ကလေး – ၂၀၂၁ နိုဝင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ကျောက်ပြုတ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး နှစ်ဘက်ထိခိုက်မှုတွေရှိကြောင်း ဒေသခံတွေကပြောပါတယ်။
မနေ့ မနက် ၁၀ နာရီဝန်းကျင်က ကလေးမြို့နယ်၊ တောင်ပိုင်းကျောက်ပြုတ်ရွာမှာ စစ်အခြေစိုက်စခန်းအဖြစ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို PDF (ကလေး)အဖွဲ့ဝင်များက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း PDF (ကလေး) တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနယ်မြေထက်ဝက်ကျော်အထိ ဝင်ရောက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီးများ ဆက်တိုက်အသုံးပြုလာသည့်အပြင် ဟံသာဝတီရွာဘက်ကလည်း တောက်လျှောက် လက်နက်ကြီးပစ်ကူပေးနေခဲ့လို့ မွန်းလွဲတစ်နာရီခန့်မှာ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း PDF က ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ငါးဦးသေဆုံးနိုင်ပြီး PDF (ကလေး)ဘက်က နှစ်ဦး ကျဆုံးခဲ့ကြောင်း PDFက အသိပေးပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။
ကျောက်ပြုတ်ရွာထဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေတပ်စွဲနေထိုင်နေဆဲဖြစ်ပြီး ဒေသခံတွေကတော့ ဘေးလွတ်ရာကိုတိမ်းရှောင်နေရလို့ ရွာမှာနေထိုင်ခြင်းမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲများဖြစ်ပွားနိုင်သည့်အခြေအနေရှိနေတာကြောင့် ပြည်သူများလုံခြုံရေးသတိနဲ့ ဂရုပြု နေထိုင်ကြဖို့ PDF(ကလေး)က အသိပေးထားပါတယ်။
#Dailynews

