မြန်မာတလွဲကားများရပ်

မြန်မာတလွဲကားများရပ်

Illustration – MAUNG NOE

မကြာခင် မီးပွိုင့်စိမ်းတော့မည်။ လမ်းသွားလမ်း လာတို့သည် လူကူးမျဉ်းကြားမှတစ်ဆင့် လမ်း တစ်ဖက်သို့ ခပ်သုတ်သုတ် ဖြတ်ကူးသွားကြ သည်။ အဘိုးအိုတစ်ယောက်သည်လည်း လေး ချောင်းထောက် လမ်းလျှောက်ကိရိယာကို အသုံးပြုကာ မီးပွိုင့်မိနေသည့် ကားများရှေ့တွင် တရွေ့ရွေ့။ တုန်ယင်နေသော အဘိုးအိုသည် လက်တစ်ဖက်တွင် ပန်းသီးနှင့် လိမ္မော်သီးများ ထည့်ထားသည့် ကြွပ်ကြွပ်အိတ်တစ်လုံးကို ကိုင် ထားသည်။ ကားမောင်းသူများသည် အဘိုးအို အား မျက်မှောင်ကျုံ့၍ ကြည့်နေကြသည်။ အဘိုးအိုက လမ်းတစ်ဝက်မှာပင် ရှိသေးသည်။

စိတ်မရှည်တော့သော ကားတစ်စီးက ဟွန်းတစ်ချက် တီး လိုက်ရာ အဘိုးအို လက်ထဲမှ အိတ်သည် လမ်းမပေါ် လွတ်ကျကာ သစ်သီးများ နေရာအနှံ့သို့ လိမ့်၍ လိမ့်၍ သွားလေတော့သည်။ ထိုစဉ် မီးပွိုင့်စိမ်းသွားလေပြီ။ လမ်းတစ်ဖက်သို့ ရောက်လိုဇော ဖြင့် ဖြတ်ကူးဟန်ပြင်နေသည့် အဘိုးအို၏ မျက်နှာတွင် စိုးရိမ် ဟန်၊ အားနာဟန်များနှင့် ကြောက်ရွံ့ဟန်၊ ဝမ်းနည်းနေဟန်များ က အထင်းသား ပေါ်လွင်လျက် ရှိသည်။ အဘိုးအိုသည် သစ်သီး လေးများကို နှမြောတသသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီး မောင်းထွက်ရန် တာစူနေသည့် ကားများရှေ့မှ ဖြတ်ကာ လမ်း လျှောက်ကိရိယာကို အားပြုလျက် ရှေ့သို့ တရွေ့ရွေ့ ဆက် လျှောက်သွားသည်။ ပန်းသီးနှင့် လိမ္မော်သီးလေးများက ပေ တရာလမ်းမထက်တွင် ပြန့်ကျဲလျက်။ မီးပွိုင့်စိမ်းနေပြီဖြစ်ရာ တစ်ဟုန်ထိုး မောင်းထွက်သွားရမည့်အစား ကားဆရာများသည် တံခါးကို ဖွင့်ကာ လမ်းပေါ်သို့ ဆင်းသည်။ ထို့နောက် တစ်နေရာစီ လိမ့်သွားကြသော သစ်သီးများကို လိုက်လံကောက်ယူကာ အဘိုးအိုထံသို့ ပြန်ပေးလိုက်ကြလေတော့သည်။ အစအဆုံး တွေ့ မြင်လိုက်ရသည့် အဖြစ်အပျက်သည် ပြင်ပလောကတွင် တကယ် မြင်တွေ့လိုက်ရသည့် မြင်ကွင်းတော့ မဟုတ်။ လူမှုကွန်ရက် စာ မျက်နှာပေါ်တွင် မိတ်ဆွေတစ်ဦးက မျှဝေထားသည့် နိုင်ငံခြား ဗီဒီယိုဇာတ်လမ်းတိုလေးတစ်ခုထဲက မြင်ကွင်းဖြစ်သည်။ အဘိုး အိုအပေါ် သနားခြင်း၊ ချစ်ခင်ခြင်း၊ ကိုယ့်အတ္တကိုသာ ကိုယ်ရှေ့ တန်းတင်ကာ မျက်မှောင်ကျုံ့နေကြသော ကားသမားများကို အံ့သြခြင်း၊ မုန်းတီးခြင်း၊ စက်ဆုပ်ခြင်း၊ မိမိထင်ထားသလို မဟုတ်သည့် အဆုံးသတ်က ဝမ်းမြောက်ခြင်း၊ လှိုက်ဖိုခြင်း စသည့် ရသများ၊ ခံစားချက်များကို ပေးနိုင်စွမ်းရှိသည့် သုံးမိနစ် စာ ထိုဗီဒီယို ဇာတ်လမ်းတိုလေးကို အကြိမ်ကြိမ် ထပ်တလဲလဲ ပြန်၍ ပြန်၍ ဖွင့်ကြည့်မိသည်။ အမည်မသိ ခံစားချက်ကလေးများ တိုး၍ တိုး၍ ဝင်လာကာ ငိုချမိသည်အထိ ဖြစ်ရသည်။ နောက်ထပ် ကြည့်ဖူးသည့် ဗီဒီယိုဇာတ်လမ်းတိုလေးမှာ စိတ်ကျန်းမာရေး ချို့ တဲ့နေသည့် အိမ်ခြေရာမဲ့ တစ်ဦးအကြောင်းကို ရိုက်ကူးထားသည့် အကြောင်းအရာဖြစ်သည်။ ထိုသူသည် တောင်းရမ်းစားသောက် သည့် အိမ်ခြေရာမဲ့တစ်ဦးဖြစ်သည်။ ကြုံသည့်နေရာတွင် သူအိပ် သည်။ ဗိုက်ဆာလာလျှင် ကြုံသည့်ဈေးဆိုင်တွင် တောင်း၍ စားသည်။

သူ့ကို စားစရာပေးဖူးသည့် စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် ည အိပ်သည်။ မနက်မိုးလင်း၍ ဆိုင်ဖွင့်ချိန်တွင် အဝတ်အစားများ ညစ်နွမ်းစုတ်ပြတ်နေသည့် သူ့ကိုတွေ့လျှင် ဒေါသကြီးသော ထို ဆိုင်ပိုင်ရှင်က အမြဲနှင်ထုတ်လေ့ရှိသည်။ သူ့ဆိုင်က ပစ္စည်းများကို အလစ်သုတ်မှာ ကြောက်၍လည်း ဖြစ်သည်။ ထို့ကြောင့် နေ့ခင်း ပိုင်းတွင် ထိုဆိုင်ရှေ့မလှမ်းမကမ်း၌သာ နေပြီး ညပိုင်းဆိုင်ပိတ် လျှင် ထိုဆိုင်ရှေ့တွင် အိပ်သည်။ မနက် မိုးလင်းတိုင်း သူ နှင်ထုတ် ခံရသည်။ ဆိုင်ရှင်သည် တစ်ခါတစ်ရံတွင် ရိုက်မောင်းပုတ်မောင်း ပြု၍ နှင်ထုတ်ရသော်လည်း သူ့ဆိုင်အနီးတစ်ဝိုက်တွင် တဝဲလည် လည် စတည်းချနေသည့် ထိုအိမ်ခြေရာမဲ့ကို သတိထားမိနေ သည်။ တစ်နေ့သောအခါတွင် မနက်စောစော သူ့ဆိုင်တံခါးကို ဆွဲ၍ ဖွင့်လိုက်သည်။ ဆိုင်အပြင်ဘက်သို့ ချောင်း၍ ကြည့် လိုက်သည်။ နေ့စဉ်နှင့်အမျှ မောင်းထုတ်နေရသည့် ထိုအိမ်ခြေရာ မဲ့ကို သူ မတွေ့။ နေ့လယ်ပိုင်းတွင် ထိုအိမ်ခြေရာမဲ့သည် သူ့ဆိုင် တွင် လာ၍ စားစရာ မတောင်း။ ညနေစောင်းသည်အထိ သူ့ကို မတွေ့ရ။ ထိုအခါ ဆိုင်ရှင်၏ စိတ်ထဲတွင် တစ်ခုခု လိုအပ်နေသလို ခံစားရပုံပေါ်သည်။ ထို့နောက် ဆိုင်တွင်းသို့ ဝင်ကာ CCTV ဖြင့် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကို ပြန်၍ ကြည့်သည်။ သူ့ဆိုင်ရှေ့ တွင် နှစ်ရှည်လများ စတည်းချနေသည့် ထိုအိမ်ခြေရာမဲ့ကို တွေ့ ရသည်။ ဒေါသတကြီး နှင်ထုတ်လိုက်သည့် နောက်ပိုင်း နေ့ခင်း ပိုင်းတွင် ဆိုင်အနီးသို့ ရောက်မလာသော်လည်း ညပိုင်းတွင် သူ့ ဆိုင်ရှေ့တွင် အိပ်သည်။ သူဆိုင်သိမ်း၍ ဆိုင်တံခါးပိတ်ချိန်တွင် ထိုအိမ်ခြေရာမဲ့ စိတ်မနှံ့သူက ဆိုင်ရှေ့မှ အမှိုက်များကို သိမ်း ဆည်းသည်။ ထိုအိမ်ခြေရာမဲ့ကို မတွေ့တော့သည့်နေ့ မတိုင်ခင် ညက အဖြစ်အပျက်ကို သူတွေ့လိုက်ရသည်။

သူ့ဆိုင်ရှေ့ မလှမ်းမကမ်းတွင် ဆိုင်ကို ကျောပေးထိုင်ကာ အစားအစာတစ်ခုကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အငမ်းမရ စား နေသည်။ ထိုစဉ် ဆိုင်ရှေ့သို့ လူတစ်စုရောက်လာကာ ဆိုင်ကို ဖောက်ရန် ကြိုးစားသည်။ ထိုအဖြစ်အပျက်ကို အိမ်ခြေရာမဲ့ မြင်လိုက်သည်။ ထိုနေရာသို့ အတင်းပြေးကာ ထိုလူတို့ကို တား သည်။ ရုန်းရင်းဆန်ခတ်ဖြစ်ကြသည်။ အပြန်အလှန် တိုက်ခိုက် ကြသည်။ ထို့နောက် ဆိုင်ဖောက်သမားတို့ လက်ချက်ဖြင့် အိမ် ခြေရာမဲ့တစ်ယောက် လဲကျကာ သွားသည်။ မနက်မိုးမလင်းမီ မြူနီစပါယ် ရောက်လာကာ အိမ်ခြေရာမဲ့၏ အသက်မဲ့ခန္ဓာကို တင်ဆောင်သွားလေတော့သည်။

ထိုဗီဒီယိုဖိုင်လေးကို ကြည့်အပြီးတွင် မျက်ရည်များ ဒလ ဟော ကျလာသည်။ တားမရဆီးမနိုင် ငိုချမိသည်။ တစ်ယောက် တည်းကြည့်ကာ တစ်ယောက်တည်း ငိုမိ၍သာ တော်တော့သည်။ ထိုသို့သော ပရိသတ်ရင်ကို ဆွဲကိုင်လှုပ်ယမ်းသွားစေသည့် ရသစုံ ဇာတ်လမ်းတိုလေးများကို ကျွန်မစွဲလမ်းသည်။ ကြည့်ဖူးခဲ့သည် မှာ ကြာလှပြီဖြစ်သော်လည်း တိုက်ဆိုင်မှုရှိတိုင်း အမြဲတစေ မှတ်မိနေသည်။ ထိုဇာတ်လမ်းတိုလေးများသည် လူအချင်းချင်း ကိုယ်ချင်းစာတတ်မှု၊ တန်ဖိုးထားမှု၊ တာဝန်သိစိတ် စသည့် ကောင်းမွန်သော အပြောင်းအလဲများဆီကို ဦးဆောင်ဆွဲငင်ခေါ်ယူနိုင်စွမ်းရှိသည်။ လူ့အဖွဲ့အစည်းကို ကောင်းမွန်သည့်ဘက်သို့ ရောက်အောင် ပြုပြင်ပြောင်းလဲပေးနိုင်သော ဇာတ်လမ်းလေး များဖြစ်သည်။

ထိုသို့သော ဇာတ်လမ်းလေးများကို ကြည့်ရတိုင်း ကျွန်မ တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ပုံဖော်နေသည့် မြန်မာဇာတ်လမ်း များနှင့် ချိန်ထိုးမိသည်။ မသန်စွမ်းသူများကို လှောင်ပြောင် ပြက် ရယ်ပြုသော၊ နှိမ့်ချသော ဇာတ်လမ်းများကို ကျွန်မတို့ မြန်မာ ဇာတ်လမ်းများတွင် တွေ့နိုင်သည်။ အတိတ်ဘဝက ကုသိုလ် မကောင်းခဲ့သဖြင့် ယခုဘဝတွင် မသန်စွမ်း ဖြစ်နေသူများအဖြစ် ဖန်တီးထားသည်။ မသန်စွမ်းသူများသည် ဘာမျှ အစွမ်းအစ မရှိသူများ၊ သနားစရာသတ္တဝါများအဖြစ် ပုံဖော်ကြသည်။ လက် တွေ့ဘဝတွင်မူ အစွမ်းအစရှိသော၊ အရည်အချင်းရှိပြီး ကိုယ်ပိုင် လုပ်ငန်းနှင့် အဖွဲ့အစည်းများကို ဦးဆောင်နေသည့် မသန်စွမ်း သူပေါင်းများစွာရှိသည်။ မြန်မာဇာတ်ကားများတွင် ပုံဖော်ထား သည့် မသန်စွမ်းသူများ၏ အမူအကျင့်များ၊ စိတ်ခံစားချက်များနှင့် လက်တွေ့ဖြစ်ရပ်များကြား သဘာဝမကျစွာ ကွဲပြားခြားနားနေ သော အချက်များကြောင့် ကာယကံရှင် မသန်စွမ်းသူများနှင့် သက်ဆိုင်နေသူများအားလုံး စိတ်ထိခိုက်ရသည်လည်း ရှိ၏။ ဒေါသဖြစ်ရသည်လည်း ရှိ၏။

လွဲမှားနေသောအချက်များကြောင့် ကျန်လူ့အဖွဲ့အစည်း ကို အယူအဆမှားများ ရိုက်သွင်းပေးသလို ဖြစ်ရသည်။ အလား တူ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများကို စော် ကားသည့်သဘော သက်ရောက်စေသော ဇာတ်ကားများလည်း ရှိခဲ့ဖူးသည်။ မိမိယဉ်ကျေးမှု၊ မိမိဓလေ့ထုံးစံကို ထိခိုက်နစ်နာ စေသော မြန်မာဇာတ်ကားများကြောင့် တိုင်းရင်းသားများက မခံမရပ်နိုင်ဖြစ်ရသည့်ကိစ္စရပ်များ၊ ဇာတ်ကားဖန်တီးသူ၊ သရုပ် ဆောင်သူများက ကာယကံရှင်များကို ပြန်လည်တောင်းပန်ရ သည့် ဖြစ်ရပ်များလည်း ရှိခဲ့ဖူးသည်။ အကဲဆတ်သော အကြောင်း အရာများကို အနုပညာရှင်များက လွဲမှားစွာ ဖန်တီးမှုတို့ကြောင့် ပရိသတ်များထံသို့ မှားယွင်းသည့်အမြင်၊ ယူဆချက်များ ရောက် သွားစေသလို ဖြစ်ရသည်။ နောက်သာဓကတစ်ခုမှာ အမျိုးသမီး များနှင့် ပတ်သက်သည့် ပုံဖော်မှုဖြစ်သည်။ မြန်မာဇာတ်ကားများ ထဲတွင် အမျိုးသမီးများကို အော်ကြီးဟစ်ကျယ်နှင့် ရန်လိုသူ၊ အရပ်တကာလှည့်ကာ အတင်းအဖျင်း ပြောသူများအဖြစ် လွန် လွန်ကျူးကျူး ဖန်တီးပြထားသည်ကို တွေ့နိုင်သည်။ အမျိုး သမီးများသည် အမျိုးသားများထက် တစ်ဆင့်နိမ့်သည့် အပြုခံ လူသားများအဖြစ် ပုံဖော်သည်ကိုလည်း တွေ့နိုင်သည်။

ထို့ပြင် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားဆင်ယင်ပြုမူနေထိုင်သူများသည် မြန်မာဇာတ်ကားများထဲတွင် ဣမြေဲ့သူများ ဖြစ်နေတတ်ကြသည်။ လှောင်ပြောင်ရှုံ့ချစရာ၊ ဘုန်းနိမ့်ကံနိမ့် များဖြစ်နေတတ်သည်။ အတိတ်ဘဝအကုသိုလ်ကြောင့် ယခု ကဲ့သို့ ဖြစ်နေရခြင်းဖြစ်ကြောင်း သရုပ်ဖော်ကြသည်။ ကျေးလက် မှာ မွေး၍ မြို့ပြီးပြကြီးသို့ ရောက်လာသူများကို အညာသား၊ တောသား၊ ငတုံးငအများအဖြစ် ပုံဖော်ကြသည်။ ဇာတ်ရံ သရုပ် ဆောင်သည် အသားမည်းသည့် လူမျိုးခြားဖြစ်နေလျှင် နှိမ်သည်။ လူတကာ ခိုင်းဖတ်ဖြစ်သည်။ အနိုင်ကျင့်ဗိုလ်ကျခံရသည်။ ထို့ နောက် ဝသောသူ၊ ပိန်လွန်းသောသူ စသည်တို့ကို သရော်မော် ကားပြုသည့် အပြောအဆိုများဖြင့် ဆက်ဆံကြသည်။

ထိုမျှတင်လားဆိုတော့ မဟုတ်။ အခြားသူတို့၏ အသက် မွေးဝမ်းကျောင်းများကို ထိခိုက်စော်ကားသည့် ဇာတ်ဝင်ခန်းများ ရိုက်ကြသည်။ မြန်မာဇာတ်လမ်းထဲတွင် သတင်းထောက်ဟူသည် ငပေါများသာဖြစ်သည်။ သတင်းရရေးအတွက်ဆိုလျှင် ဘာမဆို လုပ်မည့် သူများဖြစ်သည်။ ဇာတ်လမ်းထဲတွင် မင်းသား၊ မင်းသမီး များကို အင်တာဗျူးလာလုပ်သည့် သတင်းထောက်များသည် ကျင့်ဝတ်မသိ၊ သိက္ခာမရှိသော သတ္တဝါများ ဖြစ်ကြသည်။

ရံဖန်ရံခါတွင် ရုပ်မြင်သံကြားတွင် ပြသည့် အင်္ဂလိပ်စာ တန်းထိုး မြန်မာဇာတ်ကားများထဲတွင်လည်း ထိုသို့သော ဇာတ် ဝင်ခန်းများကို စိတ်မသက်သာဖွယ် တွေ့ရသည်။ ထိုသို့သော အနှစ်သာရမရှိ၊ မည်သည့်သင်ခန်းစာ၊ နမူနာကိုမျှ မပေးသည့် အဆန်ချောင် ဇာတ်ညွှန်းများ၊ ရိုက်ကွက်များကို မလွှဲသာ မရှောင်သာ တွေ့ရ၊ မြင်ရ၊ ကြားရသည့် ဒုက္ခများ မည်သည့်အခါ မျှ အဆုံးသတ်မည်နည်းဟု စိတ်ပျက်လက်ပျက်တွေးမိသည်။ ထို သို့တွေးမိတိုင်း ကျွန်မကြည့်ဖူးသော သုံးမိနစ်စာ ဗီဒီယိုဇာတ် လမ်းတိုလေးများကို အမှတ်ရမိသည်။ အနုပညာသည် သြဇာ ကြီးသော အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်သည်။ အင်အား ကောင်းသော အနုပညာသည် လူ့အဖွဲ့အစည်းကို ဆွဲဆောင်နိုင် သည်။ သိမ်းသွင်းနိုင်သည်။ ပြောင်းလဲပစ်နိုင်သည်။ အခုနောက် ပိုင်းတွင် ကျွန်မသည် လူငယ်ဒါရိုက်တာတစ်ဦး ရိုက်ကူးသည့် အိန္ဒိယဇာတ်ကားများကို ကြည့်ဖြစ်သည်။

သူ့ဇာတ်ကားများတွင် ကလေးသူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများ၊ ဘာသာရေး စသည်တို့နှင့် ပတ်သက်၍ လူ့အဖွဲ့ အစည်းအတွင်း အမြစ်စွဲနေသည့် အယူအဆအလွဲများအား တော်လှန်လိုသည့် စေတနာကို အတိုင်းသား မြင်ရသည်။ ပြုပြင် ပြောင်းလဲရေး စိတ်ဓာတ်ကို တွေ့ရသည်။ သူ ရိုက်ကူးမည့် ဇာတ် လမ်းတွင် သရုပ်ဆောင်မည့် ဇာတ်ကောင်၏ ခံစားချက်နှင့် ပကတိအခြေအနေများကို အသေးစိတ် လေ့လာထားကြောင်း ပေါ်လွင်သည်။ ကျွန်မတို့တိုင်းပြည်တွင်လည်း ထိုသို့သော သင် ခန်းစာကောင်းများ၊ နမူနာများကို ဖော်ညွှန်းရိုက်ကူးပြကာ ပရိသတ်ကို သိမ်းသွင်းပြောင်းလဲပေးမည့် ဇာတ်လမ်းကောင်းများ ဖန်တီးသည့် သူရဲကောင်း ဒါရိုက်တာ၊ သရုပ်ဆောင်များ များများ ပေါ်ထွက်လာဖို့ မျှော်လင့်မိသည်။ သူတစ်ပါး အသက်မွေးဝမ်း ကျောင်း၊ သူတစ်ပါး၏ ရိုးရာဓလေ့ထုံးစံ စသည်တို့ကို စော်ကား မော်ကားပြုရာ ရောက်သည့် မြန်မာဇာတ်ကားများ၊ သူတစ်ပါး အားနည်းချက်ကို လှောင်ပြောင်သရော်သည့် ဇာတ်ဝင်ခန်းများ ကို အမြန်ဆုံး အဆုံးသတ်စေချင်မိလေသည်။ ။

၂၀၁၇-မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၄)မှ အက်ဆေး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."