Photo- Kyaw Zay Ya
အုတ်ဖြတ် (ဇွန်၊ ၂ဝ၁၇)
စစ်တောင်းမြစ်ကမ်းဘေးက တစ်ဧကမပြည့်တဲ့ မတ်ပဲခင်းကို မြန်မြန်ရိတ်သိမ်းနိုင်ဖို့ ဦးကြည်တစ်ယောက် ရွာထဲက အလုပ်သမားတချို့ကို ငှားလိုက်တယ်။ ပုံမှန်ဆိုရင် သူတစ်ယောက်တည်း ရိတ်သိမ်းနိုင်ပေမယ့် လူငှားလိုက်ရတာက သူ့စိုက်ခင်းမြေပြင်ဟာ မြစ်ရေတိုက်စားခံနေရပြီး အက်ကွဲကြောင်းတွေ ပေါ်နေလို့ပါ။
ဦးကြည်နဲ့ အလုပ်သမားနှစ်ဦးဟာပဲခင်းရဲ့ ငါးပုံတစ်ပုံလောက်သာ ရိတ်ရသေးတဲ့အချိန်မှာပဲ မတ်ပဲခင်းဟာ တအိအိနဲ့ စစ်တောင်းမြစ်ထဲ နိမ့်ဆင်းပြိုကျသွားတာကြောင့် ကိုယ်လွတ်ရုန်းပြီးထွက်ပြေးခဲ့ရပါတယ်။
”နုတ်ပြီးသား(ရိတ်ပြီးသား) ပဲပင်တွေပါ အကုန်လုံး ရေထဲ ပါသွားတော့တာ”လို့ ၂ဝ၁၆၊ ဇန်နဝါရီလတုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၆၃ နှစ်အရွယ် ဦးကြည်က ပြန်ပြောပြတယ်။
သူဟာ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာမှာ နေထိုင်တဲ့တောင်သူတစ်ဦးဖြစ်ပါတယ်။ ဖြူးမြို့ရဲ့အရှေ့ဘက်ကို ဆယ်မိုင်ကျော်လောက်ဝင်သွားရင် စစ်တောင်းမြစ်ကမ်းနဖူးမှာအုတ်ဖြတ်ရွာကို တွေ့နိုင်တယ်။ ဒီရွာကဖြူး-အုတ်ဖြတ်-မုန်း ဒေသသွား ကားလမ်းမဘေးမှာ ရှိတာပါ။ ဒီရွာရဲ့ တစ်ဖက်ကမ်းမှာ ထန်းတပင်မြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေ ရှိပါတယ်။
စစ်တောင်းမြစ်ကြောင်းတစ်လျှောက်မှာ မြစ်ကမ်းပါး တိုက်စားမှုတွေဖြစ်လို့ရွှေ့ပြောင်းထွက်ပြေးရတဲ့ကျေးရွာတွေထဲမှာ အုတ်ဖြတ်ရွာလည်း ပါဝင်တယ်။
စစ်တောင်းမြစ်ဟာ မြစ်ကြမ်းပြင်မြင့်တက်လာပြီး မြစ်ဝှမ်းတစ်လျှောက်ရေလွှမ်းမိုးမှုဖြစ်တာ၊ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်နဲ့ စိုက်ပျိုးရေးမြေတွေပျက်စီးလာတာကို လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်လောက်ကစပြီး ခံစားလာနေရတာလို့ မြစ်ကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
စစ်တောင်းမြစ်ကြောင်း ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာနေတဲ့ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနရဲ့ ပါမောက္ခဌာနမှူး ဖြစ်သလို ဘူမိရုပ်သွင်ပညာရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာထွန်းကိုက အခြားမြစ်ကြီးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် စစ်တောင်းမြစ်ပေါ်မှာလုပ်တဲ့ မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းဟာ”အားအနည်းဆုံးပဲ”လို့ မှတ်ချက်ပြုပါတယ်။
စစ်တောင်းမြစ်ဟာ မြန်မာနိုင်ငံရဲ့အဓိကမြို့ ကြီးတွေအနားက ဖြတ်သန်းစီးဆင်းခြင်းမရှိတာ၊ နိုင်ငံရေးပဋိပက္ခတွေကြောင့် အညိုရောင်နယ်မြေအဖြစ် သတ်မှတ်ခံရတာ၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအသုံးချမှု မရှိတာတွေကြောင့်ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ရဲ့နောက်မှာတတိယဦးစားပေး မြစ်ကြောင်းအဖြစ်သာ အစိုးရက သတ်မှတ်ထားတယ်လို့သူက ဆက်ပြောတယ်။
Photo-Kyaw Zay Ya စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျနေသည့် အုတ်ဖြတ်ရွာက ဦးကြည်ရဲ့စိုက်ခင်းမြေ
စစ်တောင်းမြစ်က ပေးတဲ့ ဒုက္ခ
မြစ်ကြောင်းကျွမ်းကျင်သူတွေကကျန်းမာရေးချူချာလာတဲ့ မြစ်ကြောင်းလို့သုံးသပ်နေကြတဲ့ ဒီမြစ်က ဦးကြည်ပိုင်သမျှ စိုက်ပျိုးမြေ ၁၈ ဧကကို ပြီးခဲ့တဲ့ လေးနှစ်လောက်အတွင်း တိုက်စားပစ်လိုက်ပါပြီ။ ဒီနှစ်ထဲမှာပဲ တစ်ရာသီကို ကျပ်သိန်း၃ဝ လောက် ဝင်ငွေရှာဖွေပေးနေတဲ့ သီဟိုဠ်ခြံ သုံးဧကဟာမြစ်ထဲကိုပြုတ်ကျမျောပါသွားခဲ့ရတယ်။
ကော်ဖီရောင်ရေတွေကို သယ်ဆောင်စီးဆင်းနေတဲ့ စစ်တောင်းမြစ်ကမ်းပါးတိုက်စားလာတာဟာ ခြေတံရှည်၊ သွပ်မိုး၊ ထရံကာထားတဲ့ ဦးကြည်ရဲ့အိမ်နဲ့ ပေ ၄ဝ အကွာလောက်ကို ရောက်နေပါပြီ။ အိမ်နဲ့ မြစ်ကမ်းပါးရဲ့ ကြားမှာလည်း မြေအက်ကွဲကြောင်းတွေ ဟိုနေရာတစ်ခု ဒီနေရာတစ်ခု ဖြစ်ပေါ်နေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တွေအတွင်းဆက်တိုက်ဆိုသလို မြစ်ကမ်းပါးပြိုကျတာကြောင့် စိုက်ပျိုးစရိတ်နဲ့ ပြန်ရတဲ့သီးနှံအထွက်နှုန်း မကာမိတာတွေ၊ စားဝတ်နေရေးအပါအဝင် လိုအပ်တဲ့ စိုက်ပျိုးစရိတ်အတွက် ငွေကို ချေးငှားသုံးစွဲထားရတာတွေကြောင့် သူ့မှာ အကြွေးကျပ်သိန်းသုံးဆယ်ကျော်၊ လေးဆယ်ဝန်းကျင်တင်နေတယ်လို့ ဦးကြည်က ညည်းတွားပါတယ်။
”အသက်ကြီးသွားလို့၊ ငယ်သေးရင် နယ်စပ်ဘက်ကို ထွက်ပြေးတယ်”လို့အသက် ၆၃ နှစ်အရွယ် ဦးကြည်က နေအိမ်ရဲ့ နောက်ဘက်က ကွပ်ပျစ်ပေါ်မှာထိုင်ရင်း အရွှန်းဖောက်တယ်။ သူတို့ရွာမှာမြစ်ရေတိုက်စားတာကြောင့် မြေယာလက်မဲ့ ဖြစ်သွားတဲ့ မိသားစုတွေဟာထိုင်းနိုင်ငံဘက်ကို ထွက်ပြီး အလုပ်လုပ်စီးပွားရှာနေကြသူတွေ အများအပြား ရှိနေတာကြောင့်လည်း ဦးကြည်က အခုလိုအရွှန်းဖောက်တာပါ။
အုတ်ဖြတ်ရွာသားတွေရဲ့အဆိုအရကမ်းပါးပြိုကျမှုတွေကြောင့် ကစဉ့်ကလျားဖြစ်ပြီး ဖွံ့ဖြိုးမှု နိမ့်ကျသွားတဲ့အတွက် သူတို့မြို့ကို ရွာအဖြစ် ပြောင်းလဲအဆင့်နိမ့် သတ်မှတ်ခံခဲ့ရတယ်လို့ ဆိုတယ်။
Photo-Kyaw Zay Ya စစ်တောင်းမြစ်ဘေးက ရွာတန်းရှည်မှာ တည်ဆောက်ထားသည့် မြစ်ရေတင်စီမံကိန်းတစ်ခု
အုတ်ဖြတ်ကို ဒေသတွင်းမှာတော့အုတ်ဖြတ်မြို့လို့ ခေါ်ပါတယ်။ ‘အုတ်ဖြတ်မြို့မှ ကြိုဆိုပါ၏’ဆိုတဲ့ ဆိုင်းဘုတ်ပြန်လည်ရုပ်သိမ်းခံရတာဟာ ရှစ်နှစ်လောက်ပဲ ရှိသေးတယ်လို့ ဒေသခံတွေကပြောကြတယ်။
၁၉၇၅ လောက်က စတင်ခဲ့တဲ့မြစ်ရေတိုက်စားမှုကြောင့် မြို့ကျက်သရေဆောင်စေတီပုထိုးကြီးတွေ၊ အိမ်ကြီးရခိုင်တွေနဲ့ အထိမ်းအမှတ်ကျောက်တိုင်လို အဆောက်အအုံတွေဟာ ကမ်းပါးပြိုကျမှုနဲ့အတူ စုံးစုံးမြုပ် ကွယ်ပျောက်ခဲ့ပါပြီ။
အိမ်ခြေသုံးရာခန့်နှင့် လူဦးရေ၁,၅ဝဝ ခန့်ရှိတဲ့ အုတ်ဖြတ်ရွာဟာ စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုတွေကြောင့်နေရာရွှေ့ ပြောင်းခဲ့တာဟာ အခုဆိုရင်သုံးကြိမ်ရှိခဲ့ပါပြီ။ လက်ရှိနေရာဟာ ယခင်ရွာရဲ့ စားကျက်မြေဧရိယာဖြစ်တယ်လို့၁၉၇၅ ဝန်းကျင်မှာ ကျေးရွာလူကြီး လုပ်ခဲ့သလို လက်ရှိလည်း ရွာရဲ့ ရာအိမ်မှူးဖြစ်တဲ့ အသက် ၈ဝ အရွယ် အုတ်ဖြတ်ရွာသား ဦးတင့်ဝေက ရှင်းပြတယ်။ ကမ်းပါးပြိုကျမှုတွေကြောင့် အိမ်ခြေတစ်ရာ ဝန်းကျင်လောက်ဟာ ရွာကနေ အပြီးတိုင် ရွှေ့ပြောင်းထွက်ခွာသွားကြရတယ်လို့ သူကဆိုတယ်။
စစ်တောင်းမြစ်ကြောင်းအတိုင်းဆိုရင် အုတ်ဖြတ်ရဲ့ အထက်ဘက် မြစ်ညာအရပ်မှာရှိပြီး တောင်ငူမြို့နဲ့ ငါးမိုင်လောက် ဝေးတဲ့ ရွာတန်းရှည်ကျေးရွာဆိုရင်လည်း ၂ဝ၁ဝ ဝန်းကျင်ကစပြီး ကမ်းပါးပြိုမှုတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်လာရတယ်လို့ အဲဒီရွာက အသက် ၅ဝ အရွယ်ဦးကျော်ဌေးက ဆိုပါတယ်။
၂ဝ၁ဝ တုန်းက သူ့အိမ်နဲ့ မြစ်ကြားမှာ တစ်ဧကလောက် ကျယ်တဲ့ ဥယျာဉ်ခြံနဲ့ ပျဉ်ထောင်အိမ်ကြီးနှစ်လုံး ရှိခဲ့ပေမယ့်အခုတော့ စစ်တောင်းမြစ်ကြောင်းဟာသူ့အိမ်ရဲ့ခြံစည်းရိုးအစပ်ကို ရောက်လာနေပြီလို့ ဆိုပါတယ်။
”မြစ်ဦးတိုက်မှာကျနေတော့ လာမယ့် မိုးတွင်းရောက်တာနဲ့ ပြေးရမလားဆိုပြီး စိုးရိမ်နေရပြီ”လို့လည်း သူကပြောပါ တယ်။
တောင်ငူမြို့နယ်ထဲမှာပါဝင်တဲ့ ဒီရွာဟာ စစ်တောင်းမြစ်ရဲ့ ပြောင်းလဲလာတဲ့ ဂငယ်ကွေ့မြစ်ရေလမ်းကြောင်းရဲ့ ထိပ်တည့်တည့်မှာ ကျနေတာပါ။ ရေလမ်းကြောင်းက သူတို့ရွာကို ခါးလယ်ကနေပိုင်းဖြတ်ပစ်ဖို့ တာစူနေတယ်လို့ ဦးကျော်ဌေးက ပြောတယ်။
ဘာကြောင့် ဒုက္ခတွေပေးသလဲ
စစ်တောင်းမြစ်ကမ်းပါးပြိုပြီး ရေလမ်းကြောင်းတွေ ပြောင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ဒီမြစ်ကြောင်းတစ်လျှောက်ဖော်ဆောင်ထားတဲ့ မြစ်ရေတင်စီမံကိန်းတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ဦးကျော်ဌေးတို့ ရွာတန်းရှည်ကျေးရွာမှာတည်ဆောက်ထားတဲ့ မြစ်ရေတင်စီမံကိန်းကို ဥပမာပေးပြီး ဒေါက်တာထွန်းကိုက ရှင်းပြတယ်။
Photo- Google Earth မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေတိုက်စားခံနေရသည့် ရွာတန်းရှည်ကျေးရွာကို ဂြိုဟ်တုဓာတ်ပုံမှ တွေ့ရပုံ
မြစ်ကြောင်းရဲ့ ဂငယ်ကွေ့ ကွေ့နေတဲ့ ထိပ်တည့်တည့်မှာ ရွာတန်းရှည်မြစ်ရေတင် စီမံကိန်းအဆောက်အအုံကရှိနေတာပါ။ အားကောင်းတဲ့ အင်ဂျင်တွေနဲ့ မြစ်ရေကို စုပ်တင်တဲ့အခါ မြစ်ကြမ်းခင်းမှာ ချိုင့်ကြီးတွေ ဖြစ်ပေါ်တယ်လို့ဒေါက်တာထွန်းကိုက ရှင်းပြတယ်။
စီးလာတဲ့ရေလမ်းကြောင်းရဲ့တည့်တည့်မှာ ချိုင့်ဖြစ်နေတဲ့အခါ ရေစီးကြောင်း ဟာ ချောချောမွေ့မွေ့ မဖြစ်တော့ဘဲ သူ့အနီးက ကမ်းပါးတွေဟာ ရေတိုက်စားမှုဒဏ်ကို ပိုခံရတာကြောင့် ကမ်းပါးထိန်းသိမ်းရေးလုပ်ဆောင်မှုတွေဟာအရာမထင်နိုင်ဘူးလို့ ဒေါက်တာထွန်းကိုက ရှင်းပြပါတယ်။
”(မြစ်ကြောင်းရဲ့)ဂငယ်ကွေ့မှာရေကိုတော့ စုပ်တင်လိုက် တယ်။ နောက်ကမ်းပါးပြိုတဲ့အတွက် ရေကာနဲ့ ထိန်းတယ်။ ဘယ်လိုထိန်းထိန်းမရဘူး။ ပြိုမှာပဲ။ ဘာကြောင့်လဲဆိုရင် မြစ်ရေတင် စီမံကိန်းရဲ့ ဒီဇိုင်းက လွဲချော်နေတယ်”လို့ဒေါက်တာထွန်းကိုက ထောက်ပြတယ်။
မြစ်ရေတင်စီမံကိန်းတွေလုပ်ဆောင်တဲ့အခါ မြစ်ကြောင်းရဲ့ ဖွဲ့စည်းပုံအပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်မယ့်ဒီဇိုင်းမျိုးတွေ ရေးဆွဲသင့်တယ်လို့ သူကအကြံပြုတယ်။
ငလိုက်၊ ဆင်သေ၊ ပေါင်းလောင်းဆိုတဲ့ ချောင်းသုံးခုဆုံပြီး ပျဉ်းမနားမြို့နယ်အတွင်းမှာ စတင်မြစ်ဖျားခံကာ မုတ္တမကွေ့အတွင်း စီးဝင်တဲ့ မိုင်ပေါင်း ၂၆ဝကျော်ရှည်လျားတဲ့ စစ်တောင်းမြစ်ဟာမြစ်တစ်စင်းရဲ့ အဓိက လုပ်ငန်းသုံးခု ဖြစ်တဲ့ တိုက်စားခြင်း၊ သယ်ဆောင်ခြင်းနဲ့ပို့ချခြင်းဆိုတဲ့လုပ်ငန်းတွေကို ထမ်းဆောင်ရာမှာ စွမ်းဆောင်ရည်ပိုင်း ကျဆင်းလာနေပါတယ်။
ကွေ့ကောက်တဲ့ မြစ်ရေလမ်းကြောင်းတွေ များလာတာ၊ တချို့နေရာတွေမှာဆိုရင် အရှေ့ကိုစီးဆင်းနေတဲ့ မြစ်ကြောင်းဟာ ချက်ချင်းကွေ့ပြီး အနောက်ကို ပြန်စီးဆင်းသွားတာစတဲ့ မပြေပြစ်လွန်းတဲ့ မြစ်ရေလမ်းကြောင်းတွေကိုစစ်တောင်းမြစ်ပေါ်မှာ တွေ့မြင်လာနေရတယ်လို့ မြစ်ကြောင်းထိန်းသိမ်းရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
”မြစ်ကြောင်းက အကွေ့ အကောက် များလာတယ်ဆိုတာ သူ့ရဲ့ သယ်ဆောင်ခြင်း အခန်းကဏ္ဍကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်တော့တာဘဲ။ အနည်ကျမှုတွေ ပိုဖြစ်ပေါ် ပြီး မြစ်ကြမ်းခင်း တိမ်လာတော့တာပေါ့”လို့ ဒေါက်တာထွန်းကိုက ရှင်းပြပါ တယ်။
စစ်တောင်းမြစ်ဟာ သူရဲ့ တိုက်စားခြင်းလုပ်ငန်းစဉ်ကို သူ့ရဲ့မြစ်ဖျားခံရာချောင်းလက်တက်တွေပေါ်မှာ လုပ်ဆောင်ပါတယ်။ ချောင်းလက်တက်သုံးခုဆုံပြီး စစ်တောင်းမြစ်စဖြစ်တဲ့ နေရာကနေ ရွှေကျင်မြို့ဝန်းကျင်အထိဟာ ဒီမြစ်ရဲ့သယ်ဆောင်ခြင်းလုပ်ငန်းစဉ် ဆောင်ရွက်တဲ့အပိုင်းပါ။ မြစ်ကြောင်းတစ်ခုမှာဒီသယ်ဆောင်မှု ဆောင်ရွက်တဲ့အပိုင်းဟာ မြစ်ကြောင်းအဖြောင့်ဆုံး အပိုင်းလည်း ဖြစ်ပါတယ်။ ရွှေကျင်မြို့ရဲ့ အောက်ဘက်ကနေ မြစ်ဝအထိက သူ့ရဲ့ အနည်ပို့ချမှုအပိုင်းလို့ စစ်တောင်းမြစ်ကြောင်းလေ့လာသူ ဒေါက်တာထွန်းကိုက ရှင်းပြတယ်။
ဒါပေမဲ့ စစ်တောင်းမြစ်ဟာ ၁၉၉ဝမတိုင်မီတုန်းက အခြေအနေလို ဖြောင့်တန်းပြေပြစ်မှုမရှိတော့ဘဲ အကွေ့အကောက်များလာတာကို တွေ့လာတာကြောင့် အနည်သယ်ဆောင်ခြင်းကိုကောင်းကောင်းမွန်မွန် မဆောင်ရွက်နိုင်တော့ဘူးလို့ ဒေါက်တာထွန်းကိုက မှတ်ချက်ပြုတယ်။
Photo-Google Earth စစ်တောင်းမြစ်နှင့် အုတ်ဖြတ်ရွာကို ဂြိုဟ်တုဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်
လမ်းကြောင်းလွှဲခံရ
ဦးကြည်နဲ့ ဦးတင့်ဝေတို့နေထိုင်တဲ့အုတ်ဖြတ်ရွာဟာ ယခင်က ဖြူးချောင်းနဲ့စစ်တောင်းမြစ်ဆုံတဲ့နေရာမှာ တည်ရှိနေတာပါ။ စစ်တောင်းမြစ်ရေဟာ အုတ်ဖြတ်ရွာကို တည့်တည့်ဦးတိုက်ဆင်းလာတာဖြစ်ပေမယ့် ရွာထိပ်မှာရှိတဲ့ ဖြူးချောင်းကရေတိုးဝင်ကာ သဘာဝအတိုင်း ရေလမ်းကြောင်းလွှဲပြီး ကာကွယ်ပေးခဲ့တာ ဖြစ်တယ်လို့ ဦးတင့်ဝေက ဆိုပါတယ်။
ဒါပေမဲ့ ၁၉၇၄ မှာ အစိုးရက ဖြူးချောင်းရဲ့ ရေလမ်းကြောင်းကို လွှဲပြီးလယ်ယာမြေတွေဖော်ထုတ်လိုက်တဲ့အခါဒီနေ့အထိ အတောမသတ်နိုင်တဲ့ မြစ်ကမ်းပါးပြိုမှုတွေ ဖြစ်လာခဲ့တာလို့ သူကရှင်းပြပါတယ်။
အစိုးရမျှော်မှန်းခဲ့သလို ယခင်ကရေအမြဲဝပ်နေပြီး စိုက်ပျိုးလို့မရတဲ့ ဖြူးချောင်းနဲ့ စစ်တောင်းမြစ်ဆုံရာအရပ်ကမြေရိုင်းတွေဟာ စိုက်ပျိုးမြေတွေတော့ဖြစ်လာပါတယ်။ ဒါပေမဲ့ တစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ ကမ်းပါးပြိုမှုတွေစတင်ဖြစ်ပေါ်ခဲ့တာဟာ ”တစ်မိုင်ပတ်လည်လောက်ရှိခဲ့တဲ့ အုတ်ဖြတ်ရွာတစ်ရွာလုံး ပြုတ်သွားတယ်။ အခုနေတဲ့အိမ်ကလေးခါပြောင်းထားတဲ့ အိမ်နေရာ”လို့ဦးတင့်ဝေက သူရဲ့နေအိမ်မှာ ရှင်းပြတယ်။
စစ်တောင်းမြစ်ကြောင်း ကမ်းပါးပြိုတာ၊ မြစ်ကြောင်း ကောလာတာတွေရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက မြစ်ဖျားခံရာချောင်းတွေအပါအဝင် မြစ်ရဲ့အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းက ချောင်းလက်တက်တွေအပေါ်မှာ ဆည်တမံတွေ တည်ဆောက်ခဲ့တာတွေနဲ့လည်းဆက်စပ်တယ်လို့ ဒေါက်တာထွန်းကိုကဆိုပါတယ်။
မြစ်ဖျားခံရာ ချောင်းသုံးချောင်းအနက် အဓိကချောင်းတွေ ဖြစ်တဲ့ ပေါင်းလောင်းနဲ့ ငလိုက်ချောင်းတွေမှာလည်းဆည်တွေ ပိတ်ဆို့ထားသလို မြစ်ရဲ့အရှေ့ဘက်အခြမ်းမှာရှိတဲ့ သောက်ရေခပ်နဲ့ရွှေကျင်ချောင်းတွေမှာလည်း ဆည်တွေပိတ်ထားပါတယ်။ ဒါ့အပြင် အနောက်ဘက်အခြမ်းက ပဲခူးရိုးမတောင်ကြောကနေ စီးဆင်းလာတဲ့ ရဲနွယ်၊ ဖြူးချောင်း၊ခပေါင်းနဲ့ ဆွာချောင်းတွေဟာလည်းဆည်တွေ ပိတ်ဆို့ခံထားရပါတယ်။
ဆည်တွေပိတ်ဆို့တားဆီးလိုက်တာကြောင့် စစ်တောင်း မြစ်ကြောင်းထဲမှာပုံမှန်လိုအပ်တဲ့ ရေလုံးရေထုထည်ပမာဏ မရှိတော့ဘဲ လျော့နည်းသွားပါတယ်။ရေအားနည်းသွားတဲ့ မြစ်ကြောင်းဟာ သူသယ်ဆောင်လာတဲ့ အနည်တွေကို မြစ်အောက်ပိုင်းဒေသတွေအထိ မသယ်ဆောင်ပေးနိုင်တော့ပါဘူး။
”စစ်တောင်းက တကယ်တော့ ခြေတွေ၊ လက်တွေ၊ ခေါင်းတွေပါ အဖြတ်ခံလိုက်ရတဲ့ မြစ်တစ်စင်းပဲ”လို့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်က ဆည်တမံတွေကိုရည်ညွှန်းပြီး ဒေါက်တာထွန်းကိုကပြောတယ်။
မြစ်တွေကို စောင့်ရှောက်ပါ
မြစ်မကြီးတွေရဲ့ အဓိက မြစ်လက်တက်တွေကို ဆည်တွေ ပိတ်ဆို့တားဆီးခံ နေရတာဟာ စစ်တောင်းမြစ်ကြောင်းတစ်ခုတည်း ခံစားနေရတာတော့ မဟုတ်ပါဘူး။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေလည်း ကြုံတွေ့နေရတယ်လို့ မြစ်ကြောင်းဆိုင်ရာကကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင်အေးက မှတ်ချက်ပြုတယ်။ သူက အမျိုးသားရေအရင်းအမြစ်ကော်မတီရဲ့ အချိန်ပြည့် အကြံပေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
မြစ်တစ်စင်းကို ဆည်ပိတ်ခံရတာဟာ လူတစ်ယောက် ဖျားနာတာနဲ့တူပြီးဖြည်းဖြည်းချင်း ပျက်စီးဆုံးရှုံးသွားရတာမျိုး ဖြစ်တာကြောင့် ”လူတွေက သတိမထားမိကြဘူး”လို့ ဒေါက်တာမောင်မောင်အေးက ရှင်းပြတယ်။
တကယ်လို့ အဓိကမြစ်မကြီးတွေအပေါ်မှာသာ ဆည်တွေ ထပ်မံတည်ဆောက်ခဲ့မယ်ဆိုရင် ဒီမြစ်ဝှမ်းဒေသတွေကို မှီတင်းနေထိုင်နေသူအတွက် ”လည်ပင်းကို ဓားနဲ့ အလှီးခံရတာနဲ့ အတူတူပဲ”လို့ သူက ပြောတယ်။
”ထိန်းသိမ်းမှုအပိုင်း အားနည်းတဲ့အတွက် မြစ်ကြမ်းပြင် မြင့်တက်မှုတွေနဲ့ကြုံတွေ့နေရတာဟာ မြန်မာနိုင်ငံကအဓိက မြစ်ကြီး အကုန်လုံးပဲ”လို့ ဘူမိရုပ်သွင်ပညာရှင်လည်းဖြစ်သူ ဒေါက်တာမောင်မောင်အေးက ဆိုပါတယ်။
ဒါကြောင့်လည်း နိုင်ငံအတွင်းကမြစ်ကြောင်းကြီးတွေဟာ အခုနောက်ပိုင်းသာမန်ရွာသွန်းတဲ့ မိုးရေချိန် အခြေအနေမှာတောင် ရေကို ထိန်းသိမ်းနိုင်စွမ်း အားနည်းသွားပြီး သူတို့ရဲ့ မြစ်ဝှမ်းဒေသတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်လာရတာကိုတွေ့မြင်လာရတယ်လို့ သူက သုံးသပ်တယ်။
Photo-Google Earth ဖြူးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ကြားတွင် ဖြစ်ပေါ်နေသည့် စစ်တောင်းမြစ်ကြောင်း
လူဦးရေ ၁ ဒသမ ၆ သန်းလောက်ကို တိုက်ရိုက်သက်ရောက်မှုဖြစ်ခဲ့ပြီးပြည်နယ်နဲ့ တိုင်းအချို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရတဲ့အထိ ဆိုးရွားခဲ့တဲ့၂ဝ၁၅ ရေဘေးဟာ ဒီနိုင်ငံက မြစ်တွေရဲ့စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးပိုင်း ထိခိုက်နေပြီဆိုတာကို သတိပေးခေါင်းလောင်းထိုးတဲ့ အဖြစ်အပျက်လို့ ဒေါက်တာမောင်မောင်အေးက ပြောပါတယ်။
”ရေလွှမ်းခံရတဲ့ဧရိယာတွေ တစ်နှစ်ထက်တစ်နှစ် ပိုကျယ် ပြန့်လာလိမ့်မယ်။ နောက် ရေလွှမ်းခံရတဲ့အချိန်ဟာလည်း ပိုပြီး ကြာလာလိမ့်မယ်”လို့ သူကသတိပေးပါတယ်။
မြစ်ကြောင်းတစ်ခုရဲ့ ကျန်းမာရေးထိခိုက်လာတာနဲ့အမျှ မြစ်ကြောင်းရဲ့မြစ်ဝှမ်းဧရိယာမှာ မှီတင်းနေထိုင်တဲ့ လူတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေဟာလည်းထိခိုက်ပျက်စီးမှုပြဿနာတွေနဲ့ မလွဲမသွေ ကြုံရမယ်လို့ဒေါက်တာမောင်မောင်အေးက ပြောတယ်။
စစ်တောင်းမြစ်ကြောင်းမှာ အခုလိုမြစ်ကြမ်းပြင် မြင့်တက်လာတာနဲ့ မြစ်ကြောင်းပြောင်းလဲလာတာတွေဟာ သူ့ရဲ့ရေပေးဝေရာ ဒေသတွေဖြစ်တဲ့ ပဲခူးရိုးမအရှေ့ခြမ်းနဲ့ ရှမ်းကုန်းပြင်မြင့် အနောက်ဘက်ခြမ်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့သစ်တောပြုန်းတီးတာတွေနဲ့လည်း ဆက်စပ်တယ်လို့ ဒေါက်တာထွန်းကိုကပြောတယ်။
အခုအချိန်အထိ မြစ်ကြောင်းပေါများတဲ့ မြန်မာနိုင်ငံမှာ မြစ်ကြောင်းထိန်းသိမ်းရေကဏ္ဍဟာ စစ်တောင်းမြစ်အပြင်အခြားဘယ်မြစ်ကြောင်းအပေါ်မှာမှစနစ်ကျတဲ့စီမံခန့်ခွဲမှုစနစ် မရှိသေးဘူးလို့သူက ဆိုပါတယ်။
ဘယ်လိုထိန်းသိမ်းမလဲ
မြစ်ကြောင်းထိန်းသိမ်းမှုအပိုင်းမှာအားနည်းနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေအရင်းအမြစ်အကြွယ်ဝဆုံးနိုင်ငံ အဆင့် ၁၄ မှာရှိပြီး အာရှတိုက်မှာတော့ အဆင့်ခြောက် ရှိပါတယ်။ ဒါကြောင့် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး အာရုံစိုက်သင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။
စစ်တောင်းမြစ်ဆိုရင် မြန်မာနိုင်ငံအောက်ဘက်ပိုင်းမှာ အလယ်က တည့်တည့် စီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်ပေမယ့် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းထိန်းသိမ်းရေးဦးစီးဌာနရဲ့ ပုံမှန်ရေလမ်းကြောင်း စစ်ဆေးထိန်းသိမ်းတဲ့ မြစ်တွေထဲမှာ မပါဝင်သေးပါဘူး။
”အဓိက ထိန်းသိမ်းရေး လုပ်ဆောင်နေတာကတော့ ရေကြောင်းသွားလာမှု အသုံးပြုနေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေမှာ လုပ်ဆောင်နေတယ်”လို့ ဦးစိန်ထွန်းက ရှင်းပြတယ်။ သူက ရေအရင်းအမြစ်နဲ့ မြစ်ချောင်းထိန်းသိမ်းရေးဦးစီးဌာနမှာ အကြံပေးပညာရှင်အဖြစ်ဆောင်ရွက်နေသလို ဒီဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) တစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိဌာနအနေနဲ့ ဆောင်ရွက်နေတဲ့ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းတွေဟာလည်း မြစ်ကြောင်းတစ်ခုလုံးကို ထိန်းသိမ်းနေတာမျိုး မဟုတ်ဘဲ ရေစူးတိမ်သွားတဲ့နေရာတွေမှာ သင်္ဘောတွေသွားလာနိုင်အောင် သောင်တူးပေးတဲ့လုပ်ငန်းတွေလောက်သာ လုပ်နိုင်သေးတယ်လို့ ဦးစိန်ထွန်းက ဆိုတယ်။
မြန်မာနိုင်ငံက အဓိက မြစ်ကြောင်းတွေကို စီမံခန့်ခွဲထိန်းသိမ်းဖို့ အစိုးရအနေနဲ့အခုနောက်ပိုင်းမှာ ပြင်ဆင်ဆောင်ရွက်လာတဲ့ အပိုင်းတွေတော့ ရှိလာနေတယ်လို့ သူက ဆိုတယ်။
ဧရာဝတီမြစ်ဝှမ်းဒေသ ဘက်စုံဖွံ့ ဖြိုး တိုးတက်ရေးစီမံချက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ စတင်ဆောင်ရွက်နေတာရှိသလို စစ်တောင်းမြစ်ဝှမ်းဒေသကိုလည်း နော်ဝေနိုင်ငံအခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တစ်ခုကို ရေးဆွဲနိုင်ဖို့ စတင် ဆောင်ရွက်နေတာတွေ ရှိတယ်လို့ ဦးစိန်ထွန်းက ရှင်းပြတယ်။သူက နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားတဲ့အမျိုးသားရေအရင်းအမြစ်ကော်မတီရဲ့အကြံပေးပညာရှင်အဖွဲ့မှာလည်း ပါဝင်ဆောင်ရွက်နေသူဖြစ်တယ်။
Photo-Kyaw Zay Ya အုတ်ဖြတ်ရွာတွင် တည်ဆောက်ထားသည့် ကမ်းပါးထိန်း ရေကာတချို့ကိုတွေ့ရစဉ်
ဒါပေမဲ့ မြန်မာနိုင်ငံမှာ မြစ်ကြောင်းထိန်းသိမ်းရေးဖော်ဆောင်မှုအပိုင်းတွေဟာ လက်ရှိအခြေအနေမှာတော့ အားနည်းတဲ့အဆင့်မှာပဲ ရှိသေးတယ်လို့ ဦးစိန်ထွန်းက ပြောတယ်။
ဒေါက်တာထွန်းကိုကတော့ စစ်တောင်းမြစ်ဟာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ကြောင်းတွေနဲ့ ယှဉ်ရင် မြစ်ကြောင်းပျက်စီးမှု နည်းပါးနေသေးပြီး ထိန်းသိမ်းမယ်ဆိုရင် အချိန်မီသေးတဲ့ မြစ်ကြောင်းလို့ဆိုတယ်။
ဒါကြောင့်ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်ရင်တော့ စစ်တောင်းမြစ်ဟာ”ကမ်းပါးတွေပြိုရာကနေ နောက်ဆုံးတော့ ကမ်းမမြင်ရတော့တဲ့ မြစ်ဖြစ်သွားလိမ့်မယ်။ ပြန့်ကျယ်ကြီး ဖြစ်သွားလိမ့်မယ်”လို့ ဒေါက်တာထွန်းကိုက သတိပေးတယ်။
ကမ်းပါးပြိုမှုတွေကြောင့် ဧရာဝတီမြစ်ရဲ့အချို့နေရာတွေ မှာတစ်ဖက်ကမ်းကိုမမြင်ရတော့တာ၊သောင်ထွန်းတာတွေကြောင့် ရေလမ်းကြောင်းခွဲဖြာစီးဆင်းမှုများပြားလာပြီး အဓိက ရေလမ်းကြောင်းဘယ်ဟာဆိုတာ ခွဲခြားရ ခက်နေပေမယ့်စစ်တောင်းမှာတော့ ဒီပြဿနာတွေ မဖြစ်ပေါ်သေးဘူးလို့ သူက ရှင်းပြတယ်။
”ပြည်မြို့ဝန်းကျင်မှာ ဧရာဝတီမြစ်ကြုံနေရသလိုမျိုး ပြန့်ကျယ်လွန်းတဲ့မြစ်ပြင်ဖြစ်သွားရင် စစ်တောင်းဟာလည်းထိန်းသိမ်းဖို့ ခက်သွားလိမ့်မယ်။ အခုအချိန်မှာ စစ်တောင်းဟာ မြစ်ကြောင်းထိန်းသိမ်းဖို့ သိပ်မခက်သေးဘူး”လို ဒေါက်တာထွန်းကိုက ပြောတယ်။
မြစ်ကြောင်းတွေကို ထိန်းသိမ်းတာဟာ မြစ်ဝှမ်းဒေသတွေကို မှီတင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဂေဟဗေဒစနစ်ကိုထိန်းသိမ်းတာဖြစ်တာကြောင့် ရေရှည်စီမံချက်တွေနဲ့ ရေးဆွဲအကောင် အထည်ဖော်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုတယ်။
”မြစ်တစ်စင်းရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထိန်းချင်ရင် မြစ်ရဲ့ ရေ ဝေရေလဲမှာရှိတဲ့သစ်တောတွေကို ထိန်းသိမ်းရမယ်။ ရေဝေရေလဲကို ထိန်းသိမ်းမှု မအောင်မြင်ဘဲနဲ့တော့ မြစ်ကြောင်းတွေကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ ဒေါက်တာမောင်မောင်အေးက ပြောတယ်။
ဒါ့အပြင် မြစ်ကြောင်းတွေကို လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားအတွက်အသုံးချနိုင်ဖို့ဆိုရင် အစိုးရပိုင်းကလည်းလိုအပ်သလို မြစ်ဝှမ်းကို မှီတင်နေထိုင်သူတွေရဲ့ တစ်ဦးချင်း စိတ်ဓာတ်ပိုင်းတွေကိုလည်း ပြင်ဆင်ဖို့နဲ့ အသိပညာပေးမှုတွေတိုးမြှင့်လုပ်ဆောင်ဖို့ လိုတယ်လို့ မြစ်ကြောင်းပညာရှင်တွေက ထောက်ပြကြတယ်။
”အစိုးရက ဘယ်လောက်ပဲအကျိုးရှိအောင် လုပ်လာစေဦးတော့ တစ်ဖက်က ပြည်သူတွေက ဒီမြစ်ချောင်းတွေကို အမှိုက်ပစ်နေဆဲ၊ အညစ်အကြေးစွန့်နေဆဲဆိုရင်၊ ဒီအယူအဆတွေ ရှိနေဆဲဆိုရင်တော့ ထိန်းသိမ်းရေးဟာ ဘယ်လိုမှဖြစ်မလာနိုင်ဘူး”လို့ ဒေါက်တာထွန်းကိုက သုံးသပ်တယ်။
Photo-Kyaw Zay Ya မြစ်ကမ်းပါးပြိုကျမှုကို ကာကွယ်ရန်အတွက် ရွာတန်းရှည်ကျေးရွာတွင် တည်ဆောက်နေသည့် ရေကာ
ဒေါက်တာမောင်မောင်အေးကတော့ မြစ်ဝှမ်းကို မှီတင်းနေထိုင်သူတွေ အနေနဲ့ မြစ်ကြောင်းထိန်းသိမ်းရေးကိုတန်ဖိုးထား စိတ်ဝင်စားလာစေဖို့ အစိုးရအနေနဲ့ ”အမျိုးသားရေးကိစ္စတစ်ရပ် အနေနဲ့လုပ်ဆောင်သင့်တယ်”လို့ အကြံ ပြုတယ်။
အဖိုးတန် စစ်တောင်း
ပဲခူးတိုင်းအရှေ့ဘက်ခြမ်း၊ နေပြည်တော်ရဲ့ တောင်ဘက်ပိုင်း၊ ရှမ်းကုန်းပြင်မြင့်ရဲ့ အနောက်ဘက်ဆက်စပ် ဧရိယာအားလုံးနဲ့ ရွှေကျင်၊ ကျောက်ကြီးဒေသတွေရဲ့ စိုက်ပျိုးမြေတွေဟာ စစ်တောင်းမြစ်ရဲ့ မြစ်ဝှမ်းလွင်ပြင်ပေါ်မှာ တည်ရှိနေတာလို့ ဒေါက်တာထွန်းကိုက ရှင်းပြတယ်။
”စစ်တောင်းမြစ်ကြမ်းခင်းဟာတိမ်သထက်တိမ်လာမယ်ဆိုရင် ရေလွှမ်းမိုးမှုဖြစ်တဲ့အခါ ဒီလွင်ပြင်ကြီးတစ်ခုလုံးကျိန်းသေထိခိုက်မှာပဲ”လို့ ဒေါက်တာထွန်းကိုက ပြောတယ်။
ဒါ့အပြင် ရေလမ်းကြောင်းမရှိသေးတဲ့ နေပြည်တော်ရဲ့ ရေလမ်းကြောင်းဆက်သွယ်ရေးကို စစ်တောင်းမြစ်ကကူညီဆောင်ရွက်ပေးနိုင်တယ်လို့ သူကဆိုသေးတယ်။ စစ်တောင်းမြစ်ကြောင်းကို ပြုပြင်ထိန်းသိမ်းပြီး လိုအပ်တဲ့ ရေစူးအနက်ကို ဖန်တီးနိုင်မယ်ဆိုရင် မကြာခင်ရန်ကုန်မြို့မှာ စတင်တော့မယ် Water Taxi (မြစ်ကြောင်းသွား အမြန်ရေယာဉ်စနစ်) လို သယ်ယူပို့ဆောင်ရေးစနစ်တွေကို နေပြည်တော် အရောက်ဖန်တီးနိုင်မယ်လို့ သူက ထောက်ပြတယ်။
”စစ်တောင်းကိုသာ ရေလမ်းကြောင်း ပြုပြင်နိုင်မယ်ဆိုရင် နေပြည်တော်ကို ရေလမ်းကြောင်း သယ်ယူပို့ဆောင်ရေးလုပ်လို့ရတယ်။ အပေါ်မှာ မြို့ထဲကိုဝင်သွားတဲ့ငလိုက်ချောင်းကလည်းရှိနေပြီးသားလေ”လို့ သူက ဆိုတယ်။
လတ်တလောမှာ ကမ္ဘာ့ရေတိမ်ရပ်ဝန်းဒေသ (လတာပြင်ဒေသ) အဖြစ်သတ်မှတ်ခံထားရတဲ့ စစ်တောင်းမြစ်ဝဧရိယာကို ထိန်းသိမ်းနိုင်ဖို့ ဒီမြစ်ကြောင်းရဲ့ကျန်းမာရေးကောင်းနေဖို့ လိုတယ်လို့ဒေါက်တာထွန်းကိုက သတိပေးတယ်။
ရေတိမ်ရပ်ဝန်းဒေသတွေဟာ ဇီဝမျိုးစုံမျိုးကွဲတွေရဲ့ ရှင်သန်မှုကို အထောက်အကူပြုသလို လူသားတွေရဲ့ ရှင်သန်ရေးအတွက် အရေးကြီးတဲ့ မြေအောက်ရေချိုအရင်းအမြစ်တွေရဲ့ ရေမျက်နှာပြင် အနိမ့်အမြင့်ကို အဓိက ထိန်းသိမ်းပေးတဲ့ အရံအတားတွေလည်း ဖြစ်တယ်လို့ ဘူမိရုပ်သွင်ပညာရှင်ဖြစ်သူ ဒေါက်တာထွန်းကိုက ဆိုတယ်။
ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက မြေအောက်ရေချိုရဲ့ ရေမျက်နှာပြင်ကို အဓိကထိန်းသိမ်းပေးနေတာဟာ လတာပြင်တွေဖြစ်ပြီး ဒီအရာတွေ လျော့ကျပျောက်ဆုံးတာနဲ့အမျှ လူတွေဟာလည်း မြေအောက်ရေချိုကို လက်လှမ်းမီမှု ပိုမိုဝေးကွာသွားလိမ့်မယ်လို့ ဒေါက်တာထွန်းကိုက ရှင်းပြတယ်။
ဒါကြောင့် မြေအောက်ရေချိုတွေကို ထိန်းသိမ်းရာမှာ အထောက်အကူပြုတဲ့စစ်တောင်းမြစ်ဝက လတာပြင်တွေ ရေရှည်တည်တံ့နေဖို့ ”ဒီမြစ်ကို ထိန်းသိမ်းရေးတွေ အခုထက်ပိုပြီး လုပ်ရလိမ့်မယ်”လို့ ဒေါက်တာထွန်းကိုက သတိပေးပါတယ်။
Photo-Kyaw Zay Ya မူလနေရာအိမ်များ မြစ်ရေတိုက်စားမှုကြောင့် ပြိုကျသွားသည့်အတွက် အသစ်ပြန်ဆောက်နေသည့် နေအိမ်တချို့ကို တောင်ငူမြို့နယ်အတွင်း တွေ့ရစဉ်
စစ်တောင်းမြစ်ကမ်းနားက အုတ်ဖြတ်ရွာမှာတော့ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းကုန်ခါနီးမှာ ရေကာတံတိုင်းတွေ လာရောက်ရိုက်ပေးခဲ့တယ်လို့ ဦးတင့်ဝေက ပြောပြတယ်။
ဒါပေမဲ့ ရေကာရိုက်ထားတဲ့ ဧရိယာဟာ ရွာတစ်ခုလုံးကို မလွှမ်းခြုံတာကြောင့်ကမ်းပြိုမှုကတော့ ဆက်လက်ဖြစ်နေတုန်းပါပဲ။ ကမ်းပြိုကျနေတဲ့ ဦးကြည်ရဲ့အိမ်နားမှာဆိုရင် ရေကာရိုက်ထားတာ မရှိပါဘူး။ အစိုးရက လုပ်ပေးတဲ့ ရေကာကသူ့ခြံရဲ့ အပေါ်ဘက် ပေတစ်ရာဝန်းကျင်မှာအဆုံးသတ်သွားတာပါ။
ရေကာ မရှိတဲ့အတွက် ကမ်းပါးပြိုကျမှုနှုန်း မြန်နေတာကြောင့် စစ်တောင်းမြစ်ဟာ သူ့အိမ်ဘက်ကို တိုးပြီး ရွေ့လာနေပါတယ်။ မြေအက်ကွဲကြောင်းတွေဟာတဖြည်းဖြည်းနဲ့ သူ့အိမ်ဘက်ကို တိုးဝင်ဖြစ်ပေါ်လာနေသလို ကမ်းပါးပြိုတာကလည်း နေ့တိုင်းလိုလို ဖြစ်နေတယ်လို့မေလကုန်ပိုင်းက ဆက်သွယ် မေးမြန်းစဉ်ဦးကြည်က ပြောပြတယ်။
ဒါကြောင့် မြစ်နဲ့ဝေးရာကို ထွက်ပြေးနိုင်ဖို့ သားသမီးနဲ့ ဆွေမျိုးတွေကစုပေါင်းထောက်ပံ့တဲ့ ငွေငါးသိန်းနဲ့ ရွာအတွင်းပိုင်းမှာ ပေ ၄ဝ၊ ၇ဝ အကျယ် ခြံတစ်ကွက်ကို ဦးကြည် ဝယ်လိုက်တယ်။
ပြီးတော့ အဲဒီနေရာသစ်မှာ အိမ်အဟောင်းက တိုင်တွေ၊ အမိုးတွေ၊ အကာတွေကိုသုံးပြီး အိမ်တစ်လုံးဆောက်နေပါတယ်။
လတ်တလော နေထိုင်စရာ အဆင်ပြေသွားပေမယ့် သူ့အတွက် အဓိက ဝင်ငွေရနေတဲ့စိုက်ပျိုးမြေနဲ့ ဥယျာဉ်ခြံမြေတွေဟာ စစ်တောင်းမြစ်က တိုက်စားသွားပြီဖြစ်တဲ့အတွက် ရှေ့လျှောက် စားဝတ်နေရေးနဲ့ အကြွေးတွေ ဆပ်ဖို့ ဦးကြည်တွေးပူရင်း အခုလို ညည်းတွားပါတယ်။
”အကြွေးတွေကို ဘယ်လိုမှ ဆပ်နိုင်တော့မှာ မဟုတ်ဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိသေးပါဘူး”
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။