ဖေဖော်ဝါရီ ၂၅ ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၃ တွင် “ လှိုင်သာယာ – တွံ့တေး ကားလမ်းဘေး ပန်းလှိုင် တံတားအဆင်းရှိ ဆီသိုလှောင်ခြံမီးလောင်မှုဖြစ်” ဆီသိုလှောင်ခြံ မီးလောင်မှုဖြစ်ကြောင်း သတင်းမှားယွင်းဖော်ပြမှု ကြောင့် သတင်းပေးပို့သူ သတင်းထောက်ထွန်းလှိုင်(မြိုင်)နှင့် တာဝန်ရှိစာတည်းအဖွဲ့ဝင်နှစ်ဦးကို ဝန်ထမ်းစည်းမျဉ်းအရ အသီး သီးပြစ်ဒဏ်ချမှတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနသတင်းနှင့်စာနယ်ဇင်းလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက် ဆွေက မော်ကွန်းကို ပြောသည်။
“ ပထမတစ်ခုက ကာယကံရှင်သတင်းထောက် ထွန်းလှိုင်မြိုင်ကိုတော့ တစ်နှစ်ပေါ့ သူရဲ့သတင်းတွေကို မြန်မာ့အလင်းနဲ့ ကြေးမုံမှာ အသုံးမပြုဘဲထားပါမယ်။ ဒုတိယတစ်ခုက မြန်မာ့အလင်းက စာတည်းအဖွဲ့ဝင်နှစ်ဦးပေါ့၊ စာတည်းအဖွဲ့ဝင်နှစ်ဦး ကိုတော့ ဦးဆောင်ညွှန်ကြားရေးမှူးကနေ စာနဲ့သတိပေးတာလုပ်ပါတယ်။ အဲ့လိုပြစ်ဒဏ်ချမှတ်ထားပါတယ်။” ဟု ၎င်းက ဆိုသည်။
ထိုသတင်းမှားယွင်းဖော်ပြမှုနှင့်ပတ်သက်၍ မြန်မာ့အလင်းသတင်းစာ စာတည်းမှူးချုပ်က ‘ဆီသိုလှောင်ခြံ မီးလောင်မှုဖြစ် ခေါင်းစဉ်ပါသတင်းမှာ သတင်းထောက်ထွန်းလှိုင်(မြိုင်)က ပေးပို့လာသဖြင့် မြန်မာ့အလင်းစာတည်းအဖွဲ့က ဖော်ပြမိခဲ့ ခြင်းဖြစ်ပါသည်။ အဆိုပါသတင်းမှာ ယမန်နှစ်ကဖြစ်ပွားခဲ့သော သတင်းဟောင်းတစ်ပုဒ်ဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် ယခုကဲ့သို့ မှားယွင်းဖော်ပြမှုအတွက် စာဖတ်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။ မှားယွင်းမှုအတွက် တာဝန် ရှိသော သတင်းထောက်နှင့် စာတည်းအဖွဲ့မှတာဝန်ရှိသူများအား လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း’ ထိုနေ့မှာပင် ပြန်ကြားရေးဝန်ကြီးဌာနဖေ့စ်ဘုတ် စာမျက်နှာတွင် တောင်းပန်စာ ဖော်ပြခဲ့သည်။
၂၀၁၈ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း “ဆွာချောင်းတမံမှ ရေများစတင်ကျော် လျက်ရှိပြီး တမံကြံခိုင်မှု ကောင်းမွန်၍ စိုးရိမ်ဖွယ်ရာမရှိ” သတင်းခေါင်းစဉ်ဖြင့်ဖော်ပြခဲ့ပြီး နောက်တစ်နေ့တွင် ဆွာရေ လှောင်တမံ ကျိုးသွားခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း မော်ကွန်းက ဆက်စပ်မေးမြန်းခဲ့ရာတွင် အထွေထွေမန်နေဂျာဦးသက်ဆွေက “ကျွန်တော် တို့က ဝင်ပြီးအာမခံသလိုဖြစ်သွားတယ်။ ဒါကြောင့် ဒီကိစ္စမျိုးကို သတိပြုလိုက်နာဆောင်ရွက်ကြရန်ဆိုပြီး ဆွေးနွေးချမှတ် ထားပါတယ်။” ဟု ပြောသည်။
စာမျက်နှာ ၃၂ မျက်နှာပါ အစိုးရသတင်းစာတစ်စောင်၏ ကုန်ကျစရိတ်မှာ ၁၁၅ ကျပ်ရှိပြီး ၅၀ ကျပ်အရှုံးခံရောင်းချနေကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ သန်ုး ၁,၁၀၀ ကျော် အရှုံးပေါ်နိုင်သည်ဟု ပြန်ကြားရေးဝန်ကြီးဦးဖေမြင့်က ပြီးခဲ့သည့်နှစ် လွှတ်တော်အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်။