ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ ဧပြီ ၇ (မော်ကွန်း)
ဒီရက်ပိုင်း ရန်ကုန်-မန္တလေးအမြန်လမ်းကိုအသုံးပြုမယ့်အိမ်စီးကားတွေအနေနဲ့ ရဲစခန်းနဲ့ ရဲကင်းတွေမှာ နားကြဖို့ တိုက်တွန်းတာဟာ မှုခင်းကျဆင်းရေးအပြင် အများပြည်သူကိုဝန်ဆောင်မှုပေးချင်တာကြောင့် ဆောင်ရွက်ပေးတာလို့ အမြန်လမ်းရဲတပ်ဖွဲ့က ရဲမှူး ဇာနည်မောင်က ပြောပါတယ်။
ဧပြီ ၇ ရက်ကစပြီး အမြန်လမ်းအသုံးပြုမယ့်အိမ်စီးကားတွေဟာ ရဲစခန်းနဲ့ရဲကင်းတွေမှာ အနားယူကြဖို့ အမြန်လမ်းရဲ တပ်ဖွဲ့က တိုက်တွန်းထားတာပါ။
“ မှုခင်းပိုင်းအနေနဲ့ လျော့နည်းအောင်က တစ်ပိုင်းပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကိုပေးတဲ့ အနေနဲ့ နေ့ဘက်မှာပဲဖြစ်ဖြစ်၊ ညဘက်မှာပဲဖြစ်ဖြစ်၊ သွားရေးလာရေးခက်ခဲတဲ့အပိုင်းတွေ၊ အနားယူချင်တဲ့အပိုင်းတွေကို ကျွန်တော်တို့က ကြိုတင်ပြင်ဆင်ထားတာပါ။ ကျွန်တော်တို့ဆီမှာ အပေါ့အပါးသွားလို့ရအောင်၊ ရေပူ၊ရေအေး၊ ချိုချဉ်တို့၊ ထန်းလျှက် တို့ ဒါမျိုးလေးတွေကအစ နိုင်သလောက်လေးတွေပြင်ဆင်ထားပေးပါတယ်” ရဲမှူးက ပြောပါတယ်။
ခရီးသွားကားတွေကို အခုလို ရဲကင်းစခန်းတွေမှာ အနားယူစေတာဟာ မှုခင်းတွေ ဖြစ်လာနေလို့ မဟုတ်ဘဲ COVID-19 ကြောင့် အလုပ်အကိုင်တွေပါးကုန်တာ၊ ခရီးသွားတွေပါးကုန်တာ၊ လူသွားလူလာပါပြတ်လာတာမို့ လုယက်မှုတွေလည်း ဖြစ်နိုင်တယ်လို့ ကြိုတင်မှန်းစပြီး ခရီးသွားပြည်သူတွေ အကာအကွယ်ရအောင် ဝန်ဆောင်မှုပေးတာလို့ ရဲမှူးက ပြောတယ်။
“ အခုလို လုပ်ပေးတာက လုံခြုံရေးအရ လုပ်တာကလည်းတစ်ပိုင်း၊ အသိပညာအရလည်း ကျွန်တော်တို့ ရဲစခန်း၊ ရဲကင်း တွေမှာနားရင် ပိုပြီးလုံခြုံတယ်ဆိုတာကလည်းတစ်ပိုင်းပေါ့။ နောက်တစ်ခါ မသမာတဲ့သူတွေကိုလည်း လုပ်ခွင့်မသာအောင် ကြိုတင်တွေးဆပြီး ဒီလိုလုပ်ပေးတာပါ။ ဖြစ်နေတာတော့မဟုတ်ဘူးပေါ့ဗျာ၊ ဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတွေးပြီး လုပ်တာပါ” လို့ ရဲမှူး ဇာနည်မောင်က ပြောပါတယ်။
အဓိကကတော့ ခရီးသွားသူတွေအဆင်ပြေဖို့၊ မှုခင်းအန္တရာယ်တွေလျော့နည်းဖို့နဲ့ ပြည်သူတွေစိတ်ချမ်းသာဖို့ ဝန်ဆောင်မှု ပေးတဲ့အနေနဲ့ဒီလို လုပ်ပေးတာလို့ ရဲမှူးက ပြောပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ပျှမ်းမျှ ငါးမိုင်မှာ ရဲကင်းတစ်ခုရှိပြီး ပျှမ်းမျှ မိုင် ၂၀ မှာ ရဲစခန်းတစ်ခု ရှိတယ်လို့လည်း အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့ရုံးဖေ့ဘွတ်ခ်
#Dailynews