နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်နှင့်အညီ AAကို စစ်ဆင်ရေးပြုလုပ်နေကြောင်း တပ်မတော်ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မှာကြားချက်နှင့်အညီ AAကို စစ်ဆင်ရေးပြုလုပ်နေကြောင်း တပ်မတော်ပြော

ကျော်ဇေယျ
ဇန်နဝါရီ-၁၈

ရဲကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သော ရက္ခိုင့်တပ်မတော် ( AA- Arakan Army) ကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသားချေမှုန်းရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားခဲ့သည့်အတိုင်း တပ်မတော်မှ စစ်ဆင်ရေးများကို ဆောင်ရွက်နေသည်ဟု ယနေ့ နေပြည်တော်တွင်ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇန်နဝါရီ ၄ ရက် နံနက်စောစောပိုင်းတွင် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းလေးခုကို AA အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က သမ္မတအိမ်တော်တွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကာ ယင်း အစည်းအဝေးတွင် “ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ AA အဖွဲ့ဟာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သာဖြစ်တယ်။ ထိထိရောက်ရောက်၊ လျှင်လျှင်မြန်မြန်၊ ပြတ်ပြတ်သားသားချေမှုန်းရန် မှာကြားခဲ့ပါတယ် ” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဒုတိယဥက္ကဌ၊ ဗိုလ်ချုပ်ထွန်းထွန်းညီက ယနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ဆက်ပြီးသူက “ တကယ်လို့ မချေမှုန်းနိုင်ခဲ့လို့ရှိရင် နိုင်ငံတကာမှနေပြီးတော့မှ ARSA ကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာဟာ ဘာသာခြားမို့လို့ တိုက်ခိုက် ခဲ့တာလား။ AA ကြတော့ တိုင်းရင်းသားဖြစ်နေလို့ မချေမှုန်းသလား စသဖြင့် လက်ညိုးထိုးစရာဖြစ်လာနိုင်တယ်။ဒါကြောင့်မို့ ပြတ်ပြတ် သားသားချေမှုန်းရန်လိုအပ်တဲ့အတွက် မှာကြားတာဖြစ်ပါတယ်” ဟု ဆိုသည်။

AA ၏ ရဲကင်းစခန်းများ တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၄ရက်နေ့ကတည်းက နိုင်ငံတော်သမ္မတရုံးကလည်း တပ် မတော်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး တပ်မတော်ရဟတ်ယာဉ်များသုံးစွဲရန်လည်း ညွှန်ကြားခဲ့ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ရှင်းလင်းပွဲတွင် ပြောသည်။

AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး စစ်ဆင်ရေးပြုလုပ်ခဲ့သည့် ဇန်နဝါရီ ၅ရက်မှ စတင်ပြီး ပြီးခဲ့ သည့် ၁၆ ရက်နေ့အထိ ထိတွေ့မှုတိုက်ပွဲပေါင်း ၈ ကြိမ်ရှိခဲ့ပြီး၊ မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၅ ကြိမ်ရှိခဲ့ကြောင်း ယနေ့ သတင်း စာရှင်းလင်းပွဲတွင် တပ်မတော်ဘက်မှ ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော်(AA) နှင့် တပ်မတော်တို့၏ တိုက်ပွဲဖြစ်ပွားမှုသည် နှစ်အလိုက်မြင့်တက်လာကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၅ တွင် ၁၅ကြိမ်၊ မိုင်းဖြစ်စဉ်တစ်ကြိမ်။ ၂၀၁၆ တွင် ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၀ ကြိမ်။ ၂၀၁၇ တွင် ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ငါးကြိမ်။ ၂၀၁၈ တွင် ၆၁ကြိမ်၊ မိုင်းဖြစ်စဉ် ၁၉ ကြိမ်။ ၂၀၁၉ ဇန်နဝါရီ ၄ ရက် ရဲကင်းစခန်းများ တိုက်ခိုက်မှု ဖြစ်စဉ်မတိုင်မှီ အထိ ထိတွေ့တိုက်ပွဲဖြစ်မှု ၈ ကြိမ်အထိ တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ၂၀၁၈၊ ဒီဇင်ဘာ ၂၁ တွင် တပ်မတော်မှ စစ်တိုင်းငါးတိုင်းတွင်အပစ်ရပ်စဲကြောင်း ကြေညာရာတွင် ရခိုင်ပြည် နယ်ပါဝင်သည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ဒေသကို ထည့်သွင်းမကြေညာခြင်းသည် ယင်းဒေသတွင် ၂၀၁၆နှင့် ၂၀၁၇ တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ပြန်လည် ဝင်ရောက်တိုက်ခိုက်ရန် သတင်းများရရှိနေသည့်အတွက် ထည့်သွင်းမကြေညာခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်သည်။

ယနေ့ သတင်းစာရှင်းလင်းပွဲကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ သုံးဦးက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

  • #mawkun
  • #magazine
  • #chronicle



အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."