မြို့ပြလောင်းရိပ်အောက်က ဒုတိယမြို့ပြ နိုင်ငံတော်

မြို့ပြလောင်းရိပ်အောက်က ဒုတိယမြို့ပြ နိုင်ငံတော်

ဓာတ်ပုံ- သန်းနိုင်ဦး

မန္တလေးမြို့ရဲ့ တောင်ဘက်ယွန်းယွန်း မိုင် ၃ဝ လောက်မှာ ပင်းယမြို့ဟောင်းရှိတယ်။ အရင်က ဒုတိယမြို့ပြနိုင်ငံတော် တည်ဆောက်နိုင်ခဲ့တဲ့ အထိ အင်အားတောင့်တင်းခဲ့တဲ့ ပင်းယက အခု တော့ တံတားဦးမြို့နယ်ထဲက အိမ်ခြေရာ ဂဏန်းသာရှိတဲ့ ကျေးရွာအုပ်စုလေး ဖြစ်နေပြီ။ သူ့ခေတ်သူ့အခါက ဆင်တပ်၊ မြင်းတပ်ချီရာမှူးကြီးမတ်ရာသေနာပတိတွေ သွားလာ ဝင်ထွက်ရာ ရွှေလမ်းငွေလမ်းဖြစ်ခဲ့ပေမယ့် အခုထိ အဲဒီမင်းလမ်းပေါ်မှာပဲ ထော်လာဂျီတွေ တဝူးဝူးခုတ်မောင်းနေတယ်။ တရုတ်ဆိုင်ကယ် တွေလွန်းထိုးနေတယ်။ လယ်ထဲယာထဲက ပြန်လာတဲ့ လှည်းတွေဟာ ကောက်လှိုင်း တွေ အပြည့်အမောက်တင်ပြီး တအီအီ မောင်းနှင်နေတယ်။

ပင်းယကျေးရွာလေးက ပကတိ တိတ်ဆိတ်ငြိမ်သက်နေ တယ်။ မြို့ကြီးပြကြီးနဲ့ လက်တစ်ကမ်းအကွာသာ ဝေးပေမယ့် ကျေးလက်ဒေသရဲ့ စရိုက်တွေ အပြည့်အဝရှိနေသေးတယ်။ တံ တားဦး-ကျောက်ဆည် ကားလမ်းနံဘေး၊ ရန်ကုန်-မ္တနလေးအမြန် လမ်းမကြီး အရှေ့ဘက်ခြမ်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိ နေတယ်။ နှစ်ရာချီသက်တမ်းရှိတဲ့ မန်ကျည်းပင်အုပ်အုပ်တွေက ကားလမ်းကို မိုးပေးထားတယ်။ ပင်းယကျေးရွာနဲ့ ကပ်လျက်မှာ စကားအင်းကျေးရွာအုပ်စုရှိတယ်။ စကားအင်းရွာက ပင်းယရွာ ထက် ကြီးတယ်။ ပင်းယရွာက တောင်ရွာ၊ အလယ်ရွာ၊ မြောက် ရွာဆိုပြီး ရွာသုံးရွာ ပေါင်းထားတာပါ။ သုံးရွာပေါင်းမှ အိမ်ခြေ ၂ဝဝ ဝန်းကျင်သာ ရှိတယ်။ စကားအင်းရွာက အိမ်ခြေတစ်ထောင် ကျော်ရှိတယ်။

ပင်းယနေပြည်တော်ကို သက္ကရာဇ် ၆၇၄ ခုနှစ်မှာ တည်ခဲ့ တယ်။ ပုဂံခေတ်နှောင်းပိုင်းမှာ ပင်းယကို တည်ခဲ့ကြတာပါ။ ပင်းယခေတ်ပြီးမှ အင်းဝကို တည်ခဲ့တာ ဖြစ်ပါတယ်။ အင်းဝမြို့ ဟောင်းကလည်း တံတားဦးမြို့ထဲမှာ ရှိတယ်။ အင်းဝမှာ ဆင်ကျုံး ခံတပ်၊ မြို့ရိုး၊ ကျုံး၊ မျှော်စင်တို့ အကောင်းအတိုင်း ကျန်သေးပေ မယ့် ပင်းယမှာတော့ နန်းမြို့ရိုးနဲ့ ကျုံးက မရှိတော့ဘူး။ ခရီးသွား ဧည့်သည်အများစုက အင်းဝမြို့ဟောင်းဘက်သာ သွားကြပြီး ပင်းယဘက်ကို              မသွားကြဘူး။ ပင်းယမှာ လေ့လာစရာ မရှိဘူးလို့ ယူဆကြတာလည်း ပါတယ်။

ဓာတ်ပုံ- သန်းနိုင်ဦး

ပင်းယမှာ လေ့လာစရာ အနည်းငယ် ကျန်နေပါသေးတယ်။ အနည်းဆုံးတော့ ကျေးလက်ရဲ့ လူမှုဘဝတွေ လေ့လာလို့ ရနေ သေးတယ်လေ။ ပင်းယမှာ ရွှေစည်းခုံ၊ မြစည်းခုံ၊ အောင်စည်းခုံ ဆိုတဲ့ စည်းခုံသုံးဆူ ဖူးမြော်နိုင်တယ်။       ဂူကြီးသုံးလုံးကို လေ့လာ နိုင်တယ်။ ပင်းယနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ရွှေတောင်တော်ပေါ် တက်ရောက်နိုင်တယ်။ တောင်ယာလုပ်ငန်းခွင်ဝင်နေကြသူတွေ ထံ တောလုပ်ငန်းအကြောင်း လေ့လာနိုင်သေးတာပေါ့။

တံတားဦးမြို့က အသက် ၈ဝ အရွယ် ကဗျာကဝိကြီး ကိုလေး(အင်းဝဂုဏ်ရည်) ကို ပင်းယမှာ ဘာတွေပေါသလဲလို့ မေးကြည့်တယ်။ ”ပင်းယမှာ ဘုရင်ခြောက်ဆက် မင်းနေပြည် တော် ဖြစ်ခဲ့သဗျာ။ သက္ကရာဇ် ၆၇၄ ကနေ ၇၂၆ အထိ မင်းပြုခဲ့ တာပေါ့။ လောကနီတိကို ပါဠိလိုရေးတဲ့ စတုရင်္ဂအမတ်ဆိုတာ ထွက်ပေါ်ခဲ့တယ်။ (လောကနီတိ မြန်မာပြန်ကိုတော့ ဆရာတော် ဦးဗုဓ်က ရေးခဲ့တာပါ။) ဗုဒ္ဓသာသနာတော်မှာ ငယ်စဉ်က ဆူး တွင်းထဲ ပစ်ချခံခဲ့ရတဲ့ ဆူးတွင်းပစ်ဆရာတော်ဆိုတာ ပင်းယ ခေတ်မှာ ပေါ်ခဲ့တာတွေပေါ့” လို့ ပြောတယ်။

ဓာတ်ပုံ- သန်းနိုင်ဦး

ဆူးတွင်းပစ်ဆရာတော် ငယ်စဉ်က စူးစူးဝါးဝါးအော်ဟစ် ငိုယိုတာကြောင့် ဖခင်ဖြစ်သူက အမျိုးမျိုး ချော့မော့တယ်။ ဆရာ တော်လောင်းလျာက အငိုမရပ်ပါဘူး။ ဖအေဖြစ်သူက သည်းမခံ နိုင်တဲ့အဆုံး ဆူးတွင်းထဲ ပစ်ချခဲ့ရပါသတဲ့။ ကိုရင်ဘဝရောက် တော့ ဖခင်ကိုယ်တိုင် ပုဂံကို စာပေကျမ်းဂန်သင်ယူဖို့ လိုက်ပို့ တယ်။ စာပေတတ်မြောက်တဲ့အခါ ဇာတိ ပင်းယ ပြန်ကြွလာ တယ်။ ခမည်းတော်က ဆရာတော်ကို နေ့စဉ် ဆွမ်းလုပ်ကျွေးတယ်။

ဆူးတွင်းပစ်ဆရာတော် ပင်းယ ပြန်ရောက်ချိန်မှာ ဥစ္စနာ မင်း ထီးနန်းစံချိန် ဖြစ်တယ်။ စတုရင်္ဂအမတ်ကို ဆရာတော် စာ တတ်၊ မတတ် စစ်ခိုင်းတယ်။ အလွန်ခက်ခဲတဲ့ အဘိဓမ္မာကျမ်း ကြီးကျမ်းငယ်တွေကို ရတုနဲ့ မေးတယ်။ ဆရာတော်က ရတုနဲ့ ပြန် ဖြေတယ်။

ရှေးမင်းတွေက နေပြည်တော်တွေကို မြစ်နီးကမ်းနီးမှာ တည်ခဲ့ကြတယ်။ ပုဂံ၊ ရွှေဘို၊ အင်းဝ၊ မန္တလေး၊ ဟံသာဝတီ၊ သရေ ခေတ္တရာ၊ ကေတုမတီ စတဲ့ နေပြည်တော်အားလုံး မြစ်ကမ်းနဖူး မှာ တည်ခဲ့ကြတာတွေချည်းပဲ။ ပင်းယနေပြည်တော်လည်း ပန်း လောင်မြစ်အနီးမှာ တည်ခဲ့တာပေါ့။ ပန်းလောင်မြစ်က ပင်းယမြို့ ကို ရစ်ခွေစီးဆင်းနေတယ်။ ပင်းယခေတ် သီဟသူမင်းလက်ထက် ပန်းလောင်မြစ်အတွင်းမှာ ဆင်ဖြူအသေတစ်ကောင် မျောလာ တယ်။   ဆင်ဖြူရှင်ဘွဲ့ ခံချင်တဲ့ သီဟသူက မြစ်အတွင်း မျောလာတဲ့ ဆင်ဖြူအသေကို ဆယ်၊ တိုင်တွေနဲ့ ထူမတ်ပြီး တစ်စီးရှင်ကျော်စွာ ဘွဲ့ ခံယူခဲ့တယ်။

ပင်းယကို အခုအခါ ပန်းယျလို့ ခေါ်ကြတယ်။ တယ်လီဖုန်း တာဝါတိုင်တွေ ရှိတယ်။ ပွဲရုံအချို့ရှိတယ်။ ဆိုင်ကယ်ဝပ်ရှော့၊ ဆံ ပင်အလှပြင်ဆိုင်၊ ဟန်းဆက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဆီစက်၊ စာသင်ကျောင်းတွေ ရှိတယ်။

နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေလည်း ပင်းယမှာ ရှိပါတယ်။ ဘိလိယက်ယဉ်ကျေးမှုလည်း ပင်းယရွာ လယ်မှာ ထွန်းကားပါတယ်။ ကျူတံတွေ ကိုင်ထားတဲ့ ပင်းယသား ဆယ်ကျော်သက်တွေကို ဘိလိယက်ခုံမှာ တွေ့နိုင်ပါတယ်။ ပင်းယခေတ်ကဆိုရင် ဒီလူငယ်တွေ ဒိုင်းတွေ၊ လွှားတွေ၊ အဲ မောင်းတွေ၊ လှံတွေ ကိုင်ပြီး စစ်ချီတက်မနေဘူးလို့ ဘယ်သူပြော နိုင်သလဲ။

ဓာတ်ပုံ- သန်းနိုင်ဦး

ပင်းယခေတ်လက်ရာ ကျန်ကောင်းကျန်ရာက ဂူကြီးသုံး လုံးရှိတယ်။ အမြင့်ပေ ၁ဝဝ ဝန်းကျင်ရှိပြီး ကားလမ်းမကနေ အတွင်းထဲကို ဝင်ရတယ်။ မြေစိုက်တစ်ထပ် တောရကျောင်းလေး ရှိပြီး ဆရာတော်တစ်ပါး သီတင်းသုံးတယ်။ အုတ်အချို့ ကွာကျနေ ပြီး ပင်းယခေတ် သဲကျောက် ပန်းတမော့လက်ရာတွေကို အနီး ကပ် လေ့လာနိုင်တယ်။ ကားလမ်းမနဲ့ အနည်းငယ် လှမ်းနေတာ ကြောင့် သီးသန့်ဝင်ဖူးမှ ရတယ်။ ဂူကြီးသုံးလုံးက ဖိုခုံလောက်ဆိုင် ရှိတယ်။ ဂူဘုရားအတွင်းမှာ ထိုင်တော်မူ ဆင်းတုတော်ကြီးတွေ ရှိပါတယ်။ ဂူကြီးသုံးလုံးဝန်းကျင်မှာ တမာပင်တွေ၊ အုပ်အုပ်ဆိုင်း ဆိုင်းရှိကြပြီး ရေကန်ငယ်ပေါ် တမာပင်တွေက အုပ်မိုးထားတယ်။ ဂူကြီးသုံးလုံးအနီးမှာ ပင်းယခေတ်က တည်ခဲ့တဲ့ ရွှေစည်းခုံဘုရား တည်ရှိတယ်။ ကုန်းမြင့်မို့မို့ပေါ်မှာ တည်ထားပြီး ရွှေသင်္ကန်းကပ် လှူထားလို့ ရွှေရောင်ဝင်းဝင်းစေတီတော်ကို အဝေးက ဖူးတွေ့နိုင် ပါတယ်။ ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ် တက်ရာလမ်းကို ကွန် ကရစ်လမ်း ခင်းပေးထားလို့ ကား၊ ဆိုင်ကယ်တွေ အလွယ်တကူ တက်ရောက်နိုင်ပါတယ်။ ပုဂံခေတ်နှောင်းပိုင်းမှာ တည်ခဲ့တဲ့ ဘုရားဖြစ်ပြီး ညောင်ဦးမြို့က ရွှေစည်းခုံစေတီနဲ့ သဏ္ဌာန်တူပါ တယ်။ အမျိုးသားတွေ စေတီတော်ဖောင်းရစ်အထိ လှေကားက တစ်ဆင့် တက်ရောက်နိုင်တယ်။

အောင်စည်းခုံစေတီက ပင်းယမြို့အထွက် စကားအင်း ကျေးရွာထဲမှာ တည်ရှိတယ်။ ဘုရားကွင်းအခြေမှာ ဘောလုံး ကွင်းရှိပြီး စေတီတော်ဝန်းကျင်မှာ စိုက်ခင်းတွေ ရှိတယ်။ စေတီ တော်က တံတားဦး-ကျောက်ဆည်ကားလမ်းအနီးမှာ တည်ရှိပြီး အုတ်အရောင်(နီညိုရောင်)အတိုင်း တည်ရှိတယ်။ စေတီတော် ထောင့်လေးထောင့်မှာရှိတဲ့ မနုသီဟ အရုပ်ကြီးတွေက အသက်ဝင်တယ်။ ရင်ပြင်တော်ပေါ် က လှမ်းကြည့်ရင် ရွှေတောင်တော်ဘုရားကို မြင်ရပါ တယ်။ စေတီတော်ရင်ပြင်ပေါ်က အာရုံခံတန်ဆောင်း မှာ ပဲနုတ်တဲ့ စကားအင်းသူ အမျိုးသမီးတွေ နားနား နေနေ နားနေကြတယ်။ သူတို့တွေက စကားအင်းရဲ့ လူမှုစီးပွားဂရပ်မျဉ်းတွေကို အခုလို ရွတ်ပြတယ်။

”ဒီဘက်နယ်က ယာလုပ်ငန်းပဲ လုပ်ကြတာ များတယ်။ စပါးမစိုက်ကြဘူး။ ဂျုံ၊ ကုလားပဲ၊ ပဲမြစ်၊ ငှက်ပျောတွေ စိုက်ကြတယ်”

”အခု ပဲနုတ်ပြီးလို့ ခဏ လာနားကြတာ”

”ဒီနှစ် မိုးကောင်းတော့ ပဲတွေ ရေမြုပ်ကုန် တယ်။ ပဲမြစ်က အခု တစ်ပိဿာ    ကျပ် ၁,၂ဝဝ ပွဲရုံ ကောက်ဈေးရှိတယ်။ ပေါ်ခါစက တစ်ပိဿာ    ကျပ် ၂,ဝဝဝ အထိ ရှိတယ်”

”မနှစ်ကတော့ ပဲမြစ်တစ်ပိဿာ    ကျပ် ၁,၅ဝဝ ပဲ ရတာ။ ဒီနှစ် ပဲမြစ်ဈေးက ကောင်းပေမယ့် မိုးကောင်းလို့ ရေမြုပ်ထားတော့ ပဲမြစ်က ကောင်းကောင်းမရဘူးရယ်”

”ဝါခေါင်လပြည့်ကျော် ၉ ရက်၊ ၁ဝ ရက် ဘုရားပွဲရှိတယ်။ နှစ်တိုင်း ဇာတ်ပွဲထည့်တယ်။ ဟောဒီဘောလုံးကွင်းကြီးထဲ အပြည့်ပဲ”

ဓာတ်ပုံ- သန်းနိုင်ဦး

ရွှေတောင်တော်ဘုရားက ပင်းယအစွန်က တောင်ကုန်းမို့ မို့ပေါ်မှာ ရှိတယ်။ ရန်ကုန်-မ္တနလေး အမြန်လမ်းမရဲ့ အရှေ့ဘက်မှာ ရွှေရောင်ဝင်းဝင်းနဲ့ ရွှေတောင်တော်ဘုရားကို ဖူးတွေ့နိုင်တယ်။ ပလိပ်-တံတားဦး ကားလမ်းနဲ့ အမြန်လမ်းဆုံရာအနီးမှာ ရွှေ တောင်တော်ဘုရား ရှိပါတယ်။ တောင်ပေါ်အထိ တိုက်ရိုက်မောင်း တက်နိုင်ပြီး လမ်းအသင့်အတင့် ကောင်းပါတယ်။ ရွှေတောင် တော်အမြင့်က ပေ ၁ဝဝ လောက်သာ မြင့်တယ်။ ကားလမ်းမနဲ့ အနည်းငယ်လှမ်းပေမယ့် ဆိုင်ကယ်နဲ့ ဆယ်မိနစ်လောက် မောင်း ရုံနဲ့ ရွှေတောင်တော်စေတီအထိ ဒုတ်ဒုတ်ထိ ရောက်ပါတယ်။ ရွှေ တောင်တော်စေတီဝန်းကျင်မှာ အမြန်လမ်းဖောက်လုပ်စဉ်က မြေတွေ ဖဲ့ယူထားလို့ ချောက်ကမ်းပါးကြီးတွေ ဖြစ်နေတယ်။ မြို့ ပြနဲ့ အလှမ်းဝေးတဲ့ ရွှေတောင်တော်အနီးဝန်းကျင်မှာ ကွန်ကရစ် တိုင်တွေ စိုက်ထူပြီး သံဆန်ခါကွက်တွေ ကာရံထားတဲ့ ဧကကွက် အကျယ်ကြီးတွေ ရှိတယ်။ ပင်းယရှေးဟောင်းနယ်မြေမှာ ရှေး ဟောင်းဇုန် ကျောက်တိုင်တွေက ကွန်ကရစ်တောအတွင်းမှာ ငုတ်တုတ်မေ့နေရတယ်။

မြို့ပြရဲ့ ကြေးညှော်တွေ ခဏတာ သန့်စင်ချင်ရင် ပင်းယမြို့ ဟောင်းဘက် အရောက်လာဖို့ ဖိတ်ခေါ်ပါတယ်။ အင်းဝဘက် ရောက်ဖြစ်တဲ့အခါ ပင်းယကိုလည်း ဝင်လည်ကြပါ။ ပင်းယမှာ နွားနို့စစ်စစ်နဲ့ ဖျော်ထားတဲ့ တောလက်ဖက်ရည်နဲ့ ဗမာကျေး လက်မုန့်တွေရဲ့ အရသာက မိတ်ဆွေတို့ကို လျှာရင်းမြက်စေမှာ သေချာပါတယ်။ ။
၂၀၁၇-ဇန်နဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၂)မှ Remembrance ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."