ရန်ကုန်- ၂၀၂၃ စက်တင်ဘာ ၁၄ (မော်ကွန်း)
အိန္ဒိယနယ်စပ် တမူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကလေး-တမူး ကားလမ်းကို ယခုရက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
အဆိုပါ ကလေး-တမူး ကားလမ်းဟာ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအရ အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် ယခုနှစ် ဇွန်လပိုင်းမှာ လမ်းကိုပိတ်ထားရတာပါ။
အဆိုပါ လမ်းကြောင်းပိတ်ထားတဲ့အတွက် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေဖြစ်နေတာဖြစ်ပြီး လမ်းပိတ်ထားတာ သုံးလနီးပါးအကြာမှာတော့ လမ်းကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။
ကလေး-တမူးလမ်းပေါ်ကို ဆိုင်ကယ်တွေနဲ့ ကားလေးတွေ မနေ့ကစတင်ဖြတ်သန်းခွင့်ပြုခဲ့ပြီး ကလေးမြို့ကနေ နေ့ချင်းပြန် ခရီးသည်တင်ကားလေးတွေလည်း စတင်ပြေးဆွဲနေပြီလို့ “ချင်းတောင်တန်း” ခရီးသည်ကားလေးဝန်ဆောင်မှုလုပ်ငန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လမ်းခရီးအခြေအနေက ကားကြီးတွေတော့ တက်လို့ရနိုင်မရနိုင်တော့ သိပ်မသေချာသေးတော့ ကားကြီးသမားတွေက စောင့်နေတုန်းပဲ။ တမူးဘက်ကနေလည်း ကားတွေတက်လာတာရှိတယ်။ ကလေးကနေတော့ ခရီးသည်တင်ကားတွေတော့ ထွက်နေကြပါတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိမှာ ကုန်တင်ယာဉ်တွေအနေနဲ့ လမ်းကြောင်းအခြေအနေကို စောင့်ကြည့်နေကြပြီး တစ်စီးနှစ်စီးခန့် စတင်ဖြတ်သန်းနေပြီလို့ ကလေး-တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။
“လောလောဆယ်တော့ ကုန်တင်ကားတွေတော့ ဖြတ်လို့မရသေးဘူးထင်တယ်။ မိုးတွင်းဆို လမ်းဆိုးတာနဲ့ လမ်းမှာ တိုက်ပွဲဘာညာရှိလာမှာ ကြောက်တာကြောင့် စောင့်ကြည့်နေတာပေါ့။ အဆင်ပြေရင် တက်လာဖို့ စောင့်နေတာလည်း အများကြီးပဲ။ လမ်းက ပိတ်ထားတာကြာပြီဆိုတော့ ပြန်တက်ချင်ကြသူတွေတော့ အတော်များတယ်” လို့ တမူးနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်သူတစ်ဦးကလည်း ပြောပါတယ်။
တမူး-ကလေး ကားလမ်းပေါ်က ပန်းသာကျေးရွာအနီးမှာ ယခုနှစ် ဇွန်လလယ်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ခမ်းပတ်-တမူးလမ်းပိုင်းကို စတင်ပိတ်ခဲ့ရပြီး ဇူလိုင်လပိုင်းမှာ ခမ်းပတ်မြို့အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားတဲ့အတွက် ကလေး-တမူး လမ်းပိုင်းတစ်လျှောက်လုံးကို ဆက်လက်ပိတ်ထားရတာပါ။
လမ်းပိတ်ထားတာကြောင့် အိန္ဒိယနယ်စပ် တမူးမြို့မှာ ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ဖြစ်ပွားခဲ့ရတယ်လို့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းပိတ်စကတော့ ကြက်ဥတစ်လုံး ၈၀၀ လောက်ထိ ဖြစ်သွားတယ်။ နောက်ပိုင်း အသေးစားကုန်စည်တွေကတော့ ခမ်းပတ်လမ်းကနေ ပြန်ပတ်ပြီးလာလို့ ရလာတယ်။ အဲ့ဒါကလည်း ပတ်ပြီးသွားရလို့ စရိတ်ကအရမ်းများတယ်။ ဆိုင်ကယ်နဲ့ပဲ သွားလို့ရတဲ့လမ်းဖြစ်နေတော့ ဆိုင်ကယ်ကယ်ရီခပဲ သိန်းချီတယ်” လို့ တမူးဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ကိုဗစ်ကာလတည်းက ရပ်တန့်နေတာဖြစ်ပြီး တမူးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို အိန္ဒိယဘက်က ၂၀၂၀ မတ်လပိုင်းက စတင်ပိတ်ထားခဲ့တာဖြစ်ပါတယ်။
ပုံစာ – ပြန်ဖွင့်ထားတဲ့ ကလေး-တမူးလမ်းပိုင်း
ဓာတ်ပုံ – Sakura Phoe Tin
#Dailynews

