မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၁၇ (မော်ကွန်း)
မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာရွက်တွေကိုသစ်ပင်တွေ၊ ဓါတ်တိုင်တွေမှာ လိုက်ကပ်နေပြီး ကွာကျသွားရင် အနီးနားက ရပ်ကွက်တွေ တစ်ရပ်ကွက်လုံး ရိုက်နှက်ခံရမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်စာရွက်ထဲမှာ PDF တွေကို အကြမ်းဖက်တွေလို့စွပ်စွဲထားပြီး ၎င်းတို့ ခိုအောင်းနေထိုင်တဲ့ နေအိမ်များကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်ကြောင်း ပါရှိပါတယ်။
ဒါအပြင် PDF တွေကိို လက်ခံနေထိုင်ခွင့်ပြုတဲ့ ကျေးရွာတွေကို စုစည်းရွာတွေအဖြစ် ရွှေ့ပြောင်းမှာဖြစ်ပြီး NLD ပါတီကိုလည်း အစွန်းရောက်အကြမ်းဖက်မှုတွေဆောင်ရွက်နေတာကြောင့် မြန်မာ့မြေပေါ်တွင် ရပ်တည်ခွင့်မရှိတော့ကြောင်း ဖော်ပြထားပါတယ်။
NLD ပါတီ၏ လက်ပါးစေများ PDFများ အမြစ်ပြတ်ချေမှုန်းခံရမည်ဖြစ်ကြောင်း၊ PDFများ အလင်းဝင်ရန်နဲ ပြည်သူလူထုက ရဲတပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်း၍ အမြစ်ပြတ်ချေမှုန်းမယ်လို့ ရေးသားထားပါတယ်။
“သေချာကပ်ထားဆိုပြီး ပေးသွားတယ်။ ကွာသွားရင် တစ်ရပ်ကွက်လုံး အကုန်ရိုက်မယ်ပြောတယ်”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဝါဒဖြန့်စာရွက်တွေကို စျေးဆိုင်တွေရဲ့မိက်နှာစာတွေမှာလည်း ကပ်သွားပြီး ကွာရင်ပြန်ကပ်ထားဖို့ပြောသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မန္တလေးမြို့မှာ ယာဥ်တွေနဲ့လှည့်လည်နေပြီး မကြာခဏ ဖမိးဆီးစစ်ဆေးတာတွေလည်း ပြုလုပ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။
ပုံစာ – မန္တလေးကျုံးဘေးမှာ ကပ်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စာရွက်။
ဓာတ်ပုံ-Cj
#Dailynews