မကြာသေးသော ကာလတစ်ခုက စကားဝိုင်းတစ်ခုတွင် ကြားသိခဲ့ရသည့် အရပ်စကားသတင်းတစ်ခုမှာ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ကြီးကြီးယူထားသူတစ်ဦးက မြန်မာနိုင်ငံတွင်အချိုရည်များအပေါ် အခွန်ကောက်ခံတော့မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဆိုသော သတင်း ဖြစ်ပါသည်။ ယခုအချိန်မှာတော့ ထိုပြောကြားချက်နှင့် စပ်လျဉ်းပြီး တစ်စုံတစ်ရာ တရားဝင် သတင်းထုတ်ပြန်ခြင်း၊ ရှင်းလင်းအသိပေးခြင်း မရှိသေးသည်ကို တွေ့ရပါသည်။ ဘင်္ဂလားပင်လယ်အော်ဖက်မှ ဆိုင်ကလုန်း Mora နှင့်အတူ ဘယ်ဆီဘယ်ဝယ် ရွေ့လျားလွင့်မျောသွားသည်ကို မသိနိုင်ပါ။
ပြီးခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်က ကျန်းမာရေးဝန်ကြီးအဖြစ် ဆရာကြီး ဒေါက်တာဖေသက်ခင် တာဝန်ယူရစဉ် အချိန်က နေပြည်တော်တွင် ကျန်းမာရေးနှင့် ကုသရေး၊ ဆေးပညာသင်ကြားရေးကဏ္ဍမှ အဆင့်မြင့် တာဝန်ယူထားသူများနှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အရက်၊ ဘီယာနှင့် အဖျော်ယမကာများအပေါ် နိုင်ငံတကာမှာ ကျင့်သုံးနေသကဲ့သို့ အလားတူ Sin Tax ကောက်ခံရန် ဆွေးနွေးစည်းဝေး ဆုံးဖြတ်ခဲ့ကြသည်ဟု ကြားသိ ရသည်။ ထိုအစည်းအဝေးရလဒ် ဆုံးဖြတ်ချက်သည်လည်းပဲ ဘယ်ဆီဘယ်ဝယ်မှန်းဆကာ တွေးမိတယ် အဖြစ်နှင့်သာ အဆုံး သတ်သွားသည်ကို တွေ့ရှိရပါသည်။
ထိုအချက်များသည် တကယ်တော့ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ကောက်ခံစည်းကြပ်လျက်ရှိ ှှSugary Drinks Tax ခေါ် Soda Tax နှင့် Sin Tax များကိုမြန်မာနိုင်ငံတွင် ကျင့်သုံးရန် ဆန်းသစ်သော ခြေလှမ်းတစ်ရပ် စတင်ရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်ပါသည်။ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီး ထုတ်ကုန်များအပေါ် ကောက်ခံစည်းကြပ်လျက်ရှိသော Tobacco Products Tax ကိုတော့ မြန်မာနိုင်ငံတွင် ဥပဒေပြဋ္ဌာန်းစည်းကြပ်နေသည်ဟု အစိုးရမီဒီယာများ၏ ရေးသားထုတ်ပြန်ချက်များအရ သိနေရပါသည်။ လက်ရှိ စူပါမတ်ကက်များ၊ Convenience Store လက်လီဆိုင်များနှင့် ဈေးဆိုင်၊ အိမ်ဆိုင်များတွင် ရောင်းချနေသော စီးကရက်များနှင့် ဆေးရွက်ကြီးထုတ်ကုန်ပစ္စည်းများကိုတော့ မည်သည့်ကုမ္ပဏီ၊ လုပ်ငန်းရှင်များက မည်ကဲ့သို့သော သတ်မှတ်စည်းမျဉ်းဥပဒေများနှင့်အညီ မည်မျှ အခွန်ပေးဆောင်၍ တင်သွင်းဖြန့်ချိ ရောင်းချနေသည်ကိုတော့ အတိအကျ မသိရပါ။
Sugary Drinks Tax ဆိုသည်မှာ ဖွံ့ဖြိုးပြီး နိုင်ငံအတော်များများတွင် Added Sugar ထပ်ဖြည့်သကြား ပါဝင်သော အချိုရည်များ၊ ဖျော်ရည်များ သောက်သုံးမှုကို လျော့ကျသွားစေရန် အတွက် ၎င်းကုန်ပစ္စည်းများအပေါ် ထပ်ဆင့် ကောက်ယူစည်းကြပ်သော Surcharge ထပ်ဆင့် ကောက်ခံငွေ သို့မဟုတ် Tax စည်းကြပ်အခွန်ငွေကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုသို့ ကောက်ခံရာတွင် အချိုရည်ဆိုရာ၌ ကာဗွန်ဒိုင်အောက်ဆိုဒ် ထည့်သွင်းထားသော အချိုရည်များ၊ Non-carbonated Drinks ဓာတ်ငွေ့မထည့်သွင်းထားသော ဖျော်ရည် (Juices) များ၊ သကြားပါဝင်သော အစားအစာများဖြစ်သော ဘီစကစ်မုန့် (Biscuits)၊ ဒိန်ချဉ်များ (Yoghurts)၊ ချော့ကလက် (Chocolate)၊ အချိုဓာတ်ကဲသော အစားအစာ (မနက်စာ) (Breakfast Cereals) များ၊ ဥပမာ- Corn Flakes ၊ Oats Meal ၊ အချိုဓာတ်အလွန်များပြီး Caffeine ဓာတ် လွန်ကဲစွာပါဝင်သော Sport Drinks Energy Drinks အားဖြည့်အချိုရည်များ ပါဝင်ပါသည်။
ထိုကဲ့သို့ ှSoda Tax သို့မဟုတ် Energy Drink Tax ကောက်ခံခြင်းကို အချိုရည်ထုတ်လုပ်သော မဟာဘီလူးလုပ်ငန်းကြီးများ ဖြစ်သော Coca Cola ၊ Pepsi Co Inc ၊ Corn Refiners’ ၊ Association ၊ MC Donald’s Corporation ၊Burger King တို့က အပြင်းအထန် ဆန့်ကျင်ကြပြီး ထိုဥပဒေကို မပြဋ္ဌာန်းနိုင်ရန်ငွေကြေးမြောက်မြားစွာ အသုံးပြုပြီး ကွန်ဂရက်လွှတ်တော်တွင် စည်းရုံးဟောပြောပေးရန် အသုံးပြုခဲ့သည်ဟု သိရသည်။ အမေရိကန်ဖျော်ရည်ထုတ်လုပ်သူများအသင်း (American Beverages Association) က ထိုလုပ်ငန်းစဉ် အတွက် အမေရိကန်ဒေါ်လာ ခုနစ်သိန်းခန့် သုံးစွဲခဲ့သလို ၂ဝ၁ဝ ရွေးကောက်ပွဲတွင်လည်း အနိုင်ရပါတီကို ရွေးကောက်ပွဲရန်ပုံငွေ အမေရိကန် ရှစ်သန်းခန့် ပုံအော ထောက်ပံ့ပေးခဲ့သည်ဟု သိရပါသည်။ (မြန်မာနိုင်ငံ၏ လွှတ်တော်များတွင်တော့ ထိုကဲ့သို့ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများက လုပ်ဆောင်ခဲ့သည်ဆိုသော အထောက်အထား ခိုင်လုံပြည့်စုံ တိကျစွာ မရှိသဖြင့် ထိုဖြစ်ရပ်မျိုး မရှိဟု သတ်မှတ်နိုင်ပါသည်။)
ထို့အပြင် ၎င်းမဟာဘီလူးလုပ်ငန်းရှင်ကြီးများ(Super Giants) သည ်သကြားစားသုံးမှုနှင့် အချိုဓာတ်လွန်ကဲမှုကြောင့် ရောဂါအန္တရာယ် ရရှိသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်းကို ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းတချို့ကို ငှားရမ်းပြီး ဟောပြောပွဲများ၊ ကြော်ငြာများ၊ ဆောင်းပါးများဖြင့် စားသုံးသူများကို စည်းရုံးဆွဲဆောင်ကြပါသည်။ ထိုကဲ့သို့ Sugar Tax or Soda Tax ကောက်ခံလိုက်ခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်သွားရာ ဝင်ငွေနည်း အခြေခံလူတန်းစားများအနေဖြင့် အချိုရည်များ၊ ဖျော်ရည်များ၊ အရသာရှိသော သကြားပါဝင်သည့် မုန့်ပဲသရေစာများကို စားသုံးရသော အခွင့်အရေး နည်းပါးကျ ဆင်းသွားစေနိုင်သည် ဆိုပြီး အခြေခံလူတန်းစားများအပေါ် စေတနာဗရပွဖြင့် စည်းရုံးသိမ်းသွင်းကြပါသည်။
ထို Sugary Drinks Tax (Soda Tax) ကို အဘယ်ကြောင့် ကောက်ခံရသနည်းဆိုသော် ခိုင်မာသော သုတေသန ရလဒ်များအရ အချိုဓာတ်လွန်ကဲသော အစားအစာ၊ ဖျော်ရည်များသည် Calorie များစွာ ပါဝင်နေပြီး စားသုံးသူများကို Obesity and Over Weight ခေါ် အဝလွန်ကဲခြင်း၊ ခန္ဓာကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုများနေခြင်းကို ဖြစ်ပေါ်စေကြောင်း တွေ့ရှိရသောကြောင့် ဖြစ်ပါသည်။ ထိုအချက်ကြောင့်ထို ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် Sugary Drinks Taxနှင့် တွဲဖက်ဆက်စပ်ပြီး ဝဖြိုးမှု Fat Tax အခွန်ငွေကိုပါ ကောက်ခံစည်းကြပ်လာသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ထိုObesity အဝလွန်ခြင်းနှင့် Overweight ခန္ဓာကိုယ် အလေးချိန်လွန်ကဲခြင်းများ အလွန်နည်းပါးသောကြောင့် ထို Fat Tax ဝဖြိုးမှုအခွန်ကို မြန်မာနိုင်ငံတွင် စည်းကြပ်၍ မရနိုင်ပါ။ မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်သော နိုင်ငံဖြစ်သောကြောင့် ပြည်သူအများစုမှာ ပိန်ချုံးကြုံလှီသေးကွေးပြီး အာဟာရချို့တဲ့ခြင်း Malnutrition အခြေအနေတွင် ရှိကြသောကြောင့်မြန်မာနိုင်ငံသားများအပေါ် Fat Tax ကောက်ခံစည်း ကြပ်ရန်မှာ Don’t ever think about it စိတ်တောင် မကူးပါနဲ့ ဟု ဆိုရမည်ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံသားအများစုကတော့ (အားလုံးနီးပါးဟုပင် ဆိုနိုင်ပါသည်။) အချိုရည်များ၊ ဖျော်ရည်များ၊ သကြားများစွာ ပါဝင်၍ အချိုဓာတ်လွန်ကဲသော လက်ဖက်ရည်၊ ကော်ဖီ၊ သစ်သီးဖျော်ရည်များကို မက်မောနှစ်ခြိုက်စွာ သောက်သုံးကြသလို အလွန်ချိုသောမုန့်များ၊ သရေစာများ၊ ဥပမာ-Cake ၊ Donut ၊ Cookie တို့ကိုလည်း အလွန်အကျွံ စားသုံးတတ်ကြသည်ကိုတွေ့ရှိရသည်။ Donut သည် မြန်မာနိုင်ငံသားအများစု လက်လှမ်းမမီသော ဈေးနှုန်းများဖြစ်သော်လည်း Sweetener ခေါ် Sugar Substitutes သကြားအစားထိုးဓာတ်ပစ္စည်းများ (အရပ်အခေါ် ဆေးသကြားများ)များစွာ ထည့်သွင်းအသုံးပြု စီမံထုတ်လုပ်ထားသော ဈေးနှုန်းသင့်တင့်သည့် ကိတ်မုန့်နှင့် မုန့်မျိုးစုံများ (အတော်များများ ကန့်သတ်ဓာတုဆိုးဆေးများ ပါဝင်ပါသည်)ကိုမူ အလွန်နှစ်ခြိုက်စွာ စားသုံးကြသည်ကို တွေ့ရှိရသည်။
အစားအစာတွင် ပါဝင်သော သကြားဓာတ်များထက် အချိုရည်နှင့် ဖျော်ရည်တွင် ပါဝင်သော သကြားများသည် ခန္ဓာကိုယ်အတွင်း ပိုမိုလျင်မြန်စွာ စုပ်ယူသွားခံရပြီး အချို့ ဓာတ်လွန်ကဲမှုကြောင့် ပန်ကရိယ၊ အသည်းတို့ကို ဝန်ပိစေပြီး လုပ်ငန်းစဉ် ချို့ယွင်းပျက်ပြားကာ ဆီးချိုရောဂါ (Diabetes)၊ နှလုံးဆက်စပ်ရောဂါများ (Heart Disease) ကို ဖြစ်ပေါ်စေပါသည်။
ဆီးချိုရောဂါသည် တစ်ကမ္ဘာလုံးတွင် တိုးတက် များပြားလာပြီး အရေးပါသော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်လာနေပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ (Developed Countries) နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ (Developing Countries) များတွင် စိုးရိမ်တကြီး ဂရုပြုလာသော အနေအထားတွင် ရှိပြီး ၂ဝ၁၂ တစ်နှစ်တည်းမှာပင် ထိုရောဂါကြောင့် တိုက်ရိုက်ခံစားသေဆုံးရမှု (Death directly due to Diabetes) မှာ ၁ ဒသမ ၅ သန်း ရှိပါသည်။
Obesity အဝလွန်ရောဂါသည်လည်း ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးတကြီး အလေးထားရသော ရောဂါလက္ခဏာတစ်ရပ် ဖြစ်လာနေပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများတွင် လူလတ်တန်းစားများနှင့် အထက်လွှာလူတန်းစားများတွင် လျင်မြန်စွာ တိုးပွားဖြစ်ပေါ်လာနေကြောင်း စိုးရိမ်ဖွယ် တွေ့ရှိနေရပါသည်။ အဝလွန်ကဲခြင်းနှင့် ခန္ဓာကိုယ်အလေးချိန် ရှိသင့်သည်ထက် ပိုမို များပြားနေခြင်းကြောင့် အသက်ရှူလမ်းကြောင်းရောဂါ၊ နှလုံး၊ အသည်းနှင့် ကျောက်ကပ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါများ ခံစားရရှိသလို Productivity အလုပ်လုပ်နိုင်စွမ်းအား လျော့ပါးသွားသောကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ၎င်းအဝလွန်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးရသော လုပ်ငန်းစဉ်များအတွက် နှစ်စဉ် စိုက်ထုတ်သုံးစွဲ ဆုံးရှုံးရသော နိုင်ငံတော်၏ ဘတ်ဂျက်ငွေ အသုံးစရိတ်သည် ဘီလီယံ ၃ဝ ကျော် ရှိကြောင်း အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိပါသည်။
လေ့လာမှုစစ်တမ်းအရ အချိုရည်သောက်သုံးမှုသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကျဆင်းလျော့နည်းလာနေပြီး ဝင်ငွေ အလယ်အလတ် ရရှိနေသော ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ကြသည့်အိန္ဒိယနှင့် ဗီယက်နမ်တွင်မူ လျင်မြန်စွာ တိုးပွားလာနေကြောင်းတွေ့ရှိရသည်။ အချိုရည်များ၊ အချိုဓာတ်လွန်ကဲသော အစားအစာများ စားသုံးခြင်းနှင့် အဝလွန်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် များပြားခြင်းတို့သည် ဆက်စပ်လျက်ရှိနေကြောင်း လေ့လာတွေ့ရှိရသည်။ ထိုအချိုရည်များ၊ အစားအစာများ စားသုံးမှုကို ကျဆင်းစေရန်အတွက်လည်းကောင်း၊ စားသုံးသူများ မိမိကိုယ်မိမိ ဆင်ခြင်ကာကွယ်နိုင်ရေးအတွက်လည်းကောင်း၊ Sugary Drinks Tax or Soda Tax နှင့် Fat Tax ကို ကောက် ခံရခြင်းဖြစ်ပြီး ထိရောက်မှုလည်း ရှိသည်ကို တွေ့ရှိရသည်။ အချိုရည်တစ်အောင်စအပေါ် တစ်ပြားနှုန်း One cent per Ounce ကောက်ခံခြင်းကြောင့် ထိုအချိုရည်များ သောက်သုံးမှု ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း တွေ့ရှိရသည်။
Fat Tax ကောက်ခံခြင်းကြောင့် စားသုံးသော ပြည်သူအများသည် Health Food ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို ဂရုစိုက် ရွေးချယ်စားသုံးလာကြပြီး ပိုမိုကျန်းမာသန်စွမ်းလာကြကာ အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်သော ရောဂါဘယများအတွက် ကုန်ကျရသော ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ၊ လူမှုရေးဆက်စပ်ဒုက္ခများလည်း လျော့နည်းသွားကြောင်း လေ့လာတွေ့ရှိရသည်။
သကြားဓာတ်လွန်ကဲသော အချိုရည်များအပြင် Fast Food လျင်မြန်စွာ စားသုံးနိုင်သော အသင့်စား အစားအသောက်များ၊ Deep Fried ဆီကြော်အစားအစာများ၊ Junk Food ကျန်းမာရေးကို အထောက်အကူမပြုသော အစားအစာများကို ဆင်ခြင်စားသုံးခြင်းသည်လည်း လိုအပ်ပါသည်။ ထိုအစားအစာများမှာ မြန်မာနိုင်ငံသား အများစု လက်လှမ်းမမီသော အစားအစာများ ဖြစ်သောကြောင့် ကျေးဇူးတင် ဝမ်းမြောက်ရပါသည်။
မည်ကဲ့သို့ဆိုစေ Sugary Drinks Tax ၊ Soda Tax ၊ Fat Tax တို့ကို မြန်မာနိုင်ငံတွင် ကောက်ခံစည်းကြပ်ခြင်း မရှိသော၊ မရှိနိုင်သော အခွန်များဖြစ်ကြောင်း မျှဝေလိုက်ပါသည်။ ဆက်လက်ပြီး အမှတ် ၂ တွင် အဖျော်ယမကာနှင့် ဘီယာများအပေါ် ကောက်ခံသင့်သော Sin Tax ကို ရေးသားဆွေးနွေးပါဦးမည်။
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ သုံးသပ်ချက် ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။