ရန်ကုန် – ၂၀၂၅ ဇူလိုင် ၂၅ (မော်ကွန်း)
ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်တဲ့ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ကာ ဖွင့်လှစ်လိုက်ပြီလို့ ဒီနေ့မှာ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာကနေတဆင့် ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်ဟာ KNU ၊ KNLA နဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေ ပိတ်ဆို့ထားတဲ့ ဒီလမ်းကို ပြန်ဖွင့်နိုင်ဖို့အတွက် ဒီနှစ် ဧပြီမှာ စတင်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ထိုးစစ်ကာလ သုံးလကျော်အကြာမှာ ပြန်ဖွင့်လှစ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီထိုးစစ်ကာလအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲကြီး ခုနစ်ကြိမ်၊ ထိတွေ့တိုက်ပွဲ ၈၅ ကြိမ် ထိဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ မဟာမိတ်တော်လှန်ရေး တပ်တွေဘက်ကလည်း စစ်ကောင်စီတပ်ဟာ DKBA တပ်တွေနဲ့ ပူးပေါင်းကာ ဖျက်အားပြင်း ဒုံးလက်နက်တွေ၊ ဟောင်ဝှစ်ဇာ အဝေးပစ်မြှောက်တွေနဲ့ အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့အတွက် ဒီလမ်းပိုင်းကနေ ယာယီဆုတ်ပေးလိုက်ရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတချို့မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းမှာရှိတဲ့ နွားခြံကုန်း၊ ငါးတိုင်နဲ့ အင်းကြီးရွာတွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့ပေါ်နဲ့ ကော့ကရိတ်မြို့တွေကို ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် ဒီလမ်းပိုင်းက ကျေးရွာအများစုကိုတော့ KNLA နဲ့ တော်လှန်ရေးတပ်တွေက စိုးမိုးထားနိုင်တာပါ။
လက်ရှိမှာတော့ နှစ်ဖက် လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေသေးပြီး စစ်ကောင်စီတပ်က အပြည့်အဝ ထိန်းချုပ်ထားနိုင်တာမျိုး မဟုတ်သေးဘူးလို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ဒီလပိုင်းထဲမှာ သူတို့က ဘားအံဘက်ကနေ အလုံးအရင်းနဲ့တက်လာတယ်။ DKBA က လမ်းပြပေးတယ်လို့တော့ ပြောကြတယ်။ အမှန်က အဲဒီရွာတွေက ကရင်ရွာတွေများတယ်။ KNU ဘက်က အချိန်မရွေးပြန်ဝင်လာနိုင်တယ်။ တိုက်ပွဲတော့ ဆက်ဖြစ်နိုင်သေးတယ်” လို့ ၎င်းဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိစစ်ကောင်စီထိန်းချုပ်လိုက်တဲ့ ကျုံဒိုး-ကော့ကရိတ် လမ်းဟာ ထိုင်းနယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီနဲ့ ဘားအံ၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွေကို ဆက်သွယ်ထားပြီး ကရင်ပြည်နယ်ရဲ့ အဓိကကျတဲ့ လမ်းပိုင်းတစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိမှာ KNLA နဲ့ တော်လှန်ရေးမဟာမိတ်တွေဟာ ကော့ကရိတ်-မြဝတီ လမ်းပိုင်းကိုတော့ ဆက်လက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်ဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပါတယ်။
စစ်ကောင်စီဟာ အခုလို ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ပေမယ့် ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသရဲ့ သုံးပုံတစ်ပုံခန့်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဆီကို လက်လွှတ်ထားရပါတယ်။
ဒီလပိုင်းထဲမှာ ထိုင်းနယ်စပ်မျဉ်းအနီးက စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ဥကရစ်ထဗျူဟာကုန်းကို KNU နဲ့ တော်လှန်ရေးတပ်တွေ သိမ်းလိုက်ပြီးနောက်မှာ မြန်မာနဲ့ ထိုင်း ထိစပ်နေတဲ့ နယ်နိမိတ် ကီလိုမီတာပေါင်း ၂,၄၀၀ ကျော်အနက် KNU တပ်တွေက ကီလိုမီတာ ၈၀၀ ခန့်ထိ သိမ်းယူပြီးဖြစ်တယ်လို့ ဒေသတွင်း ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ ISP-Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ်က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးဗျူဟာကုန်းတစ်ခုဖြစ်တဲ့ ဝေါလေဗျူဟာကို လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး ဒီဗျူဟာကို သိမ်းနိုင်ခဲ့ရင်တော့ ကရင်ပြည်နယ်က ထိုင်းနယ်စပ်မျဉ်းတစ်ခုလုံးကို စစ်ကောင်စီတပ်က လက်လွှတ်ရတော့မှာပါ။
ပုံစာ – ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာ
ဓါတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့်သတင်းစာ

