတဲ့ပါတီကတော့ နိုင်သွားမှာပေါ့။ ကိုယ့်လူတွေက တစ်မဲ လောက်လာမပေးတာနဲ့ ကျွန်မတို့ရှုံးသွားနိုင်တယ်။ တစ်ယောက်လောက်ပိုလာတာနဲ့လည်း ကျွန်မတို့ နိုင်သွားနိုင်တယ်။ အဲဒီအပေါ်မှာလည်း မူတည်တယ်။
#Interview

