မြန်မာ့အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ Postcard ဖြစ်ပါသည်။

မျိုးဆက်စံ (ပုဂံဌာနေ) ရေးသည်။

အပိုင်း(၂)

ပုဂံဒေသဟာ ကမ္ဘာ့အဆင့်ထိန်းသိမ်းစောင့်ရှောက်မှုကို ခံယူရတော့မယ်ဆိုတဲ့အခါ နံပါတ်တစ် အရေးကြီးဆုံးက ယခင်ကလို ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ငါ့သဘောငါဆောင် ငါရှင်ပြုချင်သလိုပြု ငါလုပ်ချင်သလိုလုပ်ဆိုတဲ့ ဥပဒေလက်တစ်လုံးခြားကိစ္စတွေကို ချက်ချင်းရပ်တန့်ကြရပါလိမ့်မယ်။ ရှေးဟောင်း အမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေအထက်မှာ မည်သူမျှရှိမနေသင့်တော့ပေ။ ကမ္ဘာ့အဆင့် ထိန်းသိမ်းစောင့်ရှောက်မှုကို ခံယူခွင့်ရရှိသွားတာ မှန်ပေမယ့် ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ မှန်ကန်တဲ့ စီမံခန့်ခွဲမှု၊ ကမ္ဘာ့အဆင့်က လက်ခံနိုင်တဲ့ စီမံခန့်ခွဲမှုကို အသွင်ကူးပြောင်းရမှာ ဖြစ်ပါတယ်။

မိမိနိုင်ငံက တရားဝင်ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့အညီ ရှေးဟောင်းအမွေအနှစ်တွေကို တိကျမှန်ကန်စွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကမ္ဘာ့အမွေအနှစ်အမည်နဲ့ လိုက်ဖက်မှာ ဖြစ်တယ်။ မိမိနိုင်ငံက တရားဝင်ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေကို ချိုးဖောက်နေပြီး ကမ္ဘာ့အမွေအနှစ်အမည် ခံယူထားပါက ကမ္ဘာ့အလယ်မှာ မြန်မာ့စီမံခန့်ခွဲမှုအရည်အသွေးကို ဖော်ပြနေသလို ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ အင်မတန် သတိကြီးစွာထားရမယ့် အချက်ဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိခိုက်ပျက်စီးလာနိုင်တဲ့ ကိစ္စမှန်သမျှကို မည်သည့်မျက်နှာမှ မထောက်ထားဘဲ တည်ဆဲဥပဒေနှင့်အညီ လုပ်ငန်းစတင်သင့်ပြီလည်း ဖြစ်ပါတယ်။

အမြင်မတူ အုပ်စုကွဲနေတာ ဘာကြောင့်လဲ

ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းမဝင်ခင်ကတည်းက အုပ်စုနှစ်စုကွဲနေတာကို တွေ့မြင်ကြားသိရပါတယ်။ အုပ်စုတစ်စုက မြန်မာ့အမွေအနှစ်တွေကို ကမ္ဘာ့အဆင့်မြင့်ဆုံး ထိန်းသိမ်းကာကွယ်တဲ့ နည်းပညာအကူအညီနဲ့ ကမ္ဘာ့စံချိန်စံညွှန်းနဲ့အညီ ပုဂံယဉ်ကျေးမှု အမွေအနှစ်တွေကို ရေရှည်တည်တံ့စေလိုတဲ့ ချစ်ခြင်းမေတ္တာ ရှေ့ထားပြီးတော့ သွားချင်ကြတယ်။ ကျန်အုပ်စုတစ်စုကတော့ မြန်မာမင်းတွေ၊ ပုဂံမင်းတွေလက်ထက်ကတည်းက မင်းနဲ့ ပြည်သူ တွဲလက်ညီစွာ ယနေ့ထိတိုင် ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့အတိုင်းပဲ မိမိတို့ရဲ့ အမွေအနှစ်ကို မိမိတို့ပဲ ဆက်လက်ထိန်းသိမ်းသွားမယ်ဆိုတဲ့ ချစ်ခြင်းမေတ္တာ ရှေ့ထားပြီး သွားချင်ကြတယ်။

mawkun-69-postcard

Photo – Myo Set San

ရွှေဆံတော်ဘုရား

ဒါပေမဲ့ အဲဒီလို အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ရှိနေကြ စဉ်မှာပဲ ပုဂံဒေသကြီးတစ်ခုလုံးက ကမ္ဘာ့အမွေအနှစ် ဖြစ်သွားပြီဆိုတာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး အသိပင် ဖြစ်ပါတယ်။ ဒါပေမဲ့

အစိုးရ အဆက်ဆက်က ထိန်းသိမ်းလာခဲ့တဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဒီကနေ့ တန်ဖိုးဖြတ် မရတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ လူတစ်ဦးတစ်ယောက်၊ တစ်မိသားစုပိုင်တဲ့ ခြံဝင်းကျယ်ကြီးတွေရဲ့ အတွင်းမှာ ခြံခတ်သိမ်းပိုက်ခံထားရတယ်။ ရှေးဟောင်းအမွေအနှစ်နဲ့ ခေတ်သစ်အဆောက်အအုံဟာ ရောထွေးစွာ တည်ရှိနေကြပြီး ရှေးဟောင်းအမွေအနှစ်တွေက ဗန်းပြကြော်ငြာခံ၊ အသုံးချခံ ဖြစ်နေရရှာတယ်။ မိမိခြံဝင်းထဲက ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားစေတီပုထိုး အုတ်ကျောင်းတွေကို မိမိစိတ်ကြိုက် တစ်ဦးတစ်ယောက်ပိုင်ထင်ပြီး စီမံချင်သလို စီမံလိုက်ကြတဲ့အခါ မဆုံးရှုံးသင့်တာတွေ၊ မဖြစ်သင့်တာတွေ အားလုံး ဖြစ်ကုန်ကြတယ်။

ဒါကြောင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် ဖြစ်သွားမှာကို အဲဒီခြံခတ်သိမ်းပိုက်ထားတဲ့ ခြံဝင်းကျယ်ပိုင်ရှင်ကြီးတွေက အင်မတန်စိုးရိမ်ကြတယ်။ ယခင်ကလည်း ဒီလိုတွေဖြစ်ခဲ့ကြတယ်။ ယခုလက်ရှိလည်း ဒီလိုတွေ ဖြစ်နေဆဲဟာ မိမိနိုင်ငံရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေနဲ့အညီ အလုပ်မလုပ်ကြလို့ပဲဖြစ်တယ်။ စည်းကမ်းကိုင်ထားတဲ့သူနဲ့ စည်းကမ်းမလိုက်နာသူတွေ ပူးပေါင်းမိသွားတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ရှေးဟောင်းအမွေအနှစ်တွေက ရောင်းကုန်တစ်ရပ်လိုဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် တည်ရှိနေတဲ့မြေ (သို့) ယာမြေကို လန ၃၉၊ ပုံစံ ၁၀၅နဲ့ ဂရန်ပေါက်အောင် ပြုလုပ်ပေးလိုက်တာတွေ၊ ဘုရားစေတီပုထိုး၊ အုတ်ကျောင်းတွေရှိရဲ့နဲ့ ခေတ်သစ်အဆောက်အအုံ၊ ခေတ်သစ်ရေကူးကန် တည်ဆောက်ခွင့်ပြုပေးလိုက်တာတွေဟာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့ တည်ဆဲဥပဒေကို ပေါ်ပေါ်တင်တင် ချိုးဖောက်လိုက်တာပဲဖြစ်တယ်။

mawkun-69-postcard

Photo – Myo Set San

အနုမြူကပ်ကျော်ဘုရား

ဒါကြောင့် အဲဒီလိုလူမျိုးတွေက ကမ္ဘာ့အမွေအနှစ်ကို လုံးဝ မလိုချင်ကြဘူး။ အန္တရာယ်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်အဆင့်ကိုလည်း  အဲဒီလို ကိုယ်ကျိုးစီးပွားထုတ် လူတစ်သိုက်ကပဲ ဖန်တီးလာနိုင်ပါတယ်။ ဒါကြောင့် မိမိနိုင်ငံရဲ့ တည်ဆဲဥပဒေနဲ့အညီ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြဖို့က အဓိကအရေးကြီးဆုံး ဖြစ်နေပါတယ်။ အရင်ကလို အလွဲအမှားတွေနဲ့ လွဲမှားခွင့် မရှိတော့ဘူး ဆိုတာကလည်း သတိကြီးစွာထားရမယ့် အချိန်ကာလ ဖြစ်နေပါပြီ။

 

ဘာသာရေးအမြင်နဲ့ ရှေးဟောင်းသုတေသနအမြင်

ရှင်အရဟံမထေရ်မြတ်နဲ့ ပုဂံမင်းဆက်အပေါင်း ကြွချီတော်မူခဲ့တဲ့ အရိမဒ္ဒနပူရခေါ် ပုဂံပြည်ကြီးက ဗုဒ္ဓသာသနာရောင်ဝါထွန်းတောက်ရာ မင်းနေပြည်တော်ကြီး ဖြစ်ခဲ့တယ်။ အရပ် ရှစ်မျက်နှာတခွင် လက်ညှိုးထိုးမလွဲလောက်အောင် အလွန်အင်မတန် ထည်ဝါခံ့ညားလှတဲ့ သာသနိက အဆောက်အအုံတွေက ပေါကြွယ်ဝစွာ တည်ရှိနေခဲ့ကြတယ်။ ဗုဒ္ဓသာသနာတော်ကို အထွဋ်အထိပ်ထား ကြည်ညိုကိုင်းရှိုင်းတော်မူခဲ့တဲ့ ဗုဒ္ဓအဆုံးအမကို ခံယူပြီး ပုဂံမင်းနေပြည်တော်ကြီးကို သာသနာရောင်ဝါ ထွန်းလင်းတောက်ပစေခဲ့တဲ့ မင်းမြတ်အနော်ရထာနဲ့အတူ ပုဂံတိုင်းသူ ပြည်သားအပေါင်းတို့က ဘာသာသာသနာကို အလေးအမြတ် ထားခဲ့ကြတယ်။

အဲဒီလို ရှေးနှစ်ပေါင်း တစ်ထောင်လောက်က တည်ရှိစေခဲ့တဲ့ သာသနိကအဆောက်အအုံတွေဟာ ယနေ့ အိုမင်းလျက်ရှိနေ ပြီး သဘာဝဘေး၊ ပိုးမွှားတိရစ္ဆာန်ဘေး၊ လူတို့ဘေးတွေနဲ့လည်း စိန်ခေါ်မှုကြီးသဖွယ် ရင်ဆိုင်ကြုံတွေ့နေကြရတယ်။

ရှေးနှစ်ပေါင်းများစွာက အနုပညာလက်ရာမြောက်တဲ့ နံရံဆေးရေးပန်းချီတွေရှိတဲ့ ဘုရားစေတီကို ထုံးသုတ်၊ ထုံးသင်္ကန်း ကပ်လိုက်တဲ့အခါ အလွယ်တကူ အစားထိုးမရတဲ့ ဘယ်လိုငွေကြေးနဲ့မှ ဝယ်လို့မရတဲ့ တန်ဖိုးရှိ အမွေအနှစ်တွေ ပျက်စီးပျောက်ကွယ်ခဲ့ရတဲ့ သာဓကတွေ ရှိနေပါတယ်။

ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ သဒ္ဓါတရား၊ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်လာရင် အင်မတန် စိတ်အားထက်သန်စွာ ပြုလုပ်ဆောင်ရွက်ကြပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတစ်ခုအဖြစ် လက်ဆင့်ကမ်းလာခဲ့တာ ယနေ့ထိတိုင်ပဲဖြစ်ပါတယ်။ ဝမ်းသာပီတိဖြစ်စရာ ဂုဏ်ယူစရာ အလေ့အထလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပုဂံဒေသမှာ ရှိတဲ့ ဘုရားစေတီပုထိုး၊ အုတ်ကျောင်း၊ သိမ်၊ ဇရပ်၊ ဥမင်၊ ခြေတော်ရာ၊ ရေတွင်းရေကန်၊ ဂူကျောင်း အစရှိသည်တို့ဟာ ရှေးယခင်ကတည်းက တည်ရှိခဲ့သလို ဘယ်အရာနဲ့မှ အစားထိုးလို့ မရနိုင်တဲ့၊ ဘယ်လိုငွေကြေးနဲ့မှ ပေးဝယ်လို့မရနိုင်တဲ့ ပုဂံခေတ် အနုလက်ရာပညာရှင်တို့ရဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဆိုတာကိုတော့ အားလုံး လေ့လာသိရှိထားသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

mawkun-69-postcard

Photo – Myo Set San

ကန်တော့ပုလ္လင်ဘုရား

ပုဂံဒေသက ဂူဘုရားတွေအတွင်းမှာ က္ဘာကျော်စေတဲ့ နံရံဆေးရေးပန်းချီတွေများစွာ ကျန်ရှိနေပါသေးတယ်။ အဲဒီလို တန်ဖိုးကြီးတဲ့ နံရံဆေးရေးပန်းချီတွေရဲ့ အနီးပတ်ဝန်းကျင်တွေ မှာ ဆီမီးပူဇော်တာတွေ၊ အမွှေးနံ့သာတိုင်တွေ ပူဇော်တာတွေအတွက် သတိကြီးစွာထားသင့်တဲ့ အချက်ဖြစ်ပါတယ်။ အချိန်ကာလ ကြာမြင့်လာတဲ့အခါ ဆီမီးတိုင်တွေရဲ့ မီးခိုး၊ အမွှေးနံ့သာ တိုင်တွေရဲ့ မီးခိုးငွေ့တွေဟာ ဂူဘုရားအတွင်းရှိ နံရံဆေးရေးပန်းချီတွေကို ထိခိုက်ပျက်စီးသွားစေပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောသလို ဘာသာရေးအမြင်အရ ငါတို့ဘုရား၊ ငါတို့ဆီမီးပူဇောတာ၊ အမွှေးနံ့သာတိုင်ပူဇော်တာ ဘယ်သူ့ခွင့်တောင်းဖို့ လိုသလဲ၊ ဘယ်သူ့ထံ သတင်းပို့ဖို့လိုသလဲလို့ စောဒကတက်စရာရှိပါတယ်။ ဆိုလိုချင်တာက အဲဒီငါတို့ဘုရားက ဘယ်နှရာစုက ဘုရားလဲ၊ ဘယ်လို ထုဆစ်ပုံဖော်ထားလဲ၊ ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာတွေကိုလည်း သတိချပ်ရမှာ ဖြစ်ပါတယ်။ ဘာသာရေးအမြင်အရ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ကုသိုလ်ရစေဖို့လုပ်တာ၊ ဒါပေမဲ့ ရှေးဟောင်းသုတေသနအမြင်အရမှာတော့ ရှေးဟောင်းအမွေ အနှစ်တန်ဖိုးကို ယုတ်လျော့မသွားစေဖို့၊ ဆုံးရှုံးမသွားစေဖို့၊ ရေ ရှည်တည်တံ့စေဖို့ဆိုတဲ့ တန်ဖိုးထားခြင်းကိုလည်း လေးလေး နက်နက် တွေးခေါ်စဉ်းစားရမှာ ဖြစ်ပါတယ်။

 

ပုဂံရဲ့ တန်ဖိုး သိစေဖို့

ဆေးရေးပန်းချီ တည်ရှိတဲ့ ဂူဘုရားအတွင်းက နံရံတွေပေါ် မှာ Correction Pen ၊ ဆော့ဖ်ပင်၊ ဘောလ်ပင်၊ မြေဖြူခဲ၊ အိုးမည်းခဲ၊ သံချောင်းတွေနဲ့ ကြောင်ခြစ်ရေးသားတာတွေဟာ မြန်မာတစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပုဂံအတွက် အရုပ်ဆိုး အကျည်းတန်သွားစေပြီး မိမိတို့ချစ်မြတ်နိုးပါတယ်ဆိုတဲ့ အမွေအနှစ်ကို ကိုယ်တိုင်ဖျက်ဆီးလိုက်တာပဲ ဖြစ်ပါတယ်။ တန်ဖိုးမသိလို့ အမှုမဲ့ အမှတ်မဲ့ လုပ်ခဲ့တာဆိုရင်လည်း တန်ဖိုးသိတဲ့ပုဂ္ဂိုလ်တွေက ပထမအနေနဲ့ ကျယ်ပြန့်စွာ အသိပညာပေးရမှာ ဖြစ်သလို ဒုတိယအနေနဲ့ တားမြစ်သတိပေးပြီး တတိယအနေနဲ့ ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ နံရံဆေးရေးပန်းချီတွေ ရှိတဲ့နံရံတွေမှာ လျှပ်စစ်မီးကြိုးသွယ်တန်းခြင်း၊ လျှပ်စစ်မီးပလပ်ခုံ တပ်ဆင်ခြင်း၊ လျှပ်စစ်မီတာတပ်ဆင်ခြင်းဆိုတဲ့ အသိဉာဏ်ပညာကင်းမဲ့တဲ့ လုပ်ရပ်တွေကလည်း ဒီကနေ့ပုဂံဒေသအတွက် စိုးရိမ်ပူပန်စရာ အရေးကြီးဆုံး အဓိကအချက်ပဲ ဖြစ်ပါတယ်။

ရှေးယခင်ကတည်းက မင်းနဲ့ပြည်သူ လက်တွဲညီစွာ ထုဆစ်ပုံဖော်ခဲ့ကြတဲ့ အနုသုခုမလက်ရာတွေ၊ အင်္ဂတေပန်းတွေ၊ ငါးရာ့ငါးဆယ်ဇာတ်ရုပ်ပန်းချီတွေ၊ စဉ့်သုတ်ရုပ်ချပ်တွေ၊ စဉ့်ကွက်၊ စဉ့်ကြာပွင့်၊ စဉ့်ပန်းတွေ၊ နံရံဆေးရေးပန်းချီကားချပ်တွေ၊ ကမ္ပည်းကျောက်စာတွေ၊ ဘီလူးခေါင်း၊ နတ်ရုပ်၊ ပန်းဆွဲတွေ၊ အုတ်ခွက်၊ စဉ့်ခွက်၊ အုတ်ချပ်တွေနဲ့ သမိုင်းယဉ်ကျေးမှု၊ အနုပညာ၊ ရှေးဟောင်းသုတေသန အချက်အလက် အထောက်အထားများစွာ တည်ရှိနေတဲ့ အခမ်းနားဆုံး နေရာဒေသကြီးတစ်ခု ဖြစ်တယ်။

အဲဒီလို သမိုင်းအစဉ်အလာကြီးမားတဲ့ တန်ဖိုးရှိ ရှေးဟောင်းအမွေအနှစ်တွေကို နောင်လာနောက်သား မျိုးဆက်ပေါင်းများစွာအထိ လက်ဆင့်ကမ်း ထင်ကျန်စေဖို့ဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ လုပ်ရပ်တွေ၊ စိတ်ဓာတ်တွေကို ချက်ချင်းပြုပြင်ရမှာဖြစ်ပြီး အုတ်ကျိုးလေးတစ်ချပ်၊ အိုးခြမ်းပဲ့လေးတစ်ခုကစလို့ တန်ဖိုးထားတတ်ကြရမှာ ဖြစ်ပါတယ်။

mawkun-69-postcard

Photo – Myo Set San

သက်တော်ရဘုရား

အဲဒါကြောင့် ပုဂံကို အမှီပြုပြီး အမေရိကန်ဒေါ်လာငွေတွေ ရရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ ခြံဝင်းအတွင်းက ရှေးဟောင်းအမွေအနှစ်တွေကို ခြံဝင်းအပြင်ဘက် ထုတ်ပေးခြင်းဖြင့် ပုဂံကို ဂုဏ်မပြုသင့်ဘူးလား။ ပုဂံကို စီမံခန့်ခွဲနေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့လည်း ရှေးဟောင်းအမွေအနှစ်နဲ့ ပတ်သက်လာရင် နိုင်ငံတော်အစိုးရမှ တရားဝင်ပြဋ္ဌာန်းထားတဲ့ တည်ဆဲဥပဒေအတိုင်း မည်သည့်မျက်နှာမှ မထောက်ထားဘဲ တိကျပြတ်သားစွာ ဆောင်ရွက်ခြင်းဖြင့် ပုဂံကို ဂုဏ်မပြုသင့်ဘူးလားဆိုတာ ပြန်လည်ဝေဖန်သုံးသပ်သင့်ပြီ ဖြစ်ပါတယ်။ အဓိက နဲ့ သာမညကို အပိုင်းနှစ်ပိုင်းခွဲပြီး လုပ်ငန်းစတင်သင့်ပြီ ဖြစ်          ပါတယ်။

 

ကျူးကျော် ခြံခတ်ခံထားရတဲ့ ရှေးဟောင်းအမွေအနှစ်များ

ဒီကနေ့ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုပြီး ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ ခြံဝင်းကျယ်ကြီးတွေက ကျူးကျော်သိမ်းပိုက် ခြံခတ်ခံထားရတဲ့ ရှေးဟောင်းအမွေအနှစ်ကို ပွင့်လင်းမြင်သာစွာ လမ်းဖွင့်ပေးခြင်းကတော့ မရှိသေးပေ။ တချို့ ခြံဝင်းတွေက တာဝန်မှအပမဝင်ရ သို့မဟုတ် ဝင်ခွင့်တောင်းပါဆိုတဲ့ စာတန်း ချိတ်ဆွဲထားသလို ဘုရားဖူးချိန် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ သတ်မှတ်ထား တာတွေကလည်း ရှိနေပါတယ်။ ဒါတင်မကသေးပါဘူး၊ ရှေးဟောင်းအမွေအနှစ်တွေ သိမ်းပိုက်ထားတဲ့ ခြံဝင်းထဲမှာ ကိုက်တတ်တဲ့ခွေးတွေ မွေးထားသလို ဘုရားဖူးလို့ ရနိုင်ပါတယ် ကြေညာထားပြီး ခြံတံခါးကို သော့ပိတ်ထားတာတွေလည်း ရှိနေဆဲပါ။

တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ပုဂံယဉ်ကျေးမှု အမွေအနှစ်တွေကို တစ်ဦးတစ်ယောက် တစ်မိသားစုပိုင်အဖြစ်မှ ခြံခတ်သိမ်းပိုက်ထားခြင်းဟာ ယခင်အစိုးရအဆက်ဆက် လက်ထက်ကစလို့ လက်ရှိအစိုးရလက်ထက်အထိပဲ ဖြစ်ပါတယ်။ ခြံဝင်းကျယ်ကြီးတွေအတွင်းမှာ လေ့လာစရာ ရှေးဟောင်းအမွေ အနှစ်တွေများစွာ ရှိနေပြီး အဲဒီ ခြံဝင်းကျယ်ကြီးတွေအတွင်းက ရှေးဟောင်းအမွေအနှစ်တွေကို ဘယ်အချိန်မှာ ဘယ်လိုဝင်ရောက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုတာ အရေးတကြီးကိစ္စတစ်ခုဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ၊ မြန်မာဘုရားဖူးတွေ၊ ဒေသခံပြည်သူတွေအနေနဲ့ စစ်ဆေးမေးမြန်းခြင်း မရှိဘဲ ၂၄ နာရီ လွတ်လပ်စွာ ဝင်ရောက်ဖူးမြော်လေ့လာခွင့်၊ မှတ်တမ်းတင်ခွင့် ရှိနိုင်ဖို့အတွက် ပုဂံဒေသကိုတာဝန်ယူ စီမံခန့်ခွဲ အုပ်ချုပ်နေတဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေအနေနဲ့ တည်ဆဲဥပဒေအတိုင်း အလုပ်လုပ်သင့်တဲ့အခြေအနေ ရောက်ရှိနေပါပြီ။

mawkun-69-postcard

Photo – Myo Set San

စိုက်ပျိုးရေးခြံဝန်း

ခြံခတ်သိမ်းပိုက်ထားတဲ့ ခြံဝင်း သို့မဟုတ် ဟိုတယ်ဝင်းတွေရဲ့ အဝင်ပေါက်တွေမှာ ရှေးဟောင်းအမွေအနှစ်တွေဖြစ်တဲ့ ဘုရားစေတီပုထိုး၊ အုတ်တိုက်၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ခြေတော်ရာ များရဲ့ ဘွဲ့တော် သို့မဟုတ် ဘုရားအမှတ်တို့ကို လမ်းညွှန်ဆိုင်းဘုတ်များဖြင့် ဖော်ပြသင့်တဲ့အချိန် ရောက်ပြီဖြစ်တယ်။ မည်သည့် ခြံဝင်း၊ ဟိုတယ်ဝင်းထဲမှ မည်သည့် ရှေးဟောင်းအမွေအနှစ်မဆို မည်သည့်အချိန်မှာပဲဖြစ်ဖြစ် ဝင်ရောက်ခွင့်ရရှိစေရန် ဖော်ဆောင်ပေးသင့်တဲ့ အချိန်ရောက်ပြီဖြစ်တယ်။ ဒါမှသာ ကျူးကျော်ခြံခတ်ထားတဲ့ ခြံဝင်းတွေထဲက ပုဂံယဉ်ကျေးမှုအမွေအနှစ်တွေရဲ့ လက်ရှိအခြေအနေ မြင်ကွင်းတွေကို အများပြည်သူတွေ သိရှိနိုင်မှာဖြစ်တယ်။ ဘယ်လောက်ပျက်စီးနေပြီလဲ၊ ဘယ်လိုဆိုးကျိုးတွေ ဖြစ်နေပြီလဲ၊ အချိန်မီ ဘယ်လိုကာကွယ်ထိန်းသိမ်းရမလဲဆိုတာ တိကျသေချာစွာ သိရှိနိုင်မှာဖြစ်တယ်။

ယခင်အစိုးရလက်ထက်တွေကတည်းက ရှိနေခဲ့တဲ့ဟာတွေ ဒီအတိုင်းပဲ ဆက်ရှိနေပါစေတော့ဆိုတဲ့ ပေါ့ပျက်ပျက်စကားလုံးနဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အပြောအဆိုတွေဟာ မိမိတာဝန်ယူ နေရာယူထားတဲ့ ရာထူးနဲ့ ထိုက်တန်မှုရှိရဲ့လားဆိုတာ အသေအချာ ပြန်လည်သုံးသပ်သင့်ပါတယ်။ ခေါင်းဆောင်တွေ ကိုယ်တိုင်က ရှေးဟောင်းအမွေအနှစ်တွေရဲ့ တန်ဖိုးကိုမသိရင်၊ ချစ်မြတ်နိုးတဲ့စိတ် မများရင် တိုင်းသူပြည်သားတွေအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ အသိပညာတွေ ဖြန့်ဝေကြမလဲ။ ထို့ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေကြီးအတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အပေါ် အမြတ်တနိုး တန်ဖိုးထားတတ်ပြီး နည်းမှန်လမ်းမှန် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းတွေနဲ့ စီမံခန့်ခွဲနိုင်တဲ့ ခေါင်းဆောင်တွေ များစွာလိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


#mawkun #magazine #chronicle #postcard #bagan #no69


 

အမျိုးအစား - ပို့စ်ကဒ်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."