နှစ်နှစ်ပြည့် NCA

၂ဝ၁၇၊ အောက်တိုဘာ ၁၅ ရက် နေပြည်တော် MICC I မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) သဘောတူလက်မှတ်ရေးထိုးခြင်း နှစ်နှစ်မြောက် အခမ်းအနားတွင် နှုတ်ဆက်အမှာစကားပြောကြားရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်ကို မသိကျိုးကျွံပြုနေပါက ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဒီမိုကရေစီကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်၍ သူတစ်လူငါတစ်မင်းစနစ်ကို ထူထောင်လိုခြင်း၊ ပြည်ထောင်စုနှင့်ပြည်သူလူထု အကျိုးစီးပွား မျက်ကွယ်ပြုလိုခြင်းဟု ယူဆရမည်ဖြစ်ကြောင်း၊ NCA စာချုပ်အခြေခံမူ ပထမအချက်ဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ထူထောင်ရန် ဖြစ်ကြောင်း၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေး အာမခံချက်များ အပြည့်အဝပေးထားပြီးဖြစ်ကြောင်း၊ ဒီရည်မှန်းချက်တွေကို ဒီမိုကရေစီနည်းလမ်း၊ ငြိမ်းချမ်းသောနည်းလမ်း၊ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းတွေ ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနှင့်အညီ တည်ဆောက်သွားရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ဦးစွာ NCA စာချုပ်ကို လက်မှတ်ထိုးရန် လိုအပ်ကြောင်း အကျယ်တဝင့် ဆွေးနွေးရှင်းပြသွားခဲ့ပါတယ်။

 

Illustration – MAUNG NOE

NCA စာချုပ်ကို သမ္မတဦးသိန်းစိန်လက်ထက် ၂ဝ၁၁၊ သြဂုတ်က အစိုးရ၊ တပ်မတော်နဲ့ UNFC တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ဖြစ်လာဖို့ အားလုံးဝိုင်းဝန်း စုပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုပြီး ဒေသဖွံ့ ဖြိုးရေးလုပ်ဆောင်နေတဲ့ ‘ဝ’အဖွဲ့ (UWSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့ NCA စာချုပ် ညှိနှိုင်းဆွေးနွေးကြရာမှာ မပါဝင်ခဲ့ကြပါဘူး။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့လည်း လေ့လာသူအဖြစ်သာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း လက်မှတ်ရေးထိုးကြချိန်မှာတော့ တပ်မတော်ရဲ့ ပါဝင်ခွင့် ငြင်းဆိုကန့်သတ်ခြင်းကြောင့် ပလောင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ပါဝင်လက်မှတ်ရေးထိုးခွင့် မရခဲ့ကြပါဘူး။ ဒီလို အားလုံးပါဝင်ခွင့်မရတဲ့အတွက် ကချင်အဖွဲ့ (KIO) အပါအဝင် UNFC အဖွဲ့ဝင် ခုနစ်ဖွဲ့က NCA မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါကြောင့် NCA စာချုပ် ရေးဆွဲစဉ်က ပါဝင်ခဲ့တဲ့ အဖွဲ့ ၁၆ ဖွဲ့ အနက် UNFC က ခြောက်ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့ NCA ညှိနှိုင်းရေးဆွဲခဲ့စဉ်က လေ့လာသူအဖြစ်သာ ပါဝင်ခဲ့ကြတဲ့ RCSS နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေက လက်မှတ်ရေးထိုးရာမှာ ပါဝင်လာခဲ့ကြတဲ့အတွက် NCA ကို လက်မှတ်ထိုးတဲ့ အဖွဲ့ရှစ်ဖွဲ့အထိ ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ စာရင်းအရ တရားဝင်တည်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၂၁ ဖွဲ့ ရှိပါတယ်။ အဲဒီအထဲက အဖွဲ့ဝင်အရေအတွက် အများဆုံးဖြစ်တဲ့ UNFC က ၁၆ ဖွဲ့လုံး NCA စာချုပ် ညှိနှိုင်းရေးဆွဲရာမှာ ပါဝင်ခဲ့ကြပါတယ်။ မြန်မာပြည်မှာ အင်အားအကြီးမားဆုံးဖြစ်တဲ့ ဝ-မိုင်းလားအဖွဲ့တွေကလည်း အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ထားပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နေခဲ့တာ ဆယ်စုနှစ်နှစ်ခု ကျော်ခဲ့ပြီဖြစ်လို့ အေးဆေးတည်ငြိမ်နေခဲ့တာ ကြာပါပြီ။ တကယ်လို့သာ တပ်မတော်အနေနဲ့ အဲဒီအချိန်က ခွဲခြားကန့်သတ်မှုတွေ မလုပ်ခဲ့ဘူး၊ အားလုံးပါဝင်ရေးကို လက်ခံခဲ့မယ်ဆိုရင် မြန်မာပြည်မှာ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းစွာ တိုင်းပြည်ဖွံ့ဖြိုးရေး၊ တည်ဆောက်ရေးတွေ လုပ်နိုင်ခဲ့တာ အတော်ကြာနေလောက်ပါပြီ။ ဒီအဖွဲ့တွေအားလုံး ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးလိုလားတဲ့ဆန္ဒ ပြင်းပြစွာနဲ့ NCA စာချုပ်ရေးဆွဲရာမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတာပါ။ လက်မှတ်ရေးထိုးချိန်ကျမှ တပ်မတော်ရဲ့ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ‘ဆင်ပြောင်ကြီး အမြီးတစ်’နေရတဲ့ အခြေ ဆိုက်သွားခဲ့ကြတာပါ။ ဒီအခြေအနေအောက်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအရ EAO အဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တွေ ဖွဲ့ဖို့ တပ်မတော်က စစ်ရေးဖိအားတွေ ပေးလာတဲ့အခါ တကယ်တမ်း NCA လက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုတာ အနည်းစုဖြစ်သွားရတာပါ။

ပြန်လည်သုံးသပ်ရေး

NCA လက်မှတ်ရေးထိုးပွဲ နှစ်နှစ်ပြည့်မြောက်ချိန်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအပေါ် အမြင်သဘောထားတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။ NCA လက်မှတ် ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ ရှိခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ဗုဒ္ဓဘာသာအဖွဲ့ (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာ နိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ တွေပဲ ဖြစ်ကြပါတယ်။ ဒီအဖွဲ့တွေ အားလုံးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအစည်း အဝေးအပြီးမှာ NCA စာချုပ် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်တဲ့ ညှိနှိုင်းအစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပခဲ့ကြတယ်။ ဒီပြန်လည်သုံးသပ်ရေး အစည်းအဝေးတွေက ထွက်ပေါ်လာတဲ့ သဘောထားကတော့ တတိယအကျော့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကျင်းပချိန်မှာ ခိုင်မာတဲ့ နိုင်ငံရေးဆိုင်ရာ မူဘောင်တစ်ရပ် ထွက်ပေါ်လာဖို့ ကြိုးပမ်းမယ်လို့ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။ NCA ရဲ့ ဘယ်နိုင်ငံရေးမူဘောင်ကို ပြင်ချင်တာလဲဆိုတာတော့ အတိအကျ သိခွင့်မရကြသေးပါဘူး။

ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော်ကတော့ ” NCA စာချုပ်ဟာ နှစ်ဖက်ကြား၊ နှစ်ဖွဲ့ ကြား သဘောတူရေးစာချုပ်မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ဖြစ်တယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အနှစ်သာရ ပြည့်စုံလုံလောက်မှုမရှိလို့ လက်တွေ့ အကောင်အထည်မဖော်နိုင်ဘူး။ ဒါကို အထူးသဖြင့် အစိုးရနဲ့တပ်မတော်ဘက်က ဖော်ဆောင်နိုင်ခြင်း မရှိဘူး။ ဒါကြောင့် အဓိကအားဖြင့် အစိုးရနဲ့ တပ်မတော်ဘက်မှာ တာဝန်ရှိတယ်။ အခုက အားလုံးပါဝင်ရေးကို မဆောင်ရွက်နိုင်ကြတော့ အရင်တပ်မတော်အစိုးရအဆက်ဆက် လုပ်ခဲ့ကြတဲ့ ကွက်ကျားအပစ်အခတ်ရပ်စဲရေးပုံစံပဲ ဖြစ်နေတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပီပြင်အောင် အစိုးရနဲ့ တပ်မတော်အနေနဲ့ အားလုံးပါဝင်ရေးကို အလေးထားကြိုးပမ်းသင့်တယ်”လို့ သဘောထား ဖော်ပြသွားခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ RCSS အဖွဲ့ကတော့ ညီလာခံမှာ ပါဝင်ဆွေးနွေးတဲ့ အစုအဖွဲ့ ခုနစ်ဖွဲ့ ဖြစ်နေခြင်းဟာ မျှတမှုမရှိတဲ့ အစုအဖွဲ့ပုံစံ ဖြစ်နေတဲ့အတွက် ပြင်ဆင်စေချင်တယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အစုအဖွဲ့တွေကို တစ်ဖွဲ့တည်း စုစည်းလိုက်ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ ပါဝင်တဲ့ သုံးပွင့်ဆိုင် စုဖွဲ့ဆွေးနွေးရေးပုံစံ ဖြစ်စေချင်တဲ့ သဘောထား ရှိပါတယ်။ ဒါ့အပြင် ညီလာခံမှာ ဆွေးနွေးတင်ပြကြမယ့် ကဏ္ဍငါးခုကိုလည်း ညီလာခံရဲ့ သဘောဆန္ဒကို ရယူပြီး လိုအပ်သလို ပြင်ဆင်တိုးချဲ့စေလိုတယ်။ ဒါ့အပြင် ရှမ်းလူမျိုးတွေရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ တောင်ကြီးမှာ ကျင်းပခွင့်တောင်းဆိုမှုကို တပ်မတော်က မထောက်ခံတဲ့အတွက် အခုအချိန်အထိ မကျင်းပနိုင်သေးတာကိုလည်း မကျေလည်မှုတွေ ရှိနေကြပါတယ်။ NCA လက်မှတ်ထိုးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း RCSS နဲ့ တပ်မတော်တို့အကြား တိုက်ပွဲပေါင်း ၂ဝ ကျော် ဖြစ်ပွားခဲ့ရတယ်လို့လည်း RCSS အတွင်းရေးမှူး ၃ ဗိုလ်မှူးကြီးစိုင်းဝင်းက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း တကယ်လို့ မူဘောင်တွေသာ ပြင်ဆင်ခွင့်ပေးမယ်ဆိုရင် NCA ကို လက်မှတ်ထိုးမယ့် အဖွဲ့တွေ ပိုများလာနိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

တကယ်တော့ NCA ရဲ့ မူဘောင်တွေ ပြင်ဆင်ပေးရေးဆိုတာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ ရှစ်ဖွဲ့ရဲ့ ဆန္ဒသဘောထားသာ မဟုတ်ပါဘူး။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေရော နိုင်ငံရေးပါတီတွေပါ အားလုံးမှာ ရှိနေကြတဲ့၊ တူညီတဲ့ သဘောဆန္ဒပါ။ ဒါပေမဲ့ တပ်မတော်ကတော့ NCA မှာ ပါဝင်တဲ့ စကားလုံးတွေ၊ စာသားတွေက အစ ဘာမှ ပြင်ဆင်ဖို့ သဘောထားမရှိကြောင်းကို ပြတ်ပြတ်သားသား ပြောကြားထားပြီး ဖြစ်ပါတယ်။ NCA ဖွဲ့စည်းပုံအရ ဒီလို မတူတဲ့ အမြင်သဘောထားတွေ ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ခေါ်ယူကျင်းပပေးရမှာ ဖြစ်ပါတယ်။ JICM အစည်းအဝေးကျင်းပပြီး ညှိနှိုင်းဆွေးနွေးလို့ မပြေလည်ခဲ့ရင် ငြိမ်ချမ်းရေးလုပ်ငန်းစဉ် ရှေ့မတိုးဘဲ နောက်ဆုတ်သွားမှာကို စိုးရိမ်မှုတွေလည်း ရှိနေပုံပါပဲ။

လက်မှတ်မထိုးသူများ

ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကတော့ NCA လက်မှတ်ထိုးဖို့ အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးလိုတဲ့ အချက်ရှစ်ချက် တင်ပြထားခဲ့ပါတယ်။ သြဂုတ်အတွင်းက ကျင်းပတဲ့ အစိုးရနဲ့ UNFC တို့ရဲ့ ခြောက်ကြိမ်မြောက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ အစည်းအဝေးမှာ အဆိုပြု တင်ပြထားတဲ့ အချက်ရှစ်ချက်အနက် ၁ မှ ၄ အထိ အချက်အလက်တွေကို ညှိနှိုင်းသဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ စက်တင်ဘာအတွင်းက ကျင်းပတဲ့ DPN ခုနစ်ကြိမ်မြောက် အစည်းအဝေးမှာတော့ မူလသဘောတူထားတဲ့ လေးချက်ကို ပြန်လည်ဆွေးနွေးကြဖို့ ငြိမ်းချမ်းရေးကော်မရှင်က ထပ်မံအဆိုပြုလာပြန်ပါတယ်။ တပ်မတော်ကလည်း ဆွေးနွေးသဘောတူမှုတွေဟာ NCA က ချမှတ်ထားတဲ့ ဘောင်ကို ကျော်လို့မရဘူးဆိုပြီး သတိပေးခဲ့ပြန်ပါတယ်။ ဒီတော့လည်း DPN ခြောက်ကြိမ်မြောက် အစည်းအဝေးရဲ့ သဘောတူညီချက်တွေဟာ ပျက်ပြယ်လို့ သွားခဲ့ရပြန်ပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေ ဖြစ်တဲ့ ဝအဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်အဖွဲ့ (KIO)၊ ရှမ်းအဖွဲ့(SSPP)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ပလောင်အဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA) တို့ အဖွဲ့တွေကတော့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး (FPNCC) ကော်မတီ ဖွဲ့စည်းပြီး NCA ကို လက်မခံနိုင်တဲ့အပြင် NCA နဲ့ မတူတဲ့ အပစ်ရပ်စာချုပ် မူကြမ်းတစ်စောင်ကို ဆွေးနွေးဖို့ တင်ပြထားပါတယ်။ ဒါပေမဲ့ အစိုးရနဲ့တပ်မတော်ကတော့ NCA လမ်းကြောင်းအတိုင်း ကိုင်စွဲလိုက်ပါဖို့သာ သဘောထားရှိပြီး FPNCC အဖွဲ့ကိုလည်း အသိအမှတ်ပြုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် တစ်ဖွဲ့ချင်းစီ ဖြစ်နိုင်တဲ့ နည်းသဏ္ဌာန်နဲ့ ဆွေးနွေးနိုင်အောင် ညှိနှိုင်းနေကြဆဲ ဖြစ်ပါတယ်။

အနေအထား၊ အလားအလာ

ဆိုရရင် NCA လက်မှတ်ထိုးပွဲ အခမ်းအနားမတိုင်မီ NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းအားထုတ်နေကြရင်း ဆွေးနွေးဘက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအတွင်းမှာ အုပ်စုသုံးစု ကွဲသွားခဲ့ပါပြီ။ NCA လက်မှတ်ထိုးတဲ့ UNFC အဖွဲ့၊ NCA လက်မှတ်မထိုးတဲ့ UNFC အဖွဲ့နဲ့မြောက်ပိုင်း (FPNCC) အဖွဲ့တွေပဲ ဖြစ်ကြပါတယ်။ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေကိုယ်တိုင် နိုင်ငံရေးမူဘောင် ပြင်ဆင်ခွင့်ရရေးအတွက် JICM အစည်းအဝေးခေါ်ဆိုပေးဖို့ တောင်းဆိုနေကြပါတယ။် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွင်းမှာ ကန့်သတ်ချက်မထားဘဲ အားလုံးပါဝင်ခွင့်ပြုဖို့ လိုလားလျက် ရှိကြပါတယ်။ တစ်ချိန်တည်းမှာ အပစ်ရပ်လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ရော လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ပါ အဆက်မပြတ် စစ်ရေးတိုက်ပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကွက်ကျားမိုးရွာထားတဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေပါ NCA လုပ်ငန်းစဉ်တွေဟာ ယေဘုယျ နိုင်ငံရေးလမ်းပြမြေပုံသာဖြစ်ပြီး ခိုင်မာပြည့်စုံမှု မရှိသေးတဲ့အတွက် ဆက်လက် ဆွေးနွေးညှိနှိုင်းပြုပြင်လိုတဲ့ ဆန္ဒတွေ ပြင်းပြနေကြပါတယ်။ ဒါပေမဲ့ တပ်မတော်က ပြုပြင်ပြောင်းလဲရေး မဆိုထားနဲ့ စကားလုံး၊ စကားပိုဒ်က အစ အထိမခံနိုင်ဘူးဆိုတော့ ငြိမ်းချမ်းရေးရထားကြီးလည်း ရှေ့ဆက်မတက်နိုင်ဘဲ လမ်းခုလတ်မှာတင် ရပ်နေပြီလို့ အများစုက အကဲဖြတ်ခဲ့ကြပါတယ်။ NCA နှစ်ပတ်လည်ပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ NCA ကို အကောင်းမြင်သူဆိုလို့ နှစ်ဦးပဲ ရှိပါတယ်။ (CNF) ချင်းအဖွဲ့က ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ (PNLO) ပအို့ဝ်အဖွဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ နှစ်ဦးပဲ ဖြစ်ပါတယ်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၁ မှာ အောက်တိုဘာ ၁၅ ရက်က ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း နှစ်နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားရာမှာ ”ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးတွင် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ အပြီးအပြတ် ချမှတ်နိုင်သည်အထိ ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန်” လို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

NLD ပါတီ ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရသစ် တက်လာပြီးနောက် ၂ဝ၁၆၊ စက်တင်ဘာမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို ဃြဗ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ တက်ရောက်စေခဲ့ပြီး ၎င်းတို့ရဲ့ သဘောထားအမြင်တွေကို စာတမ်းဖတ်ကြားခွင့် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချနိုင်ခဲ့ကြပါဘူး။ ၂၁ ရာစုပင်လုံ ပထမအကျော့အပြီးမှာတော့ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သုံးပွဲ၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ သုံးပွဲ၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ပွဲ  ကျင်းပနိုင်ခဲ့ပါတယ်။ ဒီသဘောထားတွေကို စုစည်းပြီး ၂ဝ၁၇ မေမှာ ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအကျော့ အစည်းအဝေးမှာတင်ပြတော့ အချက် ၃၇ ချက်ကို သဘောတူခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအဖြစ် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်တွေဟာ တစ်ပြည်လုံးအတိုင်းအတာနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပရ သေးတဲ့အတွက် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ အနေအထား မရှိသေးပါဘူး။ နောက်ထပ် ပြည်နယ်လေးခုနဲ့ တိုင်းဒေသကြီး ၁၂ ခုရဲ့ သဘောထားတွေ စုစည်းပါဝင်ခြင်း မရှိသေးပါဘူး။ အထူးသဖြင့် တပ်မတော်ရဲ့ သဘောထားကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်မရသေးတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့က ဒီလိုအခွင့်အရေး မရရှိမှုကို မကျေလည်ကြသေးပါဘူး။ ဒီလိုအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းသလို ၂ဝ၁၇၊ ဒီဇင်ဘာမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ ဖက်ဒရယ်အခြေခံမူတွေ အပြီးအပြတ် ချမှတ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။ ရခိုင်ပြည်နယ်အရေး ရင်မအေးဖွယ် ကြုံနေရတဲ့ အခြေအနေမျိုးမှာ ၂ဝ၁၈ အတွင်း ပြီးပြတ်နိုင်ရင် ကံကောင်းလို့ပဲ မှတ်ယူရမယ့် အနေအထားပါ။

လက်ရှိအနေအထားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တစ်ဆင့်တက် အောင်မြင်ချင်တယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး လိုလားနေတဲ့ (၁) NCA စာချုပ်ကို ပြန်လည်သုံးသပ်ပြင်ဆင်ခွင့် (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံး တန်းတူရည်တူ ပါဝင်ခွင့်ပေးရေးတွေပဲ ဖြစ်ပါလိမ့်မယ်။          ။

၂၀၁၇-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၁) မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."