မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ၂၈နှစ်ခရီး သင်ခန်းစာများနှင့် အပြုသဘောရှေ့ဆက် ထူထောင်နိုင်စေရေး

မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း ၂၈နှစ်ခရီး သင်ခန်းစာများနှင့် အပြုသဘောရှေ့ဆက် ထူထောင်နိုင်စေရေး

အာဏာရှင်စနစ်ပုံစံတစ်မျိုးမျိုးမှ ရုန်းထွက် ကြခြင်းကို ယနေ့မော်ဒန်စကားအရ ‘ဒီမို ကရေစီ အကူးအပြောင်း’၊ ‘ဒီမိုကရေစီ ဖော် ဆောင် ကူးပြောင်းခြင်း’ဟု ခေါ်ဝေါ်သုံးနှုန်း ကြပါ၏။ ထိုသို့ရုန်းထွက်ရန် ကြိုးစား အားထုတ်ဆဲ နိုင်ငံများကိုလည်း ‘အကူး အပြောင်းနိုင်ငံများ’ဟု နာမည်တပ် ကြသည်။

စာရေးသူတို့နိုင်ငံသည်လည်း ထိုစာရင်းထဲ ပေါက်နေခဲ့သည်မှာ ၂၈ နှစ်တိတိ ကျော်လာခဲ့ပြီဟု ယေဘုယျ ဆိုနိုင်ပါ၏။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆုံမှတ် အဖြစ်ထား၍ တွက်ချက် ယူငင်ပြောဆိုလိုက်ခြင်းဖြစ်ပြီး အာဏာ ရှင်စနစ် ပုံစံအောက်ကို တကယ်တမ်းကျရောက်ခဲ့၊ ကျရောက် ခံ ခဲ့ကြရသည်ကတော့ ၁၉၆၂၊ မတ် ၂ ရက် တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့ချိန်ကတည်းက ဖြစ်သည်။

၁၉၆၇ တရုတ်-ဗမာ အရေးအခင်း၊ ၁၉၆၉ ကျွန်းဆွယ် အရေးအခင်း၊ ၁၉၇၄-၇၅-၇၆ ဦးသန့်အရေးအခင်းနှင့် အလုပ် သမားအရေးအခင်းများ၊ မှိုင်းရာပြည့်အရေးအခင်း စသဖြင့် ထိုစဉ်က အာဏာရှင်ခေတ်နှစ်ခေတ်ကို တော်လှန်ရုန်းကြွ ခဲ့မှုတို့ စဉ်ဆက်မပြတ် ဖြစ်ခဲ့၊ ရှိခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်း အတာအထိ မရောက်ရှိခဲ့၊ အသွင်မဆောင်နိုင်ခဲ့ပါ။ ၁၉၈၈ ကတော့ နိုင်ငံနှင့်အဝန်းချီ ရုန်းကြွမှုကြီးဖြစ်ခဲ့ပြီး တော်လှန်ရေး ကောင်စီ (၁၉၆၂-၁၉၇၄)မှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ (မဆလ) အမည်ပြောင်း၍ ၁၉၇၄ ဖွဲ့စည်းပုံဖြင့် တစ်ပါတီ အာဏာရှင်စနစ် ပုံစံကြီးကို ဖြိုချနိုင်ခဲ့ပါသည်။

ဗိုလ်ချုပ်ကြီး နေဝင်း၏ ပုံပြောင်း၊ အမည်ပြောင်း အာဏာ ရှင်ခေတ် နှစ်ခေတ် နိဋ္ဌိတံခဲ့ရသောကြောင့် ၁၉၈၈ ကို ဆုံမှတ်ဟု ယူလိုက်ခြင်းဖြစ်ပါ၏။ သို့သော်လည်း ၁၉၈၈ သည် ပြင်သစ်တော် လှန်ရေးကဲ့သို့ပင် အမြင့်ကြီးပျံတက်၍ နဂိုနေရာပြန်ပြုတ်ကျဟု ရင်ထုမနာသုံးသပ်ကြရ၏။ စစ်ဘက်က ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းပြီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်း၌ ထပ် ဆင့် အာဏာပြန်သိမ်းလိုက်ခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ (နဝတ) စစ်အာဏာရှင်အစိုးရ တက်လာခြင်း ဖြင့် နောက်ထပ်ပုံစံတစ်မျိုးအောက် ကျရောက်ခံခဲ့ကြရပြန် တော့သည်။ နေ့ချင်းညချင်း ကျောင်းသားလူငယ်ထောင်ပေါင်း များစွာ နယ်စပ်များ (အထူးသဖြင့် ထိုင်းနယ်စပ်) သို့ တိမ်းရှောင် သွားခဲ့ကြ၏။ အစောပိုင်း ကတိကဝတ်များအရ ရွေးကောက်ပွဲ လုပ်ပေးဖို့ရှိသော်လည်း ၁၉၉ဝ ရွေးကောက်ပွဲမတိုင်ခင်နှင့် နောက်ပိုင်း၌ နိုင်ငံရေးတက် ကြွလှုပ်ရှားသူအားလုံးနီးပါး ထောင် သွင်းအကျဉ်းချခံခဲ့ကြရ၏။ ၁၉၉ဝ ရွေးကောက်ပွဲ၏ တောင်ပြို ကမ်းပြို NLD အနိုင်ရလဒ်သည်လည်း အကြောင်းအမျိုးမျိုး၊ ဆင်ခြေအမျိုးမျိုး (အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေး၊ နိုင်ငံက ငြိမ်ဝပ်ပိပြားမှု မရှိသေးဟု ဆို၏) ဖြင့် အဟောသိကံ ဖြစ်ခဲ့ရပါ၏။ ၁၉၉၃ တွင် အမျိုးသားညီလာခံ စတင်ခေါ်ယူခဲ့ပြီး ၁၉၉၇ ၌ နဝတအမည်ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု ပြောင်းလဲလိုက်သည်။ ဝန်ကြီး၊ တိုင်းမှူးအများအပြား အသစ်ခန့်အပ် သွေးသစ်လောင်းသည်။ ထိုကာလ ၁၉၉၆-၉၈ အတွင်း၌ ထောင်မှ ပြန်လွတ်လာခါစ ၈၈ မျိုးဆက်ကျောင်းသားတချို့နှင့် ၁၉၈၈ တုန်းက အလယ်တန်း၊ အထက်တန်းအရွယ် (အကသ) မျိုးဆက်များ ပူးပေါင်း၍ ရန် ကုန်တက္ကသိုလ်ကို အခြေပြုပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးသော်ငြား အားလုံးနီးပါး အဖမ်း ထပ်ခံလိုက်ကြရခဲ့ပြန်၏။

၁၉၉၇ နအဖသို့ အမည်ပြောင်းပြီးနောက်ပိုင်းမှာ စစ်ဘက် သည် အကြီးအကျယ်စီးပွားရှာခဲ့လာတော့၏။ အထင်ရှားဆုံး၊ အမြင်သာဆုံးမှာ သယံဇာတများ အားလုံးနီးပါး ထုတ်ရောင်းခြင်း ပုံစံဖြစ်သည်။ နိုင်ငံတွင်းရှိ စက်မှု၊ ဝန်ဆောင်မှု၊ ရောင်းဝယ်ဖောက် ကားမှု စသဖြင့် လုပ်ငန်းပမာဏ ကြီးငယ်တိုင်းလိုလိုကို ချုပ်ကိုင် လာခဲ့၏။ အကျိုးဖြစ်ထွန်းမှာ သေချာသည့် လုပ်ငန်းမှန်သမျှ လက်ဝါးကြီးအုပ်ယူသည်။ ကိုယ်တိုင်မလုပ်လျှင် လက်သင့်ရာ များ၊ ရှာဖွေပေးနိုင်၊ ထိုးကျွေးနိုင်သူများကို ခွဲဝေပေးသည်။ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဆို၍ တရုတ်၊ ထိုင်းနှင့် စင်ကာပူလောက်သာ ရှိပြီး စစ်ရေးနှင့် စစ်လက်နက်ကိစ္စ၊ ကြွေးမြီနှင့် ချေးငွေကိစ္စ၊ မြန် မာ့ကုန်ကြမ်းမှန်သမျှ ရသမျှ လိုချင်သော တရုတ်ကို နံပါတ်တစ် ပေးထားခဲ့လိုက်သည်။

၁၉၉ဝ ဝန်းကျင် (ထိုစဉ်က) အတွင်းရေးမှူး ၁ ဦးဆောင်ခဲ့ သော ငြိမ်းချမ်းရေးဆိုသည်ကလည်း ကိုယ့်ဒေသမှာ၊ ကိုယ့် အဝန်းအဝိုင်းလေးမှာ စီးပွားရေးလုပ်ချင်ရာလုပ်၊ ပြည်ထောင်စု နိုင်ငံရေးထဲ ဝင်မစွက်နှင့်ဆိုသော အပေးအယူမျိုးဟုသာ မြင်ရ သည်ဖြစ်၍ ထင်ရာစိုင်းကြသော တိုင်းရင်းသားအုပ်စုများ လက် နက်ကိုင်၍ ဗိုလ်လုပ်ကြတမ်း ကစားပြီး စစ်ဘုရင် (နယ်မြေ အလိုက်) ဝါဒ ပေါ်ထွန်းရေးသာ ဖြစ်ပေါ်လာစေခဲ့ပါ၏။

၂ဝဝ၃-၂ဝဝ၄ တွင် တန်ခိုးထွားလှသော စစ်ထောက်လှမ်း ရေးကို ဖျက်သိမ်း၊ လူတွေဖမ်းခြင်းဖြင့် ဇာတ်တူသား စားခဲ့ကြ သေးသည်။ ၂ဝဝ၇ တွင် အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်ခြင်း ကြောင့် ၈၈ နှင့် အခြားမျိုးဆက်ကျောင်းသားများ စုဝေးစီတန်း ဆန္ဒပြ၏။ ရွှေဝါရောင်တော်လှန်ရေးကြီး အထင်ကရ ထွက်ပေါ် လာ၏။ ဗကသမျိုးဆက်သစ်များ စတင်ပေါ်ထွန်းလာ၏။ သံဃာ တော်များ သွေးမြေကျ၊ ကျောင်းသားနှင့် လူငယ်၊ လူလတ်ပိုင်း တွေ ထပ်အဖမ်းခံကြရခဲ့ပါ၏။ နိုင်ငံတော်နှင့် နိုင်ငံသားတို့ ချုံးချုံး ကျစ ပြုလာရုံမက တိုင်းပြည်စီးပွားရေးသည်လည်း လက်တစ် ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့၏ အစွယ်အပွား ခရိုနီအနည်း ငယ်လက်ထဲ၌သာ ရောက်နေတော့၏။

ထွက်ပေါက်နည်းလမ်း မဖြစ်မနေ လိုအပ်လာခဲ့ပြီဖြစ်သော စစ်အာဏာရှင်စနစ် ဦးဆောင်သူတို့က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အပြီးသတ်၍ လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ အကွက်ပြောင်း ကစားကွက် ရွှေ့လိုက်ခဲ့တော့သည်။ လူပေါင်းသိန်းချီ သေကျေ ပျက်စီးခဲ့ရသော နာဂစ်မုန်တိုင်းကြီး တိုက်ခတ်နေသည့် ကာလ မှာပင် ထိုလူထုဆန္ဒခံယူပွဲကို ရအောင်၊ ဖြစ်အောင် လုပ်ခဲ့၏။ အဖြေက ၉၂ ရာခိုင်နှုန်းကျော် ထောက်ခံသည် ဟူသတတ်။၂ဝဝ၈ ဖွဲ့စည်းပုံကိုလည်း နာဂစ်ဖွဲ့စည်းပုံဟု အများပြည်သူက အရပ် စကားသုံး၍ ခေါ်တွင်တော့သည်။ ၂ဝ၁ဝ၊ နိုဝင်ဘာတွင် ရွေး ကောက်ပွဲလုပ်၏။ ယခင် နဝတ၊ နအဖအကြီးအကဲက နာယက လုပ် ထူထောင်ခဲ့သော လူမှုရေးအသင်းလိုလို ဘာလိုလိုကြီးကို ပြည်ခိုင်ဖြိုးအမည်နဲ့ပဲ ပါတီဖွဲ့စေပြီး တစ်ကောင်တည်းပြေးသော မြင်းပွဲသဖွယ် ပန်းဝင်ဗိုလ်စွဲ၏။ NLD မဝင်ခဲ့သော ရွေးကောက်ပွဲ ဖြစ်ပြီး ၁၉၉ဝ NLD အမာခံတချို့က NDF အဖြစ် ခွဲထွက်၍ ပါ တီထောင်ပြီး ဝင်ပြိုင်ခဲ့ရာ ပေးသလောက်နေရာတချို့တော့ ရခဲ့ ပါ၏။ လွှတ်တော်တွင်း အပြလှစေဖို့ဟု မြင်ကြသည်။

၂ဝ၁၁၊ မတ်တွင်တော့ အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားစီ ရင်ရေး မဏ္ဍိုင်သုံးရပ် ပေါင်းစည်းထားကြသော အစိုးရကို ဦးသိန်းစိန် သမ္မတအဖြစ် ဦးဆောင်သော ပြည်ထောင်စုအစိုးရ အဖွဲ့၊ စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်လွှမ်းမိုး များပြားလှသော လွှတ်တော်များနှင့် ယခင်အတိုင်း ထူးမခြားနား တရားစီရင်ရေး ဟူ၍ ထွက်ပေါ်ခဲ့ပါတော့သည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီသည် ‘အာဏာ’ အရာ၏ နောက်ကွယ်မှ ဇာတ် ဆရာကဲ့သို့ရှိရာ ပြည်ခိုင်ဖြိုးနှင့် စစ်ဘက်က အလုံးစုံအပြည့်အဝ နေရာယူ ထိန်းချုပ်ထားလိုက်သည်။ ကာ/လုံသည် ၂ဝဝ၈ ဖွဲ့ စည်းပုံ၏ ဝှက်ဖဲနှင့် ဂျိုကာဖြစ်ပြီး ငါးနှစ်တာကာလ စိတ်ချရစေခဲ့ သော ဒိုင်းဖြစ်ပါ၏။ ဤပထမအကြိမ်လွှတ်တော်နှင့် အစိုးရသက် တမ်း ငါးနှစ်တာအတွက် အတွင်းစည်း၊ အပြင်စည်းအားလုံး လုံ ခြုံစိတ်အေးရစေရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာ/လုံ နှင့် ညှိနှိုင်း၍ အခြေအနေအရ လိုအပ်ပါက နိုင်ငံတော်တာဝန် လွှဲ ပြောင်းရယူနိုင်စေရေးအတွက် ၂ဝဝ၈ ဖွဲ့စည်းပုံမှာ အခိုင်အမာ ထည့်သွင်းထားသည်။ ယခုထိလည်း တည်ဆဲဖြစ်သည်။ တည့် တည့်ပြောရပါက အချိန်မရွေး စစ်ဘက်က အာဏာပြန်သိမ်းနိုင် ခြင်း ဖြစ်ပါ၏။

ကမ္ဘာ့နိုင်ငံများ၏ ဒီမိုကရေစီအကူးအပြောင်း လေ့လာမှု အထွေထွေတို့အရ ၂ဝဝ၈ ဖွဲ့စည်းပုံ၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁၁ ၌ ဖြစ်တည်လာခဲ့သော (ကွယ်လွန်သူ ဆရာကြီးဟံသာ ဝတီဦးဝင်းတင်ကတော့ စစ်တစ်ပိုင်းအစိုးရဟု ဗြောင် သုံးစွဲခေါ် ဝေါ်ခဲ့၏။ အစိုးရကို လမ်းတစ်ကြောင်း စအပွင့်၊ အဖွင့် (Openess) ဟု ယူကြရပါသည်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးများကလည်း အပြုသဘောဆောင်၍ လက်ကမ်းကြိုဆို ပေးလာခဲ့ကြပါ၏။ ဤ ဖြစ်စဉ် ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတော့်ကို ထိ တွေ့ဆက်ဆံ လေ့လာလာခဲ့ကြသည်။ မြန်မာမိုဒယ်ဟု သုံးစွဲကြ သော အပြောင်းအလဲတစ်ရပ် စတင်ပေါ်ပေါက်ပုံ ရလာဖွယ်ရှိခြင်း အပေါ် စိုးရိမ်စိတ်တစ်ဝက်၊ ဖြစ်စေချင်စိတ်တစ်ဝက်ဖြင့် မြန်မာ ပြည်သူလူထုကလည်း သံသယပွား၊ ဒွိဟများနေခဲ့ကြသော်ငြား မျှော်လင့်ချက်ကို စတင်ရည်မျှော်လာခဲ့ကြပါ၏။

ဆောင်းပါးအစပိုင်း၌ ပြောထားခဲ့သလို ၁၉၆၂ မှ စတင်ခဲ့ သော မြန်မာ့အနီးခေတ်အာဏာရှင်သမိုင်းသည် ၅၄ နှစ်ကြာခဲ့ ပြီဖြစ်သော်လည်း ဒီမိုကရေစီ အကူးအပြောင်းစတင်ရွေ့လျား ဖွင့်လှစ်မှုအား ၁၉၈၈ ဟု တည်၍ ဆုံမှတ်အဖြစ် ယူလိုက်ခြင်းဖြစ် ရာ ယနေ့အထိ ရည်မှန်းချက်မရောက်သေးသောကြောင့် ၂၈ နှစ် ဟု ဆိုလိုက်ခြင်းဖြစ်ပါ၏။ ဤဆောင်းပါးစာစုသည် သမိုင်း၏ စုတ် ချက်ကြမ်းကြီးများကို ခြုံငုံလှစ်ပြ လည်ပြန်ကြည့်နေခြင်း ဖြစ် သောကြောင့် မလှမပတွေဘဲ များပြားနေပါလိမ့်မည်။ လည်ပြန် ကြည့်သည်ဆိုရာ၌လည်း ပြည်သူလူထု နိုင်ငံသားအများစုဘက်မှ ကိုယ်စားပြုရပ်တည်၍ သုံးသပ်ကြည့်မြင်ယူခြင်းဖြစ်၏။ ထိုထို မလှပခြင်းတွေကို ဘယ်လိုပြန်လည်၍ လှပအောင် ပုံဖော်နိုင်ကြ စေရမည်လဲ။ ဒါက သော့ချက်ကျ၊ ပဓာနနှင့် အဓိကဖြစ်၏။ သင် ခန်းစာများများ ယူတတ်၊ ယူနိုင်ကြရပေမည်။ ပစ္စက္ခနှင့် အနာ ဂတ်အတွက် ရည်သန်ခြင်း စစ်မှန်ပါက (သမိုင်းကိုတော့ ဖျောက် ဖျက်ပစ်၍ မရနိုင်ငြား) ပြုပြင်ပြောင်းလဲ ဖြစ်ပေါ်တိုးတက်စေခြင်း နိယာမဖြင့်သာ လက်တွေ့ရောက်ရှိနိုင်ပါ၏။ အပြုသဘောဆောင် စိတ်ထားဖြင့် ဆင်ခြင်တုံနှင့် ဉာဏ်ပညာကို အားကုန်ထုတ်သုံး ကြရပါမည်။ စိတ်ဓာတ်နှင့် ဝီရိယ အစွမ်းကုန်အားအပြည့်ထည့် ကြရပါမည်။ အာဃာတတွေ၊ အမုန်းစိတ်၊ အငုံ့စိတ်၊ မခံချင်စိတ်၊ ခံစားမှုစိတ်တွေဖြင့် အလုပ်မဖြစ်နိုင်တော့ပါ။

ပြည်ခိုင်ဖြိုးငါးနှစ်တာ

အကျည်းတန်လှသော ၂၆ နှစ် (၁၉၆၂-၁၉၈၈)နှင့် ပိုအရုပ် ဆိုးလှသည့် ၂၃ နှစ် (၁၉၈၈-၂ဝ၁၁) စုစုပေါင်း ၄၉ နှစ်သည် ပြည် သူလူထုနိုင်ငံသားတစ်ရပ်လုံး စုန်းစုန်းမြုပ်လုနီးပါး အမှောင်ကျ စေခဲ့ပြီး အာဏာရှင်စနစ်ဖြင့် အသက်မွေး မွေ့လျော်သူ လက်တစ် ဆုပ်စာကသာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လူထုရေးအား လုံးကို ယတိပြတ် ကြမ်းကြမ်းရှရှ အုပ်စိုးမင်းမူခဲ့သော ကာလဖြစ် ခဲ့၏။ ထိုထို ၄၉ နှစ်ဖြတ်သန်းချက်ကို အပြုသဘောဖြင့် ပြင်ဆင် ပြောင်းလဲပေးနိုင်မလား၊ ပြည်ခိုင်ဖြိုးအစိုးရအပေါ် သံသယများ ဖြင့် အနည်းငယ်မျှော်လင့်ခဲ့ကြ၏။ ပြည်သူက အခံဘက်ကချည်းမို့ ပြည်သူကိုလည်း (နည်းနည်းဖြစ်ဖြစ်) မျက်နှာမူ စေတနာထား၊ ၎င်းတို့၏ ထွက်ပေါက်အမှန်ကိုလည်း လျှောက်လှမ်းနိုင်ကြပါစေ ကြောင်း မဝံ့မရဲ စောင့်ကြည့်လာခဲ့ကြ၏။ ‘သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး’ဟု ဦးသိန်းစိန်ကိုယ်တိုင် စတင် ကြွေးကြော်ကတိပြုခဲ့ပြီး ဆယ်စုနှစ်များစွာ မပြောခဲ့သော ဒီမို ကရေစီဟူသည်ကိုပါ တွင်တွင်ကြီး သုံးစွဲလာခဲ့၏။ မီဒီယာတွေ အပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားမှု လျှော့ပေါ့ (လျှော့ပေါ့ ရုံ) ပေးလာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထင်ရှား သော ခေါင်းဆောင်များသာမက နိုင်ငံရေးအကျဉ်းသားအများစု ပြန်လွှတ်ပေးခြင်း၊ နိုင်ငံတော်၏ လက်ရှိ ပကတိအခြေအနေတချို့ (အထူးအားဖြင့် စီးပွားရေးနယ်ပယ်)ကို ကိန်းဂဏန်းအချက် အလက် အမှန်နီးပါး သတင်းထုတ်ပြန် ကြေညာပေးလာခြင်း၊ လူမှုလွတ်လပ်ခွင့်နှင့် ကတိကဝတ်တချို့ အနည်းငယ်ပေးအပ်လာ ခြင်းတို့ကြောင့် ၂ဝ၁၁-၂ဝ၁၂ ပြည်ခိုင်ဖြိုးတာထွက်လှခဲ့ပါသည်။ အနည်းဆုံးတော့ လှခဲ့ရုံ ရခဲ့၊ ပြခဲ့နိုင်လာခဲ့ပါသည်။ အုပ်ချုပ်ရေး နှင့် လွှတ်တော်တို့အကြား အပြန်အလှန်ထိန်းကျောင်းခြင်း ပုံစံ တချို့လည်း ပြသလာခဲ့၏။ သို့သော်…၊ နှင့်…၊ ထို့နောက်…ဟု သုံး သပ်ပြောဆိုဖို့တွေ ရှိလာခဲ့ပြီဖြစ်၏။

(၁) ပြည်သူ့ဆန္ဒအရဟု ကြွေးကြော်၍ အများမနှစ်သက်သော တရုတ်ကို လုပ်ပိုင်ခွင့်ပေးထားသည့် မြစ်ဆုံစီမံကိန်းကို ပထမသက်တမ်းအတွင်း တစ်ဖက်သတ်ဆိုင်းငံ့လိုက်ရာ အတော်များများ မှင်တက်ဝမ်းသာသွားကြ၏။ မဟာဗျူဟာ နှင့် နိုင်ငံရေးသုံးသပ်သူတချို့က နှစ်ပေါင်းများစွာ သြဇာခံ ဖြစ်နေခဲ့ရသော (ဖြစ်အောင်လည်း ကိုယ်တိုင်လုပ်ယူခဲ့ကြ ခြင်းသာ) တရုတ်ကို သွေးတိုးပြန်စမ်းပြခြင်းဖြင့် အမေရိကန် နှင့် အီးယူတို့ထံမှ ခရက်ဒစ်ပိုရအောင် ကစားပြခြင်း၊ ငွေကြေးနှင့် လုပ်ငန်းပမာဏ ခပ်ကြီးကြီး တရုတ်စီမံကိန်းတစ် ရပ်နှင့် ပြည်တွင်းနိုင်ငံရေး၊ စီးပွားရေး အပြုခံအခြေအနေကို အားစမ်းကြည့်ခြင်းဟု နှစ်မျိုးတွေးကြ၏။ ကျောက်ဖြူ-ကူ မင်းပိုက်လိုင်း၊ သံလွင်ရေကာတာနှင့် ဆည်များ၊ အခြား မြောက်မြားလှစွာသော တရုတ်ရင်းနှီးမြှုပ်နှံလုပ်ငန်းကြီး/ငယ်များကိုတော့ မတို့မထိသလို မြစ်ဆုံအပါအဝင်အားလုံး ကို ဘာအချက်အလက်မှ မသိရှိခဲ့ကြရတာတော့ အမှန်ပင်။

(၂) ၂ဝ၁၂၊ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ။ ။ လစ်လပ်နေ ရာ ၄၅ နေရာရှိပြီး ၄၄ နေရာသာ လုပ်နိုင်ခဲ့ရာ ဝင်မည်ဟု ဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က ၄၃ နေရာအနိုင်ရရှိသွား၏။ ၂ဝ၁ဝ တုန်းကလို ဖြစ်မလားဟု တွေးပူနေခဲ့ရာမှ ပြည်သူအများစု ပျော်ရွှင်ကျေနပ်သွားကြ ၏။ ပြည်တွင်းရော နိုင်ငံတကာပါ ကြိုဆိုအားရချက်ကြောင့် ပြည်ခိုင်ဖြိုးအစိုးရပုံရိပ် မြင့်တက်ခဲ့သည်။ သို့သော် လေ့လာ သူတချို့က ၂ဝဝ၈ ဖွဲ့စည်းပုံ၊ စစ်ဘက်လုပ်ပိုင်ခွင့် များပြားမှု တို့ကို ပို၍ တရားဝင်ခိုင်မာသွားစေအောင် မျှတသန့်ရှင်းပြု လုပ်ပေးခဲ့ခြင်းဖြင့် NLD ကို လွှတ်တော်ထဲ နေရာတချို့ ပေး လိုက်ခြင်းသာဟု ဝေဖန်မှုတွေလည်း ရှိခဲ့ပြန်၏။ ဘာပဲဖြစ် ဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တရားနည်းလမ်းကျ ကျ၊ တရားဝင်ဖြစ်တည်မှု Legitimacy ကို ခပ်ရဲရဲလျှောက်ခဲ့ ပြီဖြစ်သည်။

(၃) ရခိုင်-ဘင်္ဂါလီကိစ္စ အစပျိုးခေါင်းထောင်ရာမှ ပြန့်ပွားမြင့် တက်လာခဲ့ပါ၏။ ကြားဖြတ်အပြီးမှာမှ ထဖြစ်လာခြင်းသည် တိုက်ဆိုင်မှုသက်သက်မဟုတ်ဟု ယူဆသူ များလှသည်။ လူ မျိုးရေး၊ ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေ နေရာအနှံ့ ဖြစ်ပေါ်လာငြား ပြည်ထဲရေးက ဘာမှ သိပ်အရေးမယူ၊ ဟန် ပြမျှသာ ရှိခဲ့သည်။ ချင့်ချိန်တွက်ဆနိုင်သူ များစွာ ရှိခဲ့၊ ရှိနေ ပါသည်။

(၄) အလုပ်သမား၊ လယ်သမား၊ ကျောင်းသားဆန္ဒပြပွဲတွေ တခြိမ်းခြိမ်း ပေါ်ထွက်သည်။ နှစ်ပေါင်းဆယ်စုများစွာချီ ခံ စားခဲ့ကြရရာမှ ပွင့်အန်လာခြင်းဖြစ်၏။ လုပ်ခလစာနှင့် အလုပ်လက်မဲ့ကိစ္စ၊ မြေယာလယ်သိမ်းခံကိစ္စ၊ ပညာရေး ဥပဒေနှင့် နှိပ်ကွပ်ခဲ့မှုများ ကိစ္စတွေကြောင့်ဖြစ်၏။ အစစ် အမှန်အများစု တရားစွဲအရေးယူခံရသည်။ တန်ပြန်ပုံစံ ထွင် လုံးတွေလည်း ကြိုကြားမက ပေါ်ထွက်ပြီး အကြံအဖန်နှစ် ဖက်၊ သုံးဖက်ခွတချို့လည်း ရှိခဲ့သည်။ တရားဝင်သင်းပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စုဝေးခွင့်တို့ ဥပဒေပိုင်းရော လက်တွေ့အရေးယူမှုအပိုင်းမှာပါ ထောက်ပြပြောဆိုစရာ များလှ၏။ အနိမ့်ဆုံးလစာ ၃၆ဝဝ ဟု သတ်မှတ်သော်လည်း အခြားဖြတ်တောက် လျှော့ချခံရမှုများကြောင့် ဒုံရင်းထက် ပင်ဆိုးသွားစေသည်ဟု ဝေဖန်လာကြ၏။ ခေတ်အဆက် ဆက် လက်ပူတိုက်နည်းဖြစ်ခဲ့သော ဝန်ထမ်းလစာတိုးမှုသည် လည်း အခြားနိုင်ငံသားရာခိုင်နှုန်း အများစုကြီးတင်မက လစာတိုး အစိုးရဝန်ထမ်းတွေကိုပါ ကုန်ဈေးနှုန်းတက်မှုဒဏ် ပိုခံရစေခဲ့၏။ GDP တက်လာသည်ဟု ထောက်ပြသော်ငြား (ကမ္ဘာ့ဘဏ်ကလည်း ပြောပါသည်) တကယ်တမ်း နိုင်ငံစီး ပွားရေး၏ ၈၅ ရာခိုင်နှုန်းမကကို ထိန်းချုပ်အုပ်စိုးထားသည် က လက်တစ်ဆုပ်စာ လူတစ်စုပဲ ဖြစ်နေဆဲပင်။ ယနေ့အထိ ဖြစ်၏။

(၅) ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်လည်း စတင်နိုင်ခဲ့တာကိုတော့ အသိအမှတ်ပြုပါ၏။ NCA ထိုးဖို့အဆင့်အထိပင် အတော် လုံးပန်းခဲ့ကြရပြီး (စစ်ဘက်ကတော့ ၂ဝဝ၈ အပါအဝင် မူ ခြောက်ချက်ကို ယတိပြတ်ဆုပ်ကိုင်သောကြောင့် ထိုးစစ် များလည်း မကြာခဏ ဆင်နေခဲ့ဆဲဖြစ်သောကြောင့်) တိုင်း ရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့မှာ ၈ ဖွဲ့ပဲ NCA ထိုးဖြစ်ခဲ့သည်။နိုင်ငံပထဝီနှင့်ကြည့်လျှင် မြောက်ဘက်ခြမ်းက အင်အားကြီး (ဥပမာ-KIA/KIO၊ UWSA) များ မပါဝင်ခဲ့ပေ။ သွားရမည့် ခရီး ပိုရှည်အောင် ဘယ်က လုပ်နေတာလဲဟု မေးခွန်းထုတ်ခဲ့၊ ထုတ်နေကြရဆဲဖြစ်သည်။ အကျယ်ရေးလျှင် စာတမ်းရှည် ကြီးတွေ အတော်ရေးရပါမည်။ ရေးထားပြီးသူများလည်း ရှိပါ၏။

(၆) Global Witness ရီပို့တစ်စောင်တည်းကို ထောက်ပြလျှင် ပင် အတော်များများကို ခြုံငုံမိနိုင်ကြမည်ဖြစ်သည်။ သစ်၊ ကျောက်စိမ်း၊ သတ္တုနှင့် အခြားသယံဇာတများစွာ တရား မဝင် ပြည်ပရောက် (အထူးသဖြင့် တရုတ်သို့)သွားခြင်း ပမာဏ သည် ၂ဝ၁၂-၂ဝ၁၅ လေးနှစ်တာကာလအတွင်း လွန်ခဲ့သော အနှစ် ၂ဝ စုစုပေါင်း ပမာဏထက်များနေကြောင်း အရပ် ဘက်လူမှုအဖွဲ့အစည်းများ၏ (NGO တွေ အပါအဝင်) ရီပို့ ပေါင်းများစွာအရ သိရှိရသည်။ ၂ဝ၁၅ နှင့် ၂ဝ၁၅ ရွေး ကောက်ပွဲအလွန် ၂ဝ၁၆၊ မတ် ကုန်အထိ ကာလတိုတစ်ရပ် မှာ ခရိုနီဟု လူသိများသော မင်းကြီးကြိုက် အိုလီဂါ့ခ် (Oligarch) လူတစ်စုအတွက် စီးပွားရေးလုပ်ကွက် ပရော့ ဂျက်အကြီးစားများစွာ ဆက်တိုက် ချပေးသွားခဲ့သည်။

(၇) စိုးရိမ်စိတ်၊ သံသယတွေ အလွန်မြင့်မားခဲ့ကြရသော ၂ဝ၁၅၊ နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲကိုတော့ က္ဘာကပင် အံ့သြမှင်တက် ဝမ်းမြောက်ကြိုဆိုခဲ့ကြရ၏။ ပြည်သူလူထု နိုင်ငံသားအများစု၏ ဆန္ဒအစစ်အမှန် တရားဝင် ဖော်ပြခွင့် ရရှိလိုက်ခဲ့သည်။ NLD က ၇၉ ဒသမ ဝ၄ ရာခိုင်နှုန်းဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့၏။ အေးချမ်းစွာ အာဏာလွှဲ ပြောင်းပေးခဲ့ပါသည်။ သို့သော် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက တစ် ချက်ကိုမှ အထိမခံပါ။

ရှစ်လဝန်းကျင် အစိုးရသစ်

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ၂ဝဝ၈ ဖွဲ့ စည်းပုံပြင်ဆင်၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး၊ လူမှုစီးပွား မြင့်မားတိုးတက်ရေး၊ ပန်းတိုင်လေးရပ် ဖြင့် ဧပြီ ၁ ရက်နေ့မှာ အုပ်ချုပ်ရေး စတင်ခဲ့၏။ အဂတိတရားကင်း စင်သော လူ့ဘောင်တစ်ရပ် ထူထောင်ရေးသည်လည်း ကပ်လျက် ပါဝင်၏။

၅၄ နှစ်တာ ရုပ်ဆိုးအကျည်းတန်ခဲ့မှု၊ ခံခဲ့ရမှု၊ နိမ့်ပါးချည့်နဲ့ ခြစားခံရမှု၊ စစ်ဘုရင်ဝါဒတို့ကို NLD ဘယ်လိုကိုင်တွယ်ဖြေရှင်း မည်လဲ။ ဒါက အရေးကြီးဆုံး မေးခွန်း၊ သော့ချက်ကျဆုံမှတ်နှင့် လုပ်ကိုလုပ်ရမည့် ကိစ္စကြီးတွေပဲ ဖြစ်ပါ၏။ ပန်းတိုင်ကျ ရည်မှန်း ချက်တို့သည်လည်း အလွန်အမင်း ဆက်စပ်နွှယ်ယှက်နေချက် ကြောင့် တစ်ပြိုင်တည်းလား၊ တစ်ခုစီလား၊ သီးခြားတာဝန်ခွဲယူ လုပ်ကိုင်ရင်း ပူးတွဲပေါင်းစည်း ကျနဆက်စပ်မှု အထူးအရေးကြီး နေပါ၏။ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ ခြိမ်း ခြောက်မှု (စိန်ခေါ်နေချက်)ဆိုသော SWOT ယုတ္တိနည်းဖြင့် ခြုံ ငုံခွဲခြမ်းကြည့်ပြီး မပြတ်ဆင်ခြင်သုံးသပ်၍ ရွေးချယ်ဆောင်ရွက် နေရပေမည်။ ဆင်ခြင်တုံတရား၊ ထိုးထွင်းသိမြင်လွယ်မှု၊ ပျော့ ပျောင်းရင်းခံနိုင်ရည်ရှိ ပြတ်သားမှု၊ ဆန္ဒနှင့် ဉာဏ်ပညာလွှာသုံး နိုင်မှု၊ စိတ်ဓာတ်ခွန်အားနှင့် ဝီရိယအပြည့်သုံးမှုတို့ အခရာကျလာ ပါမည်။ ဘယ်အဆင့်ကမဆို နိုင်ငံရေးနှင့် ပတ်သက်နေသူတိုင်း ‘ဘုံပန်းတိုင်’၊ ‘အဓိကကျ ရည်မှန်းချက်’တို့၌ မတူကွဲပြားခြင်းကို ‘အား’ အဖြစ် ယူနိုင်ကြလွန်းပါမှ တော်ရုံကျမည့် အနေအထားမှာ ရှိ၏။ ရောက်နေ၏။

(၁) လူမှုစီးပွားမြင့်မားတိုးတက်ရေးသည် ပဓာနဖြစ်၏။ နိုင်ငံစီး ပွားရေး ၈၅ ရာခိုင်နှုန်းကို လူတစ်စုကပဲ ချုပ်ကိုင်ထားဆဲဖြစ် ရာ ရှိသည့်အားဖြင့်ပင် သွားရမည်။ စီးပွားရေးကဏ္ဍ နယ် ပယ်တစ်ရပ်ချင်းစီမှာ (ဥပမာ-စိုက်ပျိုးရေး၊ စက်မှု၊ ဝန်ဆောင် မှု စသဖြင့်) ရေတို၊ ရေလတ်၊ ရေရှည် ဖြစ်နိုင်ခြေအရှိဆုံးနှင့် လက်တွေ့အကျဆုံး မဟာဗျူဟာ၊ နည်းဗျူဟာ၊ အော်ပိုရေး ရှင်း တာဝန်ခံယူခြင်းများ လုံးဝ ပိုင်ပိုင်နိုင်နိုင် ရှိရပါမည်။ အလျဉ်းသင့်သလို အသေးစိတ် ဆွေးနွေးကြရပါဦးမည်။

(၂) ငြိမ်းချမ်းရေးကိစ္စသည် ကိုယ်ကျိုးစီးပွားများနှင့် တိုက်ရိုက် ဆက်စပ်နေ၍ အကဲဆတ်လှ၏။ စစ်ဘက်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) များအကြား အစိုးရသည် ဆန္ဒ နှင့် ပညာ ပြင်းပြထက်သန်ပြည့်ဝမှုကို လက်တွေ့ပြသရင်း အဓိက ထိန်းညှိစေ့စပ်သူ အခန်းကဏ္ဍမှာ ရောက်နေ၏။ ပြည်တွင်းစစ်က နှစ်ပေါင်း ၇ဝ နီးပါးမို့ အာဏာရှင်စနစ် ကာလထက်ပင် ပိုကြာနေခဲ့ပြီ။ အရပ်ဘက်-စစ်ဘက်ဆက်ဆံ ရေးဆိုရာ၌ နေရာတကာ အလျှော့ပေးရန် မဟုတ်သလို နေ ရာတကာ အစတွေ ဆွဲထုတ်နေဖို့လည်း မဖြစ်ပါ။ EAO များ ဘက်မှလည်း ဆင်ခြင်စဉ်းစား ဆောင်ရွက်ကြဖို့ များစွာ ရှိ နေရာ၌ မိမိတို့ တစ်ကွက်တည်းကြည့်ဖို့ ဆက်မဖြစ်နိုင်ပါ။ အစိုးရက တန်းတူရည်တူရှိရေး မြှင့်တင်ပေးရမည်။ ကျယ် ပြန့်လှပါသည်။ ဆွေးနွေးသူလည်း များလှပါသည်။ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ငါးလအတွင်း စစ်မှန်သော CSO ဖိုရမ်တစ်ရပ် ပေါ်ထွန်းလာရေး အရေးကြီး၏။ စစ် ဘက်ကလည်း ရကို ရရမည်ဆိုသော သန္နိဋ္ဌာန်အတိုင်း လက် တွေ့ပိုင်းဖြတ် ဖော်ဆောင်ပြဖို့ အထူးလိုအပ်သည်။ သို့မှသာ သူနိုင်ကိုယ်နိုင် အခင်းအကျင်းတွေ တည်ဆောက်ယူနိုင်ကြ မည်ဖြစ်၏။

(၃) ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အဓိကအကျဆုံးပုဒ်မများ (ဥပမာ-၆(စ)၊ ၄၃၆) ပြင်ဆင်ရေး လိုအပ်သော်လည်း လွှတ်တော်လုပ်ပိုင် ခွင့်ကို အသုံးချယူနိုင်သောကြောင့် လူမှုစီးပွားနှင့် ငြိမ်းချမ်း ရေးကိစ္စ၊ Brain Drain များ Brain Gain ပြန်ဖြစ်လာစေ ရေးကိစ္စ၊ အမျိုးသားလွှတ်တော်၌ အဆိုပြုတင်သွင်းနိုင်သော တိုင်းရင်းသားမျိုးနွယ်စုများဆိုင်ရာ အထွေထွေကိစ္စ၊ အခြေ ခံအဆောက်အအုံပိုင်းနှင့် ခရီးလမ်းပို’သာ’၊ ရှေ့ရေး ပိုပွင့် ရေးများကိုသာ ပထမဦးစားပေးများအဖြစ် ခပ်မြန်မြန်သွက် သွက် အရင်းကျကျ အရင်ဖော်ဆောင်သင့်ပါ၏။ အကဲဆတ် သော ပုဒ်မများ လောလောဆယ် အကိုင်စော၍ မဖြစ်သေး ပါ။ အင်စတီကျူးရှင်းတွေ ပိုမိုထိရောက်အားကောင်း မြန် ဆန်အလုပ်ဖြစ်ရေး မြှင့်တင်ခြင်းက ပိုလက်တွေ့ကျပါ၏။

(၄) ကာ/လုံအစည်းအဝေးများ ငြိမ်သက်နေခြင်းသည် သိပ် မကောင်းလှပါ။ ရခိုင်(မောင်တော) BGF တပ်ဖွဲ့ အကြမ်း ဖက်ခံရမှ အရေးတကြီး လုပ်ကြရသော အောက်တိုဘာ ၁၄ ရက်ကလို အစည်းအဝေးက လိုအပ်ချက်အရ လုပ်ခြင်းသာ ဖြစ်နေသော်လည်း ပုံမှန်အချိန် တစ်သားတစ်ရပ် ရှိထားသင့် ပါသည်။ ထိုပုံမှန်တွေ့ဆုံစည်းဝေးမှုများမှ ကာ/လုံအဖွဲ့ဝင် ၁၁ ဦးသည် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး (CMR) ကို ရင်းနှီးပွင့်လင်းစွာ မြှင့်တင်နိုင်ကြပါမည်။ ပြည်သူလူထုလည်း စိတ်ချမ်းမြေ့ အေးဆေးစေပါမည်။ ဘုံပန်းတိုင် နိုင်ငံတော်၏ ရည်မှန်းချက်များအတွက် စစ်ဘက်ကို ပရော်ဖက်ရှင်နယ် ပို ဖြစ်၊ ပိုပီသလာစေရေး မြှင့်တင်ပေးဖို့လိုသလို တစ်ဆင့်ချင်း ဆောင်ရွက်ရင်း ညှိနှိုင်းရှေ့ဆက်သွား၍ ရနိုင်ဖို့ များပါသည်။ ၂ဝဝ၈ ခြေ/ဥတွင် အရေးပေါ်ကာလမှာမှ စည်းဝေးရမည်ဟု မပါရှိပါ။ ရခိုင်ကို အရေးပေါ် မကြေညာခဲ့ပါ။

(၅) နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံခြားရေးမူဝါဒအရ အမျိုး သားအကျိုးစီးပွား အနာဂတ်အားသာချက်များ ကြီးမားလှ ပါသည်။ စနစ်တကျ လက်တွေ့ကျသော ဆုံးဖြတ်ခြင်းမျိုး၊ မဟာဗျူဟာပိုင်း၊ နည်းဗျူဟာပိုင်းတွေနှင့်အတူ လက်တွေ့ ဖော်ဆောင်ချက်များ (အော်ပိုရေးရှင်းပိုင်း)ပါ ပိုတက်လာဖို့ လိုအပ်နေပါသေးသည်။ တရုတ်အရေး ထိပ်ဆုံးရောက်နေ ချိန် ဖြစ်ငြား လုပ်ယူ၍ရသော နည်းလမ်းများစွာ ရှိနေပါ၏။ ပြည်သူလူထု နားလည်လက်ခံရန် သေချာကျန ရှင်းပြပေးရ မည်များ ရှိလာဖို့များ၍ ကြိုတင်ပြင်ဆင်ထားသင့်တာတွေ လည်း လိုအပ်နေပါ၏။ လူမှုတည်ငြိမ်ရေး လိုအပ်ချက်ကို ဖျက်လိုဖျက်ဆီး လုပ်နိုင်မှုတွေ (မည်သည့်နယ်ပယ်ကဏ္ဍမှာ မဆို) ရှိနေကြောင်း သတိမပြတ်ရှိကြဖို့ လိုအပ်ရာ၌ အစိုးရ သာမက CSO များကပါ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးနိုင်စွမ်း ရှိ၍ လမ်းကြောင်းများ ဖွင့်ထားသင့်သည်။

(၆) အုပ်ချုပ်ရေးယန္တရားထဲမှာ အခက်အခဲများစွာ အတော်ကြီး ကြီးမားမား ရှိနေပါ၏။ အာဏာရှင်စနစ်နှင့် မွေ့လျော်ပျော် ပိုက်ကောင်းစားသူတချို့နှင့် စစ်ဘက်ဆန်ဆန် ဗျူရိုကရက် တစ်စနစ် ကြီးစိုးခံကာလ ရှည်ကြာခဲ့၍ ခေါက်ရိုးကျိုးနေမှု များ၊ ယခင်ပုံစံဟောင်းများ ရှိနေဆဲဖြစ်သည်။ စွမ်းဆောင် ရည် သိသိသာသာ တက်မလာပါ။ ယန္တရားလည်ပတ်ရုံလောက် ပဲ ဖြစ်နေပါသေးသည်။ စေတနာမှန် ထက်မြက်သူများ၊ လုပ် ကိုင်လိုစိတ်ပြည့်ဝ၍ သင်ယူလွယ်သူများ ဖော်ထုတ်နေရာ ပေးရပါမည်။ ပူးတွဲတာဝန်ပေးခြင်းမျိုး လုပ်နိုင်ပြီး နိုင်ငံ့ဝန် ထမ်းဥပဒေတစ်ရပ်လုံးကိုပါ ခပ်မြန်မြန် ပြန်လည်သုံးသပ်ကြ ရပါမည်။ အကျပ်အတည်းတွေ တစ်ပြုံကြီး ရှိနိုင်၏။ မိုးကျရွှေ ကိုယ်ကဲ့သို့ ကိစ္စများ၊ အောက်လမ်းနည်းသုံးဆဲ လာဘ်ပေး လာဘ်ယူများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ် နေပါသည်။ ဆက်ဆွေးနွေးရန် များပြားလှသော ကိစ္စရပ် ဖြစ်၏။

ယခု ခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်ဆောင်းပါးသည် သမိုင်း ကို လည်ပြန်ကြည့်၊ အဘိုးများစွာထဲမှ သင်ခန်းစာတွေ ထုတ်ယူ ၍ ပစ္စုပ္ပန်၌ အကောင်းဆုံးလုပ်ကိုင်ကြရင်း အနာဂတ်ကို အတူ တကွ ပုံဖော်တည်ဆောက် လှပပြေပြစ်နိုင်ကြစေရေး ရည်ရွယ် ရင်းသာ ဖြစ်ပါ၏။ ကျမ်းတစ်ဆူ၊ စာတစ်အုပ်မက ရေးသားရမည် မို့ လောလောဆယ် ခြုံငုံမိရုံလောက်မျှပဲ လှစ်ပြတို့ထိထားပါ သေး၏။

ဘယ်လိုအပြုသဘောဆောင် ရှေ့ဆက်ကြမည်လဲ။ ရဲရဲ တွေး၍ ဖြေပြီး လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါသည်။ နိုင်ငံတော် နှင့် နိုင်ငံသားအများစုကြီး နိမ့်ပါးခံခဲ့ကြရလွန်းလှတာ ရာစုနှစ် ဝက် ကျော်လာခဲ့ပြီဖြစ်၍ ဘုံရည်မှန်းချက်(များ)ဆီ သွက်သွက် လှမ်းရုံမက ပြေးသွားသင့်လျှင် အတူတကွ ပြေးလွှားသွားကြရ ပါမည်။

အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ထက် ပိုဆိုးနေသေးသော သပွတ်အူကိစ္စတွေကြောင့် အစတစ်စ ဆွဲထုတ်လျှင် အထုံးရှည် ကြီးတွေ ပါဝင်လာနေဆဲဖြစ်မှာ သေချာ၏။ သို့ငြား ကောင်းစွာ ဖြေရှင်းဖို့ အားကုန်ထုတ် ကြိုးပမ်းကြရပါမည် ။ ။

၂၀၁၆-ဒီဇင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၁)မှ သုံးသပ်ချက်ဖြစ်ပါသည်။

မင်းတင် ရေးသည်။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."