ချောင်းဦး-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အနီးက ညောင်ပင်တဲရွာကို စစ်ကောင်စီတပ်တွေ မနေ့ကစီးနင်းပြီး ဒေသခံတစ်ဦးကို သတ်ကာ ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေတစ်ရာကျော် ပျက်စီးသွားတယ်လို့ ချောင်းဦးဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ အခုလအစောပိုင်းကတည်းက ချောင်းဦးမြို့နယ်ထဲက ကင်းမွန်တော်ရွာကို ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး သူတို့နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလည်းပါတယ်လို့ ချောင်းဦးကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
“အသတ်ခံရတဲ့သူက ဦးဇော်ဝင်း၊ အသက်၅၀ ကျော်ပြီ။ သူကစစ်ကြောင်းအခြေအနေကြည့်ရင်း ဖမ်းခံရပြီး သတ်ခံလိုက်ရတာ။ ရွာကိုတော့ သူတို့ပြန်အထွက်မှာ ရှို့ထားခဲ့တာ။ ဘာမှမကျန်တော့ဘူး။ တစ်ရွာလုံးနီးပါးပဲ၊ ပြာကျသွားပြီ၊ အကောင်းဆိုနည်းနည်းကျန်တော့တာ” လို့ ချောင်းဦးဒေသခံတစ်ဦးက ဆိုပါတယ်။
ရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ အင်အားတစ်ရာဝန်းကျင်ရှိပြီး ရွာကနေပြန်အထွက်မှာ ရွာထဲက ရိတ်သိမ်းထားတဲ့ စပါးတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုယူဆောင်သွားပြီး ကျွဲနွားတချို့ကိုပါ သတ်ဖြတ်ထားခဲ့သေးတယ်လို့ သူကဆိုပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ညောင်ပင်တဲရွာဟာ အိမ်ခြေနှစ်ရာကျော်ရှိတဲ့ရွာတစ်ရွာဖြစ်ပြီး တောင်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ရွာမီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ ချောင်းဦးမြို့ပေါ်ကို ပြန်ရောက်သွားပြီဖြစ်ပေမယ့် ညောင်ပင်တဲရွာက ဒေသခံတွေကတော့ အချိန်မရွေးစစ်ကြောင်းပြန်ထိုးခံရမှာစိုးရိမ်လို့ ထွက်ပြေးနေကြတယ်လို့ ချောင်းဦးဒေသံတွေကပြောပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုလ ၁၃ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝှန်းက ပျက်ဆီးဆုံးရှုံးခဲ့တဲ့ နေအိမ်ပေါင်း ၇၇,၀၀၀ ကျော် အထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ ညောင်ပင်တဲရွာ။
ဓာတ်ပုံ-CRN

