ကောလင်း-၂၀၂၃ နိုဝင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်းမြောက်ပိုင်းက ရွှေဘို-မြစ်ကြီးနားသွား ကားလမ်းနဲ့ရထားလမ်းဆုံမြို့ ကောလင်းကို လေးရက်ကြာ ထိုးစစ်ဆင်ပြီးနောက် အလုံးစုံသူတို့ထိန်းချုပ်လိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။
ဒါဟာ အာဏာသိမ်းစစ်ကောင်စီကို အထိနာစေပြီး မြို့လေးမြို့နဲ့ စစ်စခန်းပေါင်းတစ်ရာကျော်အထိ သိမ်းထားနိုင်ပြီဖြစ်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တွေရဲ့ ‘ ၁၀၂၇ စစ်ဆင်ရေး’ ကို ထောက်ခံပြီး ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ NUG က ကြွေးကျော်ပြီးနောက် ၁၀ ရက်အကြာမှာ ခရိုင်မြို့ကြီးတစ်မြို့ကို ပထမဆုံးအကြိမ် သိမ်းလိုက်နိုင်တာ ဖြစ်ပါတယ်။
ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ကားလမ်း၊ရထားလမ်းဆုံမြိုဖြစ်တဲ့ ဒီမြို့ကို သိမ်းဖို့ အမှတ်(၁)စစ်ဒေသ၊ ကောလင်းခရိုင် ကွပ်ကဲရေး အစီအစဉ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့ပေါ်က ကျောင်း၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ မြေစာရင်းရုံးနဲ့ မြဝတီဘဏ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဒီလ ၃ ရက်နေ့ကတည်းက မြို့ကိုဝိုင်းပြီးတိုက်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ထိုးစစ်ကြောင့် နောက်ဆုံးမှာ လက်နက်ချအညံ့ခံလိုက်ကြတယ်လို့ ကောလင်းဒေသခံတချို့က မော်ကွန်းကို ပြောပြပါတယ်။
“ ရဲစခန်းက မနေ့က ညနေငါးနာရီလောက်က ရတာ။ ရဲစခန်းကျတော့ အဲဒီက စစ်ကောင်စီတပ်သားတွေက ထွက်ပြေးပြီး ထွေအုပ်ရုံးမှာ သွားပေါင်းတာ။ ဒီနေ့မနက်ပဲ ထွေအုပ်ရုံးကို သိမ်းလိုက်နိုင်တယ်” လို့ ကောလင်း မြေပြင်တိုက်ခိုက်ရေးအဖွဲ့တွေနဲ့ နီးစပ်တဲ့မြို့ပေါ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ကောလင်းမြို့ပေါ်က မြေပြင်အခြေအနေတွေကို ဖော်ပြနေတဲ့ Kawlin Revolution-KR ရဲ ထုတ်ပြန်ချက်အရ သူတို့မြို့ကို ဝိုင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး တုန့်ပြန်တယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေက လူနေရပ်ကွက်တွေထဲ ကျရောက်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် မြေပြင်စာရင်းမရသေးဘူးလို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေ နောက်ဆုံးခုခံနေတဲ့ ထွေအုပ်ရုံးနေရာကို သူတို့ ဝိုင်းဝန်းတိုက်ခိုက်ရာမှာ ဒီနေ့မနက် ၈ နာရီခန့်မှာ အလံဖြူပြပြီး လက်နက်ချခဲ့ကြတဲ့အတွက် တိုက်ပွဲပြီးဆုံးခဲ့ပြီး လေးရက်ကြာတဲ့ မြို့သိမ်းတိုက်ပွဲအတွင်း ကောလင်းခရိုင်တပ် ရင်း(၁)က တပ်စုမှူးတစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ သူတို့ကလည်း နောက်ဆုံးအချိန်ထိ ခံချသေးတယ်။ ဘယ်လိုမှမရတဲ့အဆုံးကျမှ မိသားစုတွေက အလံဖြူတွေထောင်ပြီး ထွက်ပြေးတာ ” လို့ ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ကိုရောက်နေတဲ့ ကောလင်းမြို့ခံတစ်ဦးကတော့ မနေ့ကအထိ မိဘ၊ မောင်နှမတွေနဲ့ အဆက်အသွယ် ရနေသေးပေမယ့် ဒီနေ့မနက်ပိုင်းကစပြီး အဆက်အသွယ်ပြတ်တောက်သွားလို့ စိတ်ပူနေရတယ်လို့ မော်ကွန်းကို ပြောပါတယ်။
KR ရဲ့ ထုတ်ပြန်ချက်အရ မြို့ပေါ်မှာ လျှပ်စစ်မီး ဖြတ်တောက်ထားသလို အင်တာနက်၊ ဝိုင်ဖိုင်နဲ့ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ကောလင်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အခုသတင်းရေးနေချိန်အထိ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။
ဒါပေမဲ့ ပြင်းထန်နေဆဲ မြောက်ပိုင်းမဟာမိတ်တွေရဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ကိုတော့ တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့အပတ်ကကျင်းပတဲ့ သူ့ဝန်ကြီးအဖွဲ့ အစည်းအဝေးမှာ ပြောကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။
မြို့နယ်ပေါင်း ၃၇ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်း စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ဒေသအခြေစိုက်အဖွဲ့အစည်းပေါင်း ရာနဲ့ချီရှိပါတယ်။
စစ်ကိုင်းတိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတော်လှန်စစ်အားကောင်းတဲ့ ဒေသတစ်ခုဖြစ်ပြီး မြန်မာပြည်ရဲ့ နောက်ဆုံးပေါ် ပဋိပက္ခနယ်မြေအသစ်တစ်ခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်းပြီး သုံးနှစ်လောက်အတွင်း စစ်ကောင်စီဘက်က ဒီဒေသထဲက ခုခံတော်လှန်ရေးအင်အားစုတွေကိုနှိမ်နင်းရင်း အများပြည်သူပိုင်အိုးအိမ်တွေကို အကြမ်းဖက်ဖျက်ဆီးတာကြောင့် သောင်းနဲ့ချီတဲ့ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ပဋိပက္ခကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေက စာရင်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-ကောလင်းမြို့ပေါ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဆီက သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းများ
ဓာတ်ပုံ-NUG-MOD

