Photo- Than Naing Oo
ပဒေသရာဇ်ခေတ်မှာ ဘုန်းမီးနေလတောက်ပခဲ့တဲ့ မြင်စိုင်းက ကျောက်ဆည်လွင်ပြင်မှာ တည်ရှိတယ်။ ပတ် ဝန်းကျင်မှာ တောင်စွယ်ငေါငေါတွေက ဝန်းရံနေတယ်။ ကျောက်ဆည်လွင်ပြင်ကို လယ်တွင်းကိုးခရိုင် လို့လည်း သတ်မှတ်ကြတယ်။ဆည်မြောင်းချောင်းကန်တွေက ကျောက်ဆည်လွင်ပြင်မှာ ကွန်ရက်သဖွယ်ရှိနေပါတယ်။ ရှမ်းရိုးမရဲ့ တောင်စွယ်တောင်တန်းတွေက မြင်စိုင်းမြေမှာ ထိုးထိုးထောင်ထောင် ဖြစ်နေတယ်။ ‘မြန်မာအစ ကျောက်ဆည်က’ ဆိုတာ မြင်စိုင်းဒေသကို ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။
မြင်စိုင်းမြို့တော်ကို ရှေးနှစ်ပေါင်း ၆ဝဝ ကျော်က ရှေးမြန်မာကြီးတွေ တည်ဆောက်ခဲ့ကြတာပါ။ ရှေးမြန်မာကြီးတွေရဲ့ မြို့ သစ်တည်ဆောက်ပုံက လေးစားအတုယူဖွယ်ကောင်းတယ်။ ရေခံမြေခံကို အသေအချာတွက်ချက်ခဲ့ကြတယ်။ အထူးသဖြင့် ရေရှင်တသွင်သွင် စီးဆင်းရာ မြစ်နီးချောင်းစပ်တွေမှာသာ မြို့ပြ နိုင်ငံတွေ၊ နန်းတော်ရာတွေ တည်ဆောက်ခဲ့ကြတာဖြစ်တယ်။ မက္ခရာ၊ အင်းဝ၊ ပင်းယ၊ စစ်ကိုင်း၊ ရွှေဘို၊ ပုဂံ၊ အမရပူရ၊ တောင်ငူ၊ ပဲခူး၊ မန္တလေး စတဲ့ မြို့တွေဟာ မြစ်တွေ၊ ချောင်းတွေအနီးမှာ တည်ခဲ့ကြတာချည်းပါပဲ။ ရေရဲ့ အရေးပါမှုကို အထူးဂရုပြုပြီး သေ ချာထည့်တွက်ခဲ့ကြတယ်။
မြန်မာဘုရင်တွေက မြို့သစ်တည်တာ ဝါသနာပါပုံရတယ်။မြို့သစ်တည်တာက သူတို့ရဲ့ ဘုန်းလက်ရုံးတွေကို ပြသရာ ရောက် တယ်လို့ ယုံကြည်တာလည်းပါတာပေါ့။ ကုန်းဘောင်ဆက် မင်းတုန်းမင်းကြီး မြို့သစ်တည်တာနဲ့ ပတ်သက်လို့ ပါးစပ်ရာဇဝင်လေး တစ်ခုလည်းရှိတယ်။ စာရေးဆရာ နေဝင်းမြင့်က သူ့ရဲ့ ဟောပြော ပွဲတွေမှာ အလျဉ်းသင့်သလို ထည့်သွင်းဟောပြောလေ့ရှိတယ်။ မင်းတုန်းမင်း ဘဝရှင်မင်းတြားကြီး ဖြစ်လာတော့ ရှေးမင်းတို့ ထုံးစံအတိုင်း မြို့သစ်တည်ချင်လာပါသတဲ့။ ပညာရှိ မှူးကြီးမတ် ရာတွေနဲ့ မြို့သစ်၊ နန်းသစ် တည်ဖို့ တိုင်ပင်တယ်။ (တကယ်တော့ အမိန့်ပေးတာပါ)။ ဘုရင့်အမိန့်တော်ဆိုတော့ ဘယ်ပညာရှိကမှ မသင့်တော်ပါဘူး ဘုရားလို့ မလျှောက်တင်ရဲဘူး။ စည်မျက်နှာ ပြင်ကဲ့သို့ ညီတော်မူတဲ့ မန္တလေးတောင်ခြေ အရပ်မှာ နန်းမြို့ရိုးနဲ့ ကျုံးတော်ဟာ အသစ်တည်ဆောက်ပြီး မြနန်းစံကျော် ရွှေနန်း တော်ရယ်လို့ တည်လိုက်ပါရောလား။
ဘုရင်က မြို့တော်ကို အမရပူရက မန္တလေးရွှေမြို့တော်မှာ ပြောင်းရွှေ့ စံမြန်းမယ်ဆိုတော့ ဆင်စီးပြီး ထွက်တော်မူနန်းက ခွာ ရုံပဲ။ တိုင်းသူပြည်သား လူအများကတော့ မြို့ဟောင်းက အိုးအိမ် တိုက်တာတွေကို မပျက်မစီး မပျောက်မရှအောင် ရွှေ့ကြ၊ ပြောင်း ကြ၊ သယ်ရပိုးရ လုပ်ကြရတယ်။ မြို့သစ်ရောက်ပြန်တော့လည်း တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကြကိုင်ကြနဲ့ အလုပ်ရှုပ်ရ ပြန်တယ်။ မြို့ဟောင်းမှာ အခြေကျနေပေမယ့် ဘုရင်က ရွှေ့ဟေ့ ဆိုတော့လည်း တိုင်းသူပြည်သားတွေက လိုက်ရွှေ့ကြရတော့ တာပေါ့။
ကျောက်ဆည်စက်မှုဇုန်သို့ သွားသည့်လမ်း ။ Photo- Than Naing Oo
အိမ်ရှေ့ကိုယ်တော် ကနောင်မင်းသားကြီးက မြို့သစ်ကို ပြောင်းရွှေ့လာကြတဲ့ မြို့သူမြို့သားတွေရဲ့ အခြေအနေကို သိချင် တော့ ရုပ်ဖျက်ပြီး မြို့ထဲ စနည်းနာထွက်တယ်။ အထူးသဖြင့် သူ့ နောင်တော် မင်းတုန်းမင်းအပေါ် တိုင်းသူပြည်သားတွေ ဘယ်လို သဘောထားသလဲ သိချင်နေမိတယ်။ လမ်းမှာ ကြောင်အိမ်တွေ၊ စားပွဲတွေ၊ ထိုင်ခုံတွေ တင်လာတဲ့ လှည်းတစ်စီးကို မောကြီးပန်း ကြီးမောင်းလာတဲ့ လှည်းသမားအဘိုးအိုကို တွေ့တော့ ဝမ်းသာ အားရ သွားပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။
”အဘ၊ ဒါတွေက ဘာလုပ်ဖို့လဲ”
”မြို့ဟောင်းကနေ မြို့သစ် ပြောင်းလာရမယ်ဆိုလို့ ငါ့တူရဲ့”
”ဒီမြို့သစ်မှာတော့ နေရေးထိုင်ရေး အဆင်ပြေတယ် မဟုတ်လား အဘ”
”ပြေလှတယ်တော့ ဘယ်ဟုတ်မလဲကွယ်”
”တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ရှင်ဘုရင်ကရော ဘယ်လို လဲ အဘရဲ့”
”အရင်ဘုရင်တွေလိုပါပဲကွယ် မထူးပါဘူး။ မြို့တည်၊ နန်း တည် ဘွဲ့ခံချင်သေးတယ်”
မြင်စိုင်းနန်းတော်နှင့် အပြိုင်တည်ခဲ့သည့် နန်းဦးစေတီ ။ Photo- Than Naing Oo
အိမ်ရှေ့စံ ကနောင်မင်းသားကြီး အခြေအနေကို ရိပ်စား မိလာပြီ။ လှည်းသမား အဘကို နောက်ဆက်တွဲ မေးခွန်းတွေ ဆက်မေးရင်လည်း သူလိုချင်တဲ့ အဖြေကို မရနိုင်လောက်တော့ ဘူး။ စကားလက်စသတ်တဲ့အနေနဲ့ သူ့အကြောင်း မေးဦးမှပဲဆိုပြီး မေးခွန်းထုတ်လိုက်တယ်။
”ဘုရင့် ညီတော် အိမ်ရှေ့စံ မင်းသားကတော့ မဆိုးဘူး မဟုတ်လား အဘရဲ့”
လှည်းသမား အဘ အိမ်ရှေ့မင်းသားရဲ့ မေးခွန်းကို ချက် ချင်းမဖြေသေးဘူး။ နေပူပူမှာ အိုးခွက်ပန်းကန်တွေ၊ ဆန်ကော၊ ဆန်ခါတွေ၊ အိမ်ထောင်ပရိဘောဂတွေ လှည်းပေါ် အပြည့်တင် မောင်းလာရတာမို့ ချွေးဒီးဒီး ကျနေပြီ။ ပေါင်းထားတဲ့ တဘက် ခေါင်းပေါင်းကို ချွတ်ပြီး ချွေးသုတ်လိုက်သေးတယ်။ လက်ထဲမှာ မီးသေနေတဲ့ ပြောင်းဖူးဖက် ဆေးလိပ်ကို မီးညှိလိုက်ပြီး မီးခိုး ချောင်းချောင်းထွက်အောင် ဖွာတယ်။ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီးမှ သူပြောချင်တာတွေကို ဟောဟောဒိုင်းဒိုင်း ပြော ချလိုက်တယ်။
”သင်းက ပိုဆိုးသေး။ မူးလိုက်ရူးလိုက်တာမှ ဝီခေါ်လို့။သူ့ အတွက် မြို့ရွှေကြိုးသတ် နယ်မြေအစွန်းက သခင်မတောင်ခြေ မှာ ထန်းတောတောင် ထားပေးရသေး။ အိမ်ရှေ့မင်းထန်းတော တဲ့။ သူတို့ညီအစ်ကို စိတ်ပေါက်ပြီး မြို့သစ်နန်းသစ်တည်ချင်တာက အကြောင်းမဟုတ်ဘူး။ ကျုပ်တို့လို တိုင်းသူပြည်သားတွေက သူ တို့ စိတ်ရူးပေါက်တိုင်း လိုက်ပြီး ပြောင်းရွှေ့နေရတာက ခက်တယ်”
မြင်စိုင်းက ကျောက်ဆည်မြို့ရဲ့ အရှေ့တောင်ဘက်က လွင်ပြင်မှာ တည်ရှိတယ်။ မန္တလေးမြို့နဲ့ မိုင်လေးဆယ်ဝန်းကျင် အကွာမှာ တည်ရှိတယ်။ ရန်ကုန်-မ္တနလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၄ဝဝ ရောက်ရင် ကျောက်ဆည်မြို့တော်ခန်းမကို တွေ့ရပါ လိမ့်မယ်။ မြို့တော်ခန်းမရဲ့ ဘယ်ဘက်ကလမ်းအတိုင်း ၁၅ လမ်း အရှေ့ စူးစူးကို မောင်းဝင်ရမှာပါ။ ဆိုင်ကယ်နဲ့ ငါးမိနစ်ကျော်ကျော် မောင်းဝင်ပြီးတဲ့အခါ ကွန်ကရစ်လမ်းဆုံကို ရောက်ပါလိမ့်မယ်။လမ်းဆုံရောက်ရင် လမ်းရဲ့ ညာဘက်(တောင်ပတ်လမ်း)အတိုင်း ချိုးဝင်ရမှာပါ။ ကျောက်ဆည်တောင်က ကားလမ်းရဲ့ အရှေ့ ဘက်မှာ ကပ်လျက်ရှိပြီး လမ်းကို အုပ်မိုးထားသလို ဖြစ်နေပါ တယ်။ တောင်ပတ်လမ်းကို တိုးချဲ့ဖောက်လုပ်နေပြီး လမ်းဆုံက နေ ဆိုင်ကယ် ငါးမိနစ်လောက် မောင်းရုံနဲ့ ကျောက်ဆည်မြို့အစွန် ကို ရောက်ပြီဆိုတာနဲ့ မိုင်တိုင်အမှတ် ‘ဝ’ ဆိုတဲ့ ကျောက်တိုင် စိုက်ထူထားတာ တွေ့ရမှာပါ။
မြင်စိုင်းမြို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝကျော်က တည်ထောင်ခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတာ မကြာသေးပါဘူး။ ကျောက်ဆည်လွင်ပြင်ထဲက သာမန် အညာ ကျေးလက်လေးမျှသာ ဖြစ်တယ်။ မြင်စိုင်းအနီးဝန်းကျင်က ပတ္တာ၊ ချောင်းနက်၊ ရှမ်းရွာ စတဲ့ ကျေးရွာတွေလို သူလိုကိုယ်လို ပါပဲ။ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ရောက်လို့ မြင်စိုင်းနယ်မြေကို စက်မှုဇုန်အဖြစ် ထူထောင်ပြီးမှ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းလာတာပါ။ မြင်စိုင်းရွာက ကျောက်ဆည် စက်မှုဇုန် သွား ရာ လမ်းမကြီးနံဘေးမှာ တည်ရှိတာပါ။
မြင်စိုင်းမှာ ဘာတွေပေါလဲလို့ တစ်စုံတစ်ယောက်က မေး လာခဲ့ရင် လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေ ပေါတယ်လို့ မဆိုင်းမတွ ဖြေရပါလိမ့်မယ်။ မြင်စိုင်းသွားရာလမ်းတစ်လျှောက် မှာ လက်ဖက်ရည်ဆိုင်တွေကို ခပ်စိပ်စိပ် တွေ့ရတယ်။ ကွမ်းယာ ဆိုင်တွေလည်း အစီအရီပါပဲ။ မြင်စိုင်းက လက်ဖက်ရည်ဆိုင်တွေ က မြို့ပြက လက်ဖက်ရည်ဆိုင်တွေလို မခမ်းနားပေမယ့် သန့်ရှင်း သပ်ရပ်ပြီး နွားနို့နဲ့ ဖျော်ထားလို့ အရသာရှိတယ်။ တချို့ လက် ဖက်ရည်ဆိုင်တွေမှာ Sky Net တပ်ဆင်ထားပြီး နိုင်ငံခြားရုပ်ရှင် ဇာတ်ကားတွေနဲ့ ကက်စတန်မာတွေကို ဧည့်ခံတယ်။
မြင်စိုင်းက စက်မှုဇုန်သွား ကားလမ်းနံဘေးက ရွာကြီး တစ်ရွာဖြစ်လို့ အထိုက်အလျောက်ဖွံ့ဖြိုးပါတယ်။ ထမင်းဆိုင် တွေ ရှိတယ်။ မူလတန်းလွန်ကျောင်းရှိတယ်။ ကျောက်ဆည်ခရိုင် ရုံးအချို့ မြင်စိုင်းမှာ ရုံးစိုက်ကြတယ်။ ထုံးစံအတိုင်း နိုင်ငံရေးပါတီ ဆိုင်းဘုတ် ချိတ်ဆွဲထားတဲ့ အိမ်တွေရှိတယ်။ လူမှုကူညီရေး အသင်းရှိတယ်။ ဝါးကပ်ရက်လုပ်ကြသူတွေ၊ လေထိုးကျွတ်ဖာ ဆိုင်တွေ၊ ကုန်စုံဆိုင်တွေလည်း ရှိပါတယ်။ ပရဟိတ ဘုန်းတော် ကြီးကျောင်းလည်း တောင်ခြေမှာ ရှိပါတယ်။
မြင်စိုင်းခေတ် လက်ရာ ကျောက်ဆစ်ပန်းတမော့ ။ Photo- Than Naing Oo
မြင်စိုင်းအရှေ့၊ မြင်စိုင်းအနောက်၊ မြင်စိုင်း ၁၊ ၂၊ ၃၊ မြင် စိုင်းတိုးချဲ့ ဆိုပြီး အစဉ်လိုက်တည်ရှိတယ်။ မြင်စိုင်းရွာတွေ လွန် တော့ ရှမ်းရွာကို ရောက်ပါတယ်။ ဆည်ရေပေးရေး လက်တံ မြောင်းရှိပြီး ကားလမ်းနံဘေးက ရွာဖြစ်တယ်။ ရှမ်းရွာကို လွန် တော့ မြင်စိုင်းခေတ်ရဲ့ တစ်ခုတည်းကျန်ရှိတဲ့ လက်ရာလို့ ဆိုနိုင် တဲ့ နန်းဦးစေတီကို ကားလမ်းမရဲ့ ညာဘက်မှာ ဖူးတွေ့နိုင်ပါတယ်။ကားလမ်းမမှာ နန်းဦးစေတီရဲ့ လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူထား ပါတယ်။ ကားလမ်းမကနေ အတွင်းကို လေးဖာလုံလောက် ဝင်ရ ပြီး လမ်းဘေးဝဲယာမှာ ကန္တာရဆူးပင်တွေက အုံ့ဆိုင်းနေပြီး လမ်းက မြေလမ်းဖြစ်ပါတယ်။ စေတီတော်ရဲ့ မဟာရံအုတ်တံတိုင်း ရှေ့ထိ ကားလမ်းဖောက်လုပ်ထားပါတယ်။
စေတီတော်ရဲ့ အထက်ပစ္စယံအထိ အုတ်လှေကားအတိုင်း အမျိုးသားတွေ တက်ရောက်ဖူးမြော်နိုင်ပါတယ်။အုတ်လှေကား က မတ်စောက်ပြီး စတီးလက်ရန်းတွေ တပ်ဆင်ထားတယ်။လွန် ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝ ကျော်က စေတီတော်ကို ခေတ်ပေါ် စတီး လက်ရန်းပိုက် ဝင်းပြောင်နေတာတွေ တပ်ဆင်လိုက်တာ ပနံ မသင့်လှဘူး။ ရှေးအုတ်နီစွေးစွေးတွေနဲ့ ခေတ်ပေါ်စတီးပိုက် ဝင်း ပြောင်ပြောင်တွေက ဘယ်လိုမှ လိုက်ဖက်မှုမရှိတာ အမှန်။ဘုရား ဖူးတွေ အလွယ်တကူ အထက်ပစ္စယံအထိ တက်ရောက်ဖူးမြော် နိုင်ဖို့ စေတနာနဲ့ လုပ်ပေးထားတာ ဆိုပေမယ့် ရှေးခေတ်ဗိသုကာနဲ့ လိုက်ဖက်တဲ့ လက်ရန်းပဲ ဖြစ်သင့်တာပေါ့။
စကားစပ်လို့ပြောရရင် ကုန်းဘောင်ခေတ် ရှေးဘုန်းတော် ကြီးကျောင်းတွေမှာ အလယ်တိုက်မကြီးတွေရဲ့ မြန်မာမှု အမွမ်း အပြောက်တွေနဲ့ သရက်ကင်းအုတ်လှေကားကြီးတွေပေါ်မှာ စတီးစထွက်ချာ(Steel Structure) တိုင်တွေ ထူပြီး အလူမီနီယမ် ရောင်စုံအမိုးပြားတွေ မိုး ထားတာ တွေ့တဲ့အခါ ဘယ်လို သာဓု ခေါ်ရမှာပါ လိမ့်။ တချို့သော အလှူ ရှင်တွေကလည်း အများ ပြည်သူ မြင်သာထင်သာ ရှိတဲ့နေရာမျိုးမှသာ လှူ ချင်ကြတာကလား။အိမ် သာလှူမယ့်အစား မုခ်ဦး လှူမယ်ဆိုတဲ့ အလှူရှင် တွေလည်းရှိတယ်။ အလှူ ခံပုဂ္ဂိုလ်အတွက်လို့ မစဉ်း စားဘဲ သေရင် နတ်ပြည် ခြောက်ထပ်မှာ နတ်သမီး တစ်ဖက် ၅ဝဝ နဲ့ နတ် စည်းစိမ်ခံစားရချေသေး ရဲ့လို့ စဉ်းစားပြီး လှူဒါန်း နေရင် ဒါနပါရမီမြောက် ပါဦးမလား။ အဲဒီလို အလှူအတန်းမျိုးက ဘုရားရှင်အလိုကျ အလှူ ဟုတ်နိုင်ပါဦးမလား။
စေတီတော်ပေါ်က မြင်ရတဲ့ မြင်စိုင်းမြင်ကွင်းကျယ်က ရင် သပ်ရှုမောဖွယ်ပါပဲ။ ပတ်ဝန်းကျင်တစ်ခုလုံး တောတွေ၊ တောင် စွယ်၊ တောင်တန်းတွေ၊ လယ်ယာစိုက်ခင်းတွေ မီးခိုးတလူလူ ထွက်နေတဲ့ လယ်စောင့်တဲလေးတွေ တောင်ထွတ်တွေပေါ်မှာ တည်ထားတဲ့ ရွှေရောင်ဝင်းဝင်းစေတီလေးတွေ တွေ့မြင်ရမှာ ဖြစ်တယ်။ တက္ကသိုလ်ဝင်တန်း မြန်မာဖတ်စာ ကဗျာစာအုပ်ထဲက လို မြင်စိုင်းသည် တာဝတိံသာ နတ်ရွာလို့ ငါးစီးရှင်ကျော်စွာက ဖွဲ့ဆိုရေးသားခဲ့တယ်။
တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း။
ဟုတ်တည်း ဆွေရင်း ဆွေရင်း။
ဟုတ်တည်း သည်ရင်း သည်ရင်း။
မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်။
မြင်စိုင်းရွှေမြေ ပန်းသင်းခွေ
ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။
တောင်လေ ရှုန်းရှုန်း မိုးခတ်အုန်း
ကင်ပုန်း ပွင့်ချီချယ် ပွင့်ချီချယ်။
နွယ်ပန်းခွာညို၊ ပွင့်ပေလို
ပြာသို ဆောင်းလလယ် ဆောင်းလလယ်
အစချီတဲ့ မြင်စိုင်းရွှေပြည်ကဗျာကို ရေးခဲ့တဲ့ ငါးစီးရှင် ကျော်စွာက ပင်းယဘုရင်။ သူမင်းသားငယ်ဘဝမှာ မြင်စိုင်းမြို့ကို စားခဲ့ရသူဖြစ်တယ်။ တရုတ်ပြေးမင်း (နရသီဟပတေ့)နောက် ပိုင်း ပုဂံပြည်ပျက်ချိန်မှာ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း စတဲ့ မြို့ပြ နိုင်ငံငယ်တွေ တည်ထောင်ခဲ့ကြတာပါ။ တိုင်းပြည်ကာကွယ်ရေးအချိန်ဖြစ်လို့ ကာချင်းကဗျာတွေ ခေတ်စားခဲ့တဲ့ အခါသမယ လည်းဖြစ်တယ်။ အဲဒီအချိန်ကတော့ ကျောက်ဆည်လွင်ပြင်မှာ ဓားရေး၊ လှံရေးပြလို့ ကာချင်းတွေ ရဲရဲတောက် ဟစ်ကြွေးသီဆို ကြမှာပေါ့။ အခုတော့ မြင်စိုင်းက လက်ဖက်ရည်ဆိုင်တွေမှာ ဗိုလ် အောင်ဒင်သီချင်းသံသာ ပျံ့လွင့်နေတယ်။
နန်းဦးစေတီက မြင်စိုင်းခေတ်ရဲ့ တစ်ခုတည်းသော လက် ရာ။ မြင်စိုင်းနဲ့ ပတ်သက်လို့ ကျန်ကောင်းကျန်ရာ ဘာလက်စ လက်နမှ မရှိတော့သလောက်ပဲ။ အဲဒီတစ်ခုတည်းသော စေတီ တော်ရဲ့ ရင်ပြင်တော် အချို့နေရာတွေမှာ ရောင်စုံကျောက်ပြား တွေ ခင်းထားတယ်။ တချို့ ဂေါပကတွေက ငါ ဂေါပကဖြစ်တုန်း ရင်ပြင်တော် ကျောက်ပြားခင်းမယ်ဆိုတဲ့စိတ် ရှိကြတယ်။ ရှေး ဟောင်းတန်ဖိုး အနုပညာလက်ရာတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးဆို တာတွေ မသိတော့ ရှေးဟောင်းနီစွေးစွေးအုတ်တွေပေါ် ခေတ် ပေါ်ရောင်စုံကြွေပြားတွေ ခင်းချလိုက်ကြတာပါပဲ။
နန်းဦးစေတီ အထက်ပစ္စယံမှ မြင်ရသည့် မြင်စိုင်းလွင်ပြင် ။ Photo- Than Naing Oo
နန်းဦးစေတီရဲ့ ပတ်လည်မှာ တစ်ပေပတ်လည် ကျောက် ဆစ်လက်ရာတွေ မူလက ထည့်သွင်းခဲ့ပေမယ့် အခု တော်တော် များများ မရှိတော့ဘူး။ စေတီတော်ရဲ့ ကျောဘက်မှာ ကျန် ကောင်းကျန်ရာ နှစ်ခုရှိတဲ့အထဲက တစ်ခုက ပဲ့နေပြီ။ တစ်ခုသာ အကောင်းပကတိ ရှိတော့တယ်။ ရှေးဟောင်းသိုက်သမားတွေရဲ့ လက်ချက် မိသွားခဲ့ရင် မတွေးဝံ့စရာပဲ။ စေတီတော်ကြီးရဲ့ အုတ် ဖိနပ်က ပေ ၁ဝဝ ပတ်လည်လောက်ရှိပေမယ့် မြင်စိုင်းခေတ် ကျောက်ဆစ် လက်ရာက အကောင်းပကတိဆိုလို့ အဲဒီတစ်ခုသာ ကျန်တော့တာပါ။ ကြာမှောက်ကြာလှန်ရဲ့ အထက်မှာ ရွှေ သင်္ကန်းကပ်လှူထားလို့ အဝေးကပင် ဖူးတွေ့နိုင်ပါတယ်။
စေတီတော်ကြီးရဲ့ တည်ဆောက်မှုအများစုကို စက်ရုံနယ် မြေက စက်ရုံမှူးကြီးတွေ၊ မန်နေဂျာကြီးတွေ၊ ညွှန်ကြားရေးမှူး တွေနဲ့ လက်အောက်ဝန်ထမ်း မိသားစုတွေက လှူဒါန်းထားကြ တာပါ။ တချို့သူတွေဆို အငြိမ်းစားယူပြီး ပထမအကြိမ် ရွေး ကောက်ပွဲမှာ ဝင်ရောက်အရွေးခံခဲ့ကြတဲ့သူတွေ ရှိတယ်။
စေတီတော်ရဲ့ တောင်ဘက်စူးစူးမှာ ကျောက်ဆည်စက်ရုံ နယ်မြေရှိပါတယ်။ အစိုးရစက်ရုံတွေရော ပုဂ္ဂလိက စက်ရုံတွေပါ ရှိတယ်။ စွပ်ကျယ်စက်ရုံ၊ အပ်ချုပ်စက်ရုံ၊ စက်ဘီးစက်ရုံ၊ မှန်စက် ရုံ၊ အထပ်သားစက်ရုံ၊ ဘိလပ်မြေစက်ရုံ စတဲ့ စက်ရုံပေါင်း များစွာ ရှိတယ်။ တပ်မတော်အစိုးရလက်ထက်မှာ တည်ဆောက်ခဲ့တဲ့ စက်ရုံတွေဖြစ်ပြီး တရုတ်နိုင်ငံက တင်သွင်းလာတဲ့ စက်တွေနဲ့ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ကျောက်ဆည် စက်ရုံနယ်မြေ ထုတ်ကုန်ပစ္စည်းတစ်ခုခု သုံးဖူးတယ်ဆိုရင် မိတ်ဆွေဟာ ခေသူ မဟုတ်ပါဘဲ။ ကျွန်တော်တော့ ရိုးရိုးသားသားပြောရရင် မသုံးဖူး သေးဘူး။ စက်ရုံတွေကတော့ အများကြီးပဲ။ တချို့စက်ရုံတွေဆို ဆိုင်းဘုတ်ထောင်ထားလို့သာ ငါတို့ဆီမှာ ဒါမျိုးတွေလည်း ထုတ် လုပ်နေသားပဲလို့ တွက်ဆလိုက်ရတာ။ သုံးဖူးဖို့ နေနေသာသာ ဈေးကွက်ထဲမှာတောင် မမြင်ဖူးတာတွေလည်း ရှိတာပါပဲ။
ဘာပဲဖြစ်ဖြစ်မိတ်ဆွေတို့ စိတ်ကူးပေါက်တဲ့အခါ ကျောက် ဆည်မြို့နယ်ထဲက မြင်စိုင်းကို ရောက်အောင်သွားပါ။ မြင်စိုင်း ရောက်တဲ့အခါ နွားနို့နဲ့ ဖျော်ထားတဲ့ မြင်စိုင်းလက်ဖက်ရည်စိမ့် စိမ့် သောက်ပါ။ နွေရာသီ လာဖြစ်ရင် ထန်းပင်ကျရည်များလည်း သုံးဆောင်နိုင်ပါတယ်။ စိမ်းလန်းတဲ့ တောတန်းတွေ မြင့်မားတဲ့ တောင်ကုန်းတွေက မိတ်ဆွေတို့ကို ညှို့ငင်လိမ့်မယ်ဆိုတာ သေ ချာပါတယ်။
၂၀၁၇-ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၅) မှ Rememberence ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။