ကျိုက်မရော – ၂၀၂၄ ဇူလိုင် ၂၁ (မော်ကွန်း)
ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ်နဲ့လွှစင်ကုန်းလမ်းဆုံကို ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး ၂၀ ကျော်ပျောက်ဆုံးနေသေးကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
“ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ စားဖိုဆောင်နားမှာ ကလေးတွေ ကစားနေကြတာ၊ လေယာဉ်ဗုံးလာကြဲတော့အများကြီးသေသွားတယ်၊ အလှူနဲ့တိုက်သလိုဖြစ်သွားတာ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
သေဆုံးတဲ့အထဲမှာ အရပ်သားအလောင်း ၁၄ လောင်းရရှိထားပြီး ကလေးသူငယ်၊ ကိုယ်ဝန်သည်တွေပါ ပါဝင်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း အနည်းဆုံး သုံးဦးလောက်သေဆုံးနိုင်ပြီး သေဆုံးမှုကိုတော့ စစ်ကြောင်းမှူးက ထုတ်ဖော်မပြောဖို့မှာကြားထားတယ်လို့သိရပါတယ်။
မော်ကွန်းက ရရှိထားတဲ့ သတင်းအချက်အလက်တွေအရတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကျဆုံးမှုမှာ ကေအဲန်ယူ တပ်မဟာ ၆ လက်အောက်ခံ ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battaliion စစ်ကြောင်းကဖြစ်ပါတယ်။
ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀း၀၀ နာရီဝန်းကျင်မှာ နေပြည်တော် အေလာလေတပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာနှစ်စီးဟာ ဒီနေရာတွေကို ပေါင် ၃၀၀ လို့ယူဆရတဲ့ ပြင်းအားမြင့်ဗုံးတွေကြဲချခဲ့တာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ကျိုက်မရောမြို့နယ်မှာ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ကေအဲန်ယူ၊ ဒီကေဘီအေ၊ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားပါတယ်။
အခုနှစ် မတ်လကုန်တုန်းကလည်း ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်းတွေကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင် မီးလောင်ခဲ့ရပြီး အရပ်သား ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ရပါတယ်။
ပုံစာ – ဗုံးကြဲခံရတဲ့ မြင်ကွင်းများ။
ဓါတ်ပုံ – Supplied

