ဂေထော
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၇ (မော်ကွန်း)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ယခုလာမည့် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၃၂ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ယင်းပါတီမှ တွဲဘက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က မော်ကွန်းသို့ ပြောသည်။
“ တစ်ချို့နေရာတွေမှာ ကျွန်တော်တို့ မပြိုင်ဖြစ်တာလည်းပါတာပေါ့ဗျာ။ ဟိုတုန်းကဆို ကယားထဲမှာလည်း နေရာတော်တော်များများ ဝင်တာရှိတယ်။တစ်ချို့နေရာတွေပေါ့။ ဒီတစ်ခေါက်ကျတော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ဝင်မပြိုင်ခိုင်းဘူး။ တစ်ချို့နေရာတွေကျတော့ ကျွန်တော်တို့စိတ်ကြိုက် ကိုယ်စားလှယ်လောင်းတွေမရတဲ့အတွက် ဝင်မပြိုင်ခိုင်းဘူး။ ဒါကြောင့် အရေအတွက်တော့ နည်းနည်းလျှော့သွားတာပေါ့ဗျာ” ဟု သူကပြောသည်။
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၅ ခုတွင် တိုင်းရင်းသားမဲဆန္ဒနယ် သုံးနေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၃၈ နေရာနှင့် ပြည်နယ်လွှတ်တော် ၇၉ နေရာ တို့ဖြစ်ကြောင်း ယနေ့တွင် ပါတီကထုတ်ပြန်ထားသည်။
အမျိုးသမီးနှင့်လူငယ်ပါဝင်မှုနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရာ၌ အနည်းဆုံး ၃၀ ရာခိုင်နှုန်းပါဝင်ရမည်ဟု ပါတီ၏မြို့နယ်အလုပ်အမှုဆောင်ကော်မတီက သတ်မှတ်ထားပြီး ယခုကိုယ်စားလှယ်လောင်းများ၌ အမျိုးသမီးပါဝင်မှုမှာ ၂၉ ရာခိုင်နှုန်းရှိပြီး လူငယ်ပါဝင်မှုမှာ ၂၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၁၉၈၈ ခုနှစ် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပုံစာ – လာမည့်ရွေးကောက်ပွဲအတွက် SNLD အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်စာရင်း Photo – SNLD Facebook Page
#Dailynews