မြို့ပြ လူနေ လှောင်အိမ်များ

မြို့ပြ လူနေ လှောင်အိမ်များ

Photo- Hay Man

ရန်ကုန်(ဇူလိုင်၊ ၂ဝ၁၇)

အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် အပူငွေ့က လူကို လာဟပ်သည်။ အောက်သိုးသိုး အနံ့ကလည်း နှာခေါင်းထဲကို တိုးဝင်လာ၏။ လူနေအခန်းဟုဆိုသော်လည်း အနံသုံးပေနှင့် အလျား ခြောက်ပေခွဲခန့်သာ ကျယ်ပြီး လေးဖက်လေးတန် သုံးထပ်သားများဖြင့် ကာရံထားသည့် အခန်းငယ်သာ ဖြစ်သည်။ ပြတင်းပေါက်မရှိ၊ မှောင်အတိ။ အခန်းတွင်း၌ အခန်းနှင့်အပြည့်နီးပါး ဖြစ်နေသည့် ခုတင်တစ်လုံးနှင့် ခုတင်ခေါင်းရင်းတွင် လျှပ်စစ်ပန်ကာတစ်လုံး တင်ထားသည်။ အခန်းအတွင်း ခြေချစရာနေရာပင် မရှိ။ ရေချိုးခန်းသုံးပစ္စည်းများဖြစ်သည့် အဝတ်လျှော်ပုံး၊ ဆပ်ပြာ၊ သွားတိုက်ဆေးတို့ ထည့်ထားသည့် ပလတ်စတစ်ခြင်းနှင့် ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက်၊ အိုးခွက်ပန်းကန်အချို့ကို ခုတင်အောက် အင်္ဂတေကြမ်းခင်းတွင် စုပြုံထားရသည်။ ခုတင်ခြေရင်းတွင် အဝတ်အစားသေတ္တာကို ကန့်လန့်ဖြတ်တင်ထားသည်။

”ဘယ်လောက်ပူသလဲဆိုရင် ရေတောက်တောက်ကျနေတဲ့ အထည်ကို မနက်လှန်းထားရင် ညနေပြန်လာရင် အခြောက်ပဲ”ဟု ၎င်းအခန်းတွင် နေထိုင်သော မအေးချမ်းထွန်းက ဆိုသည်။ နွေရာသီ မီးပြတ်ချိန်များဆိုလျှင် အခန်းတွင်းနေလို့မရဘဲ တစ်ခုတည်းသော အခန်းတံခါးကို ဖွင့်ကာ ယပ်ခတ်နေရသည်ဟု သူက ဆိုသည်။

ထိုအခန်းသည် လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် ဖွင့်လှစ်ထားသော အမျိုးသမီးအဆောင်မှ အခန်းတစ်ခုပင် ဖြစ်သည် ။ ဤအဆောင်တွင် နေထိုင်သော အသက် ၂၂ နှစ် အရွယ် အသားဖြူဖြူ၊ အရပ်မြင့်မြင့် မအေးချမ်းထွန်းသည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ဇာတိဖြစ်ပြီး ဘွဲ့ရပြီးနောက် အလုပ်လုပ်ရန် လွန်ခဲ့သောနှစ်နှစ်ခန့်က ရန်ကုန်သို့ တက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ရောက်စက သူငယ်ချင်းအခန်းတွင် ခဏတာ တည်းခိုခဲ့သည်။ သို့သော် ရေရှည်နေဖို့ အဆင်မပြေသည့်အတွက် ကမာရွတ်မြို့နယ်၊ လှည်းတန်းတစ်ဝိုက်တွင် အဆောင်ရှာခဲ့သော်လည်း အဆောင်ဈေးနှုန်းများက တစ်လလျှင် ကျပ်သုံးသောင်းဝန်းကျင်မှ ငါးသောင်းကျော်အထိရှိသဖြင့် သူ့အတွက် များလွန်းနေခဲ့သည်။

သို့နှင့် သူ့ဝင်ငွေနှင့်သင့်တင့်မည့် ကျောတစ်ခင်းစာနေရာရဖို့ နှစ်ရက်ခန့်ရှာဖွေခဲ့ပြီးနောက် လက်ရှိအဆောင်ကို ရောက်လာခဲ့သည်။ အဆောင်က ကျဉ်းမြောင်းပြီး လေဝင်လေထွက် မကောင်းသော်လည်း အဆောင်ခက ရေနှင့်လျှပ်စစ်မီတာခများ အားလုံးပါဝင်ပြီး တစ်လလျှင် ကျပ်သုံးသောင်းဖြစ်သည့်အတွက် သူ့ဝင်ငွေနှင့် လက်လှမ်းမီသောကြောင့် နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏ ကုမ္ပဏီဝန်ထမ်းလစာ ရှစ်ပုံတစ်ပုံကို အဆောင်ခအတွက် သုံးစွဲရခြင်းဖြစ်သည်ဟု မအေးချမ်းထွန်းက ဆိုသည်။

မအေးချမ်းထွန်းလိုပင် နယ်မှ ရန်ကုန်သို့ လာရောက် အလုပ်လုပ်ကိုင်သူများမှာ ကျပ်တည်းကျဉ်းမြောင်းသည့်အဆောင်များတွင် ဖြစ်သလို နေထိုင်နေကြရသည်။ နယ်တွင် အလုပ်အကိုင်ရှားပါးသည့်အတွက် အများစုက အလုပ်အကိုင်ရှာဖွေရန် ရန်ကုန်သို့ ရွှေ့ပြောင်းမှုက တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသလို အဆောင်လိုအပ်ချက်မှာလည်း မြင့်တက်လာသည်။ အထူးသဖြင့် အမျိုးသမီးများအတွက် လုံခြုံသန့်ရှင်းသော နေရာထိုင်ခင်းရှာဖွေရန် ခက်ခဲလျက်ရှိသည်။

လက်ရှိအခြေအနေတွင် အမျိုးသမီးအဆောင်များ၌ လုံခြုံရေး၊ ကျန်းမာရေး၊ နေရာကျဉ်းကျပ်မှုစသဖြင့် အခက်အခဲများစွာရှိသည်။ အဆောင်ပိုင်ရှင်အများစုက ၎င်းတို့ တိုက်ခန်းများကို တစ်ယောက်ခန်း သို့မဟုတ် နှစ်ယောက်ခန်းစသဖြင့် အခန်းငယ်များများရရှိရန် ရည်ရွယ်ပြီး ဖွဲ့ထားခြင်းဖြစ်သည့်အတွက် လေဝင်လေထွက်ကောင်းစွာမရကြသလို သဘာဝ အလင်းရောင်လည်း ကောင်းစွာမရဟု မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့သည့်အဆောင်တွင် နေထိုင်သူများက ပြောသည်။

မအေးချမ်းထွန်းနေထိုင်သည့်အဆောင်က တိုက်ခန်းတစ်ခန်းကို အခန်းခုနစ်ခန်း ဖွဲ့ထားခြင်းဖြစ်သည်။ အဆောင်သူ ၁၅ ဦးရှိပြီး အားလုံးအတွက် ရေချိုးခန်းတစ်ခန်းနှင့် အိမ်သာတစ်လုံးသာ ရှိသည်။ ထို့ကြောင့် သူ့အနေနှင့် နံနက် ၅ နာရီခန့်တွင် အိပ်ရာထကာ တစ်ကိုယ်ရေသန့်ရှင်းရသည်။ ဦးသူအလျင်သုံး စနစ်ဖြစ်သောကြောင့် သူများထက်ဦးအောင် စောစောထရသည်။

အဆောင်နေခြင်းထက် တိုက်ခန်းစုပေါင်းငှားရမ်းပြီးနေထိုင်ခြင်းက ပိုမိုကျယ်ဝန်းသည့်နေရာရရှိသော်လည်း ခြောက်လ တစ်ခါစာချုပ်ချုပ်ရပြီး ခြောက်လစာငွေကို အရင်ပေးချေရသည့်အတွက် အများစုက တိုက်ခန်းစုငှားခြင်းထက် တစ်လ တစ်ခါပေးရသည့် အဆောင်နေရန် ရွေးချယ်ကြကြောင်း အဆောင်သူများ ကဆိုသည်။ ထို့အပြင် မိသားစုလိုက် နေထိုင်သည့် အဆောင်များလည်း ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ ၆ ဒသမ ၈ သန်းတွင် ၁၁ ရာခိုင်နှုန်း (လူ ၇ သိန်းကျော်)သည် ၂ဝ၁၁ မှ ၂ဝ၁၄ အတွင်း ရန်ကုန်သို့ ရွှေ့ပြောင်းနေထိုင်သူများဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂ဝ၁၅တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင်ဖော်ပြထားသည်။

Photo- Hay Man                                                                           ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အမျိုးသမီးအဆောင်တစ်ခု

လူလှောင်အိမ်

အသက် ၂ဝ အရွယ်ရှိသော နော်ကလီရှီးထူး နေထိုင်သည့်အဆောင်သည် အမျိုးသမီး၊ အမျိုးသားချည်းပဲ သီးသန့်ငှားရမ်းသည့် အဆောင်မျိုးမဟုတ်ဘဲ မိသားစုလိုက်နေထိုင်နိုင်သည့် လှိုင်သာယာမြို့နယ်ရှိ လိုင်းခန်းဖြစ်သည်။ သူတို့ အဆောင်သည် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အခန်း ၁ဝ ခန်းရှိကာ လူဦးရေ ၅ဝ ခန့် နေထိုင်ကြသည်။

သူက လှိုင်သာယာစက်မှုဇုန်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ပြီး ဧရာဝတီတိုင်း၊ ကျိုက်လတ် ဇာတိဖြစ်သည်။ သူ့အခန်းတွင် အမျိုးသမီးလေးဦး နေထိုင်ပြီး ညီအစ်မဝမ်းကွဲ တော်စပ်သူများ ဖြစ်သည်။

သူ့အခန်းထဲဝင်ဝင်ချင်း တွေ့ရသည်က မီးဖိုခန်းဖြစ်သည်။ သည်နေရာမှာပဲ ချက်ပြုတ်၊ သည်နေရာမှာပင် စားသောက်ကြရသည်။ အခန်းက အဝင်တံခါးပေါက်တစ်ခုသာ ရှိပြီး မျက်နှာစာမှာသံဆန်ခါများ တပ်ထားသည်။ အခန်းတွင် ပြတင်းပေါက် မရှိ၊ အောက်က အင်္ဂတေကြမ်းခင်း ဖြစ်၏။

အဆောင်လခက တစ်လလျှင် ကျပ်ငါးသောင်း၊ မီတာခနှင့်ဆိုလျှင် ငါးသောင်းခွဲခန့်ကုန်ကျသည်။ တစ်ယောက်ကို တစ်သောင်းခွဲနီးပါး ကျသင့်သည့်သဘောဖြစ်သည်။ အဆောင်ရှိ လူအားလုံးအတွက် ရေချိုးကန်တစ်ခု ထားရှိသော်လည်း အကာအရံမရှိ။ အိမ်သာသုံးလုံးကလည်း ယောက်ျားလေး၊ မိန်းကလေး သီးသန့်ခွဲခြားမထားဘဲ ရောနှော သုံးစွဲရသည်။

သူ ဒီအဆောင်မရောက်ခင် ပြီးခဲ့သည့်နှစ်က လှည်းတန်းတွင် ကွန်ပျူတာသင်တန်းတက်ရန်နှင့် အလုပ်လုပ်ရန် သုံးလခန့် နေထိုင်ခဲ့သေးသည်။ သွားရေးလာရေးအဆင်ပြေသော်လည်း အခန်းငှားရမ်းခက တစ်ယောက်ကိုလေးသောင်းခွဲဖြစ်ပြီး ရသည့်လစာနှင့် မကိုက်သည့်အတွက် ဆက်မနေဖြစ်တော့ဘဲ လှိုင်သာယာသို့ အလုပ်ပြောင်းကာ နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု နော်ကလီရှီးထူးက ဆိုသည်။

လုံခြုံရေးစိုးရိမ်ရ

လှိုင်သာယာမြို့နယ်ရှိ မိသားစုအဆောင်များတွင် ယောကျ်ားလေး၊ မိန်းကလေးသီး သန့်မဟုတ်ဘဲ အားလုံးရောနှောနေကြရာ အမျိုးသမီးများအတွက် လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း ရှိသည်ဟု အဆောင်သူများက ဆိုသည်။

ယခုနှစ် ဇွန် ၁၇ ရက်က လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်အတွင်းရှိ အဆောင်တစ်ခုတွင် အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆောင်နေအမျိုးသမီးကို ဘေးချင်းကပ်အခန်းမှ အမျိုးသားက ညအချိန် အခန်းတွင်းသို့ ဝင်ရောက်လာပြီး ဓားဖြင့်ထောက်ကာ ခြိမ်းခြောက်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့နယ် ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ရဲစခန်းစာရင်းများအရ လှိုင်သာယာမြို့နယ်ရှိ မိသားစုအဆောင်များ (လိုင်းခန်းများ) တွင် ၂ဝ၁၄ မှ ၂ဝ၁၆ အထိ တစ်နှစ်လျှင် အဓမ္မပြုကျင့်မှု ခြောက်မှု၊ ခုနစ်မှုခန့် ဖြစ်ပွားလေ့ရှိကြောင်း ဖော်ပြထားသည်။ ထိုအဆောင်များတွင် အဖြစ်အများဆုံးမှာ ခိုက်ရန်ဖြစ်ပွားမှုဖြစ်ပြီး တစ်နှစ်လျှင် အမှုတစ်ရာကျော်ခန့်ရှိသည်ဟု ရဲစခန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆောင်နေအမျိုးသမီးများ လုံခြုံမှုမရှိဘဲ နေထိုင်ရသည့် ပြဿနာမှာ ရန်ကုန်မြို့တွင်း အထပ်မြင့်တိုက်ခန်းများ၌ ဖွင့်လှစ်ထားသော အဆောင်များနှင့် အထပ်မြင့်တိုက်ခန်းနေသူတို့တွင်လည်း ရံဖန်ရံခါ ကြုံတွေ့ရသည်။

လမ်းမတော်မြို့နယ် ၇ လမ်းရှိ အဆောင်တွင် နေထိုင်သော မအလှခိုင်သည် ညကိုးနာရီဝန်းကျင်တွင် ရုံးမှ အဆောင်သို့ ပြန်လာခဲ့သည်။ အဆောင်က လေးလွှာတွင်ဖြစ်သည်။ လှေကားမီးလည်း မရှိသဖြင့်မှောင်မည်းနေရာ လက်ကိုင်ဖုန်းက မီးအလင်းရောင်ကို အားပြုပြီး တက်လိုက်သည်။ ထိုအချိန် တတိယထပ်သို့အရောက် လှေကားတွင် လူတစ်ယောက် လှဲအိပ်နေသည်ကို တွေ့လိုက်ရသည်။ အရက်နံ့ကလည်း တထောင်းထောင်းထနေသည်။

သူလည်း ထိတ်လန့်သွားပြီး အဆောင်မှူးဆီ ဖုန်းလှမ်းဆက်လိုက်သည်။ အဆောင်မှူးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတော့မှ ရဲက အိပ်နေသူကို ခေါ်ဆောင်သွားသည်ဟု ပြန်ပြောပြသည်။ ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် ထိုဖြစ်စဉ်များက ဖြစ်လေ့ဖြစ်ထရှိသည်။

ထိုသို့ အခက်ကြုံရသည့်အပြင် သူနေထိုင်ရသည့် အခန်းကလည်း ကျပ်တည်းလှသည်။ သူတို့အဆောင်က အခန်းဖွဲ့မထား၊ အလျားပေ ၄ဝ၊ အနံ ၁၅ ပေခန့်ကျယ်သည့် တိုက်ခန်းအတွင်း လူဦးရေ ၁၂ ဦး နေထိုင်ရပြီး သူ့အတွက်နေရာက ကျောတစ်ခင်းစာနေရာသာရှိသည်။ သူ့အတွက်ရသည့် ကျောတစ်ခင်းစာနေရာ၏ ခေါင်းရင်းဘက်တွင် စာအုပ်များ၊ ပြီးတော့ ပလတ်စတစ်ဖျာခင်းထားသည့် အိပ်စရာနေရာ၊ ခြေရင်းတွင်တော့ အဝတ်အစားများ ထည့်ထားသည့် ပလတ်စတစ်ပုံးတို့ကို နေရာချထားသည်။

မအလှခိုင်သည် ရခိုင်ပြည်နယ် စစ်တွေမှ ရန်ကုန်သို့ အလုပ်လုပ်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ထွက်လာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးနေရသည့်အဆောင်သည် အဆောင်သူ ၂ဝ ခန့်ရှိသည်။ အဆိုပါအဆောင်က တိုက်ခန်းတွင် ထပ်ခိုးပြုလုပ်ထားပြီး ထပ်ခိုးမှာ ဆယ်ယောက်၊ အောက်မှာ ဆယ်ယောက်၊ စုစုပေါင်း အယောက် ၂ဝ ထားခြင်းဖြစ်သည်။

”သေသွားရင် အခေါင်းတောင်မှ အဲဒီလောက် ကျဉ်းမှာမဟုတ်ဘူး။ အိပ်ရင် လက်ဆန့်လို့တောင် မရဘူး”ဟု သူက စိတ်ပျက်လက်ပျက်ပြောပြသည်။ ထိုအဆောင်တွင် တစ်နှစ်ကျော်ကြာနေထိုင်ပြီးနောက် လမ်းမတော်မြို့နယ်ရှိ လက်ရှိနေထိုင်ရာ အဆောင်သို့ ပြီးခဲ့သည့်နှစ် ဇူလိုင်တွင် ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်သည်။

Photo – Hay Man                                                                                     လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာရှိ အဆောင်တစ်ခု

သဘောဆိုးသည့် အဆောင်မှူးများ

အဆောင်သူများအတွက် ကြုံရလေ့ရှိသည့် အခြားအခက်အခဲတစ်ခုလည်းရှိသေးသည်။ သဘောထားဆိုးသည့် အဆောင်မှူးများဖြစ်သည်။ အချို့အဆောင်မှူးများက သဘောထားပြေပြစ်သော်လည်း အချို့ကတော့ အဆောင်သူများနှင့် ပတ်သက်ပြီး သဘောထားတင်းမာကြသည်။

ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အဆောင်တစ်ခုတွင် နေထိုင်လျက်ရှိသော မသူဇာသည် သဘောထားဆိုးသည့် အဆောင်မှူးတစ်ဦးနှင့် ကြုံတွေ့ ခဲ့ဖူးသည်။ အခုနေသည့် အဆောင်မတိုင်ခင် နေခဲ့ရသည့် အဆောင်တစ်ခုတွင်ဖြစ်သည်။ ထိုအဆောင်သူအားလုံးအပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း အလှည့်ကျသန့်ရှင်းရေးလုပ်ရန် အဆောင်စည်းကမ်းထဲတွင် သတ်မှတ်ထားသည်။

အဆောင်သူအားလုံးကလည်း ထိုအချက်ကို သဘောတူလိုက်နာကြသည်။ သို့သော် အလုပ်ပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့ မနက် ၇ နာရီလောက်မှာပင် သန့်ရှင်းရေးလုပ်ရန် အဆောင်မှူးက လိုက်လံဆော်သြပြီး သူနှိုးသည့်အချိန် ထွက်မလာပါကညစ်ညမ်းသည့်စကားလုံးပေါင်းစုံဖြင့် အဆောင်တစ်ဆောင်လုံး ကြားအောင် ဆဲဆိုသည်ဟု သူက ဆိုသည်။ ကြာတော့ သည်ဒဏ်ကို မခံနိုင်သည့်အတွက် ပြောင်းရွှေ့ခဲ့ရကြောင်း သူကပြောပြသည်။

လက်ရှိနေထိုင်သည့်အဆောင်က တိုက်ခန်းထပ်ခိုးတွင် အခန်းများဖွဲ့ပြီး ငှားရမ်းသည့်အဆောင်ဖြစ်သည့်အတွက် လေဝင်လေထွက်မကောင်း၊ အခန်းလည်းကျဉ်းသော်လည်း ”နားပူတာ မခံနိုင်ဘူး။ ကျောပူတာပဲ ခံလိုက်တော့မယ်ဆိုပြီး ဒီအဆောင်ပဲ ပြောင်းလာလိုက်တာ”ဟု မသူဇာက ဆိုသည်။

အဆောင်မှူးဆိုသည်မှာ အဆောင်ကို ကြီးကြပ်ကွပ်ကဲသူများ ဖြစ်ကြပြီး အဆောင်ပိုင်ရှင်ကိုယ်တိုင် ဆောင်ရွက်ကြသလို အဆောင်ပိုင်ရှင်က ယုံကြည်ရသူများကို တာဝန်ပေးအပ်ထားသည်များလည်းရှိကြသည်။

တရားမဝင်အဆောင်များ

အဆောင်အများစုမှာ ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသည့် လှိုင်သာယာမြို့နယ်၊ ဒဂုံ(အရှေ့)မြို့နယ်၊ သင်တန်းများ၊ ကျောင်းများရှိသည့် ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် အများဆုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီစာရင်းများတွင် ဖော်ပြထားသည်။

အဆောင်များကို အခြေခံအလုပ်သမားများ၊ နယ်မှလာရောက်ပြီး အလုပ်လုပ်သူများ၊ ကျောင်းတက်သူများ၊ ဆေးရုံကာလရှည်ကြာတက်ရသူများ ဈေးနှုန်းသက်သာစွာဖြင့် ငှားရမ်းနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသည့် အဆောင်အရေအတွက်မှာ ယခုနှစ် မတ် အကုန်အထိ ၃၂၅ ခု ရှိကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန၊ ဌာနစုမှူး ဦးစိုးမင်းနိုင်က ဆိုသည်။

ထိုစာရင်းက စည်ပင်သို့ တရားဝင်လိုင်စင်လျှောက်ထားသည့် စာရင်းများသာ ဖြစ်ပြီး တကယ့်လက်တွေ့တွင် တရားမဝင် ဖွင့်လှစ်ထားသည့် အဆောင်များစွာရှိသည်။ ရွှေ့ပြောင်းလုပ်သား

များ မြင့်တက်လာသည့် ရန်ကုန်တွင် နေရေးလိုအပ်ချက်များလာသည့်အတွက် စီးပွားရေးသမားများက တရားမဝင် အဆောင်များ၊ အခန်းများဆောက်လုပ် ငှားရမ်းကြသည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးပညာရှင်ဦးမြင့်မိုရ်ဆွေက ပြောသည်။

အမျိုးသား၊ အမျိုးသမီးအဆောင်များ ဖွင့်လှစ်ရန် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ လိုင်စင်ခွင့်ပြုချက်ရမှ ဖွင့်လှစ်ရမည်ဖြစ်သည်။ သို့သော် အဆောင်အများစုက လိုင်စင်လျှောက်ထားခြင်းမရှိဘဲ ဖွင့်လှစ်ထားကြသည်။ ထိုအဆောင်များကို စစ်ဆေးတွေ့ရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ပြုလုပ်ရန် သတိပေးစာ သုံးကြိမ်ပေးပို့ပြီးလိုက်နာခြင်းမရှိပါက တရားစွဲဆိုကြောင်း ဦးစိုးမင်းနိုင်က ရှင်းပြသည်။

ထိုအဆောင်များကို ခွင့်ပြုချက်မဲ့ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေအရ အရေးယူနိုင်သည်ဟု သူကဆိုသည်။

သို့သော် လက်ရှိအချိန်အထိ တရားမဝင် အဆောင်ဖွင့်လှစ်မှုကြောင့် တရားစွဲဆိုမှုမရှိကြောင်း ဦးစိုးမင်းနိုင်က ပြောသည်။

အဆောင်အဖြစ် ဖွင့်လှစ်လိုပါက ပိုင်ဆိုင်မှုအထောက်အထား၊ ပတ်ဝန်းကျင်က ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်နှင့် စည်ပင်ကျန်းမာရေးဌာန၏ ခွင့်ပြုကြောင်းထောက်ခံချက် စသဖြင့် သတ်မှတ်ချက်များ လိုအပ်ကြောင်း ဦးစိုးမင်းနိုင်က ရှင်းပြသည်။

လှိုင်သာယာမြို့နယ် ရေဥက္ကံကျေးရွာမှ ရာအိမ်မှူး ဦးခင်ဇော်က သူတို့ကျေးရွာနားတွင် ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း စက်မှုဇုန်များ လာရောက်ဖွင့်လှစ်ခဲ့ပြီးနောက် ရွှေ့ပြောင်းလုပ်ကိုင်သည့် လုပ်သားအရေအတွက် မြင့်တက်လာခဲ့ကာ အဆောင်များလည်း တိုးပွားလာသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က ကျေးရွာမီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထ ထရန်စဖော်မာများ တပ်ဆင်ရန် အိမ်များနှင့် အဆောင်များကို ခွဲခြားပြီး ကောက်ခံခဲ့သည့်စာရင်းအရ ရေဥက္ကံကျေးရွာအုပ်စုတွင် အဆောင် ၇ဝဝ ကျော်ရှိကြောင်း ဦးခင်ဇော်ကဆိုသည်။

လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က ရေဥက္ကံရှိ အဆောင်များအနက် လှိုင်သာယာမြို့နယ်စည်ပင်သာယာရေးကော်မတီတွင် လိုင်စင်လျှောက်ထားသည့် အဆောင်မှာ နှစ်ခုသာ ရှိသည်ဟုဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနက ဦးစိုးမင်းနိုင်ကတော့ ဘော်ဒါဆောင်များ တရားဝင်လိုင်စင်လျှောက်ကာ ငှားရမ်းနေထိုင်ခြင်းက နိုင်ငံအတွက်လည်း အခွန်ရပြီး ငှားရမ်းသူ တည်းခိုသူများ စည်းကမ်းတကျနှင့် လုံခြုံစိတ်ချစွာ နေထိုင်နိုင်မည်ဟု ဆိုပါသည်။

လိုင်စင်မပြုလုပ်ဘဲ ငှားရမ်းသူနှင့် ထိုအဆောင်များတွင် နေထိုင်သူများအတွက်ကတော့ လုံခြုံစိတ်ချမှုမရှိနိုင်ဘဲ ”ဒီလူတွေအတွက်လည်း ကျီးလန့်စာစားပဲလေ”ဟု သူက ဆိုပါသည်။

ဘယ်သူတွေ ကြီးကြပ်မှာလဲ

စက်မှုဇုန် ၁၃ဇုန်၊ စက်ရုံအလုပ်ရုံ သုံးထောင်ကျော်ရှိသည့် လှိုင်သာယာမြို့နယ်သည် အဆောင်အများဆုံးမြို့နယ် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှစာရင်းတွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းတွင် လိုင်စင်လျှောက်ထားသည့်အဆောင် သုံးရာကျော်အနက် သုံးပုံတစ်ပုံကျော်ဖြစ်သည့် ၁၂၉ခုက လှိုင်သာယာမြို့နယ်တွင် ရှိသည်။

အဆောင်အများစုမှာ စည်ပင်သာယာမှ သတ်မှတ်ထားသည့် အမျိုးသမီး၊ အမျိုးသားသီးသန့်ငှားရမ်းရန် ဆောက်လုပ်ထားသော အဆောင်များထက် မိသားစုလိုက်နေထိုင်ရန် ဆောက်လုပ်ငှားရမ်းသော လိုင်းခန်းများ ပိုမိုများပြားကြောင်း လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးကော်မတီ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်က ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်ကတော့ လှိုင်သာယာမြို့နယ်တွင် အများစုဖွင့်လှစ်ထားသည့် မိသားစုလိုက်နေထိုင်သည့် လိုင်းခန်းများမှာ အိမ်ရှင်၊ အိမ်ငှားသဘောဖြစ်သည့်အတွက် စည်ပင်သာယာမှ ခွင့်ပြုပေးသည့် အဆောင်လိုင်စင်နှင့် သက်ဆိုင်မှုမရှိဟု ဆိုသည်။

လှိုင်သာယာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးကတော့ အဆောက်အအုံများ ဆောက်လုပ်ပြီး မိသားစုလိုင်းခန်းများ ငှားရမ်းခြင်းအတွက် လိုင်စင်ထုတ်ပေးခြင်းမှာ အုပ်ချုပ်ရေးပိုင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ စည်ပင်နှင့်သာ သက်ဆိုင်သည်ဟု ဆိုပါသည်။ သို့သော် ၁၉၆ဝ အိမ်ရှင်၊ အိမ်ငှားဥပဒေအရ အိမ်ရှင်က အုပ်ချုပ်ရေးရုံးတွင် စာရင်းသွင်းထားပါက အုပ်ချုပ်ရေးပိုင်းက ကြီးကြပ်ပေးနိုင်ကြောင်း သူက ရှင်းပြသည်။

”အဆောင်ငှားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ စည်ပင်ကို မှတ်ပုံတင်ခိုင်းတယ်။ ဒါပေမဲ့ စည်ပင်ကလည်း သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့အတွက် လိုင်စင်ထုတ်မပေးဘူး။ အဲဒီလူတွေကလည်း အုပ်ချုပ်ရေးရုံးမှာအိမ်ရှင်၊ အိမ်ငှားနဲ့ မှတ်ပုံတင်ထားတာ မရှိဘူး”ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄၊ ဒီဇင်ဘာက ဖွဲ့စည်းခဲ့သော ပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့် ပြီးခဲ့သည့်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထက်တွင်လည်း အဆောင်များအရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြလာခြင်းမရှိသည့်အတွက် ဆွေးနွေးခဲ့ခြင်းမရှိဟု စည်ပင်သာယာရေး ကော်မတီဝင်ဟောင်းတစ်ဦးဖြစ်သည့် ဦးခင်မောင်တင့်က ဆိုသည်။

Photo – Hay Man                                                                                         ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ အမျိုးသမီးအဆောင်တစ်ခု

ဈေးနှုန်းမြင့်မား အဆောင်များ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံရေးရာဌာန၊ ဌာနစုမှူး ဦးစိုးမင်းနိုင်က မြန်မာနိုင်ငံရှိ အဆောင်များတွင်လူတစ်ယောက်အတွက် အနည်းဆုံးရှိရမည့် စံအကျယ်အဝန်းသတ်မှတ်ချက်၊ လူဦးရေအလိုက်ထားရှိရမည့် အိမ်သာအရေအတွက်၊ လေဝင်လေထွက်တို့နှင့်ပတ်သက်ပြီး သီးခြားသတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောသည်။

”လောလောဆယ်တော့ အခန်းအနေအထားပေါ်မူတည်ပြီး လုပ်ကြတာပေါ့။ နောင်ဆိုရင်တော့ သတ်မှတ်မှာပေါ့”ဟုပြောသည်။

၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေတွင် တည်းခိုခန်း၊ ဘော်ဒါဆောင် သို့မဟုတ် အခန်းလိုက်ငှားသော အဆောက်အအုံတို့ကို ကျန်းမာရေး၊ သန့်ရှင်းရေးနှင့်ညီညွတ်အောင် ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။ သို့သော် အဆောင်နှင့်ပတ်သက်သည့် နည်းဥပဒေများကို လတ်တလော သီးခြားထပ်မံပြဋ္ဌာန်းရန်မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆောင်သတ်မှတ်ချက်နှင့်မပြည့်မီဘဲ တရားမဝင် ဖွင့်လှစ်ထားသည့် အဆောင်များရှိသကဲ့သို့ အဆောင်ဆောက်လုပ်ရန် ရည်ရွယ်ချက်ဖြင့် စနစ်တကျ ဆောက်လုပ်ထားသည့် အဆောင်များလည်း ရှိသည်။ သို့သော် ထိုအဆောင်များမှာ ဈေးနှုန်းမြင့်မားသဖြင့် လစာနည်းပါးသည့်သူများအတွက် ငှားနေဖို့မတတ်နိုင်ကြကြောင်း အဆောင်နေသူများက ဆိုသည်။

ကမာရွတ်မြို့နယ် လှည်းတန်း ၆ လမ်းတွင် ဖွင့်လှစ်ထားသော ရှမ်းမလေးဘော်ဒါဆောင်သည် ခြောက်ထပ်တိုက်တစ်ခုလုံးကို မြေညီထပ်မှအပ ကျန်ငါးထပ်လုံးကို အဆောင်ဖွင့်လှစ်ထားသည်။ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးလည်း သီးသန့်ထားပေးပြီး သောက်ရေသန့်စက်လည်း စီစဉ်ပေးထားသည်ကို တွေ့ရသည်။

အခန်းတိုင်းအတွက် ပြတင်းပေါက်တစ်ပေါက်စီပါဝင်ပြီး အထပ်တိုင်းတွင်လည်း CCTV များ တပ်ဆင်ထားသည်။ ယင်းအဆောင်ဈေးနှုန်းကလည်း တစ်လလျှင် ကျပ် လေးသောင်းခွဲဖြစ်ပြီး တစ်လစာစပေါ်တင်ထားရကြောင်းအဆောင်မှူးကပြောပြသည်။သာမန်တိုက်ခန်းများတွင်ဖွင့်လှစ်ထားသည့် အဆောင်ဈေးနှုန်းများထက် တစ်ဆနီးပါးခန့် ပိုမိုများပြားသည်။

Photo- Hay Man                                                                                    အဆောင်ကြော်ငြာများ

စနစ်တကျ ကြပ်မတ်ပါ

မြိုပြနှင့်ဖွံ့ဖြိုးရေးပညာရှင် ဦးမြင့်မိုရ်ဆွေက နိုင်ငံတကာတွင် အဆောင်များဆောက်လုပ်ပါက အခြေခံလိုအပ်ချက်များဖြစ်သော ရေ၊ မီးနှင့် လုံခြုံရေးတို့ကို စနစ်တကျတွက်ချက်ကာ ဆောက်လုပ်ကြကြောင်းနှင့် မြန်မာနိုင်ငံရှိ လက်ရှိ အဆောင်များကိုလည်း ကနဦးစနစ်တကျ စာရင်းသွင်းကာ ကြပ်မတ်ရမည်ဟု သူက ဆိုသည်။

ထိုသို့ဆောင်ရွက်ပါက အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်သည့် ဈေးနှုန်းများ ဖြစ်ရန်လည်း လိုအပ်ပြီး အစိုးရက ဦးစီးဆောင်ရွက်ရမည်ဟု သူက သတိပေးသည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်သည့် မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် စက်ရုံများ၌ အလုပ်သမားများ နေထိုင်ရေးအတွက် အဆောင်များကိုတစ်ပါတည်းဖန်တီးပေးသော်လည်း မြန်မာနိုင်ငံစက်မှုဇုန်များတွင် အလုပ်သမားများ နေရေးအတွက် စီစဉ်ပေးမှု အားနည်းသည်ဟု သူက ဆိုသည်။

ထို့ပြင် မြို့ပြဖွံ့ဖြိုးရေး အစီအစဉ်များတွင်ပါ အဆောင်များအတွက် ထည့်သွင်းရေးဆွဲဖို့ လိုအပ်ပြီး မြို့သစ်များတည်ထောင်ရာတွင်လည်း အလုပ်သမားများနေရေးအတွက် အိမ်ယာအစီအစဉ်များ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ဦးမြင့်မိုရ်ဆွေက ပြောသည်။

လက်ရှိအဆောင်များအနေနှင့် ”ပိုက်ဆံရရေးတစ်ခုတည်းကိုပဲ ဦးတည်မယ်။ အကုန်လုံးစုပြုံပြီးတော့ ထိုးထည့်ထားမယ်၊ အလင်းရောင်ကလည်း မရဘူး။ အိမ်သာတွေကလည်း နံစော်ပြီးတော့ ချိုးရေတွေကလည်း မသန့်ဘူးဆိုရင် ကျန်းမာရေးအနေနဲ့ ကူးစက်ရောဂါတွေ ဖြစ်နိုင်မယ်။ တိုင်းပြည်ထုတ်ကုန် စွမ်းအားလည်း ကျဆင်းမယ်။ အစိုးရမှာလည်း ထိခိုက်မှာပဲ”ဟုသူက ဆိုသည်။

ထို့အပြင် သူက အလုပ်အကိုင်ပေါများရာသို့ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သန့်ရှင်းသပ်ရပ်သည့် နေထိုင်စရာများ ဖန်တီးမပေးနိုင်ပါက အဆောင်များက ‘ဒုက္ခသည်စခန်းများ’ကဲ့သို့ ဖြစ်လာနိုင်မည်ဟု ဆိုပါသည်။

လက်ရှိအချိန်တွင်တော့ အဆောင်သတ်မှတ်ချက်များ စနစ်တကျ ဖြစ်မလာသေးခင် ဝင်ငွေနည်းပါးသည့် အဆောင်သူအများစုမှာ ကျဉ်းမြောင်းကျပ်တည်းကာ ကျန်းမာရေးအတွက် မသင့်လျော်သော အဆောင်များတွင် နေထိုင်ကြရသည်။

Photo- Hay Man                                                                                                                          အဆောင်ကြော်ငြာများ

လှိုင်မြို့နယ်၊ ဘူတာရုံလမ်းရှိ အဆောင်တွင် နေထိုင်သည့် မအေးချမ်းထွန်းကတော့ ဈေးနှုန်းသင့်တင့်ကာ သန့်ရှင်းသပ်ရပ်ပြီး လုံခြုံမှုရှိသည့်အဆောင်များဖြစ်ပေါ်လာဖို့ကို တောင့်တမိသည်ဟု ဆိုသည်။

”လေဝင်လေထွက်ကောင်းကောင်းလေးဖြစ်စေချင်တယ်။ ဘယ်လောက် အကျယ်အဝန်းကို လူဘယ်လောက်ထားရမလဲဆိုတာ သတ်မှတ်လိုက်ရင် အရမ်းမကျပ်ဘဲ သန့်သွားမှာပဲ”ဟု သူက ဆိုသည်။

လမ်းမတော်မြို့နယ် အဆောင်မှ မအလှခိုင်ကလည်း တစ်နေ့တာအလုပ်ခွင်မှ ပင်ပန်းလာသမျှကို အဆောင်တွင် အနားယူရန် မျှော်လင့်သော်လည်း ဆူညံနေသည့်သီချင်းသံများ၊ စကားပြောသံများ၊ မီးဖိုခန်းမှ ချက်ပြုတ်ကြော်လှော် ညှော်နံ့များကသာ ကြိုဆိုနေသည်။

ထို့ကြောင့် သူ့အတွက် အဆောင်ဆိုသည်မှာ ညဘက်အိပ်စက်အနားယူရန်မှတစ်ပါး သက်သောင့်သက်သာ အနားယူနေ ထိုင်နိုင်သည့် နေရာမဟုတ်ဟု သူက အခုလိုညည်းတွားလိုက်သည်။

”စိတ်အရမ်း မကျေနပ်ရင် အဆောင်ပေါ်မတက်ဘူး။ အောက်မှာပဲ လမ်းသလားနေလိုက်တယ်”

၂၀၁၇-ဇူလိုင်ထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဟေမာန်ပြည့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."