ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီးမိမိတို့၏သဘောထားအမြင်များလွတ်လပ်စွာရေးသားပြောဆိုခြင်းကို ခြိမ်းခြောက်ရာကျသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ပယ်ဖျက်ပေးရေး သတင်းမီဒီယာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုနေကြသည့်တိုင် အမျိုးသားလွှတ်တော်က အဆိုပါဥပဒေကို ပယ်ဖျက်ပေးခြင်း မရှိသည်မှာ လွန်စွာအရုပ်ဆိုးအကျည်းတန်ပါသည်။
သြဂုတ် ၂ ရက်က အမျိုးသားလွှတ်တော်တွင် အဆိုပါ ဥပဒေပယ်ဖျက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့က တင်ပြဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ ပြင်ဆင်ချက်အချို့ ပြုလုပ်ထားသည့် ဥပဒေကြမ်းကိုသာ အမျိုးသားလွှတ်တော်က ထောက်ခံသူ အများစုဖြင့် အတည်ပြုခဲ့သည်။
ပြင်ဆင်ချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့်အာမခံပေးနိုင်သည်ဟူသောအချက်နှင့်ပတ်သက်၍လည်း ဝေဖန်စရာ ဖြစ်နေပါသည်။ သဘောမှာ ယင်းဥပဒေဖြင့် တရားစွဲခံရပါက တရားရုံးက အစွပ်စွဲခံရသူကိုအာမခံပေးချင်လျှင် ပေးနိုင်သည်၊ မပေးလိုက မပေးဘဲနေနိုင်သည်ဟူသော သဘောဖြစ်နေသောကြောင့်ဖြစ်သည်။ ပြစ်မှုပြစ်ဒဏ်များမှာလည်း လျှော့ပေါ့ပေးထားခြင်းမရှိသေးပေ။
ရာဇသတ်ကြီးဥပဒေတွင် အသရေဖျက်မှုနှင့်ပတ်သက်ပြီး ပြဋ္ဌာန်းပြီးဖြစ်ပါလျက် ၆၆(ဃ)အား ဆက်လက်ထားရှိနေခြင်းသည် အာဏာရလူတန်းစားအလွှာကို အကာအကွယ်ပေးရန် ရည်ရွယ်ဟန်ရှိသည်ဟူ၍ ဝေဖန်ကြသည်များလည်း ရှိသည်။ ပုဒ်မ ၆၆ (ဃ)သည် လူမှုကွန်ရက်တွင် ပရိုဖိုင်ပုံအစစ်အမှန်နှင့် အကောင့်အစစ်များကိုသာ အသေရဖျက်သည်ဟူသော စွပ်စွဲချက်ဖြင့် အရေးယူနိုင်ပြီး အကောင့်အတုများမှ ရေးသားဖြန့်ချိနေသည့် ကောလာဟလများ၊ အမုန်းစကားများနှင့် အသရေပျက်စေသည့်စကားများကိုတော့ အရေးယူနိုင်ခြင်းမရှိသေးပေ။
စင်စစ်တွင် လွှတ်တော်၏ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အားမလိုအားမရဖြစ်ကြရသည်မှာ ကြာပြီဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း အားမလိုအားမရဖြစ်ကြသံမှာ ပိုမိုကျယ်လောင်လာသည်ဟုဆိုရမည်ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါ (H1N1)နှင့်ပတ်သက်ပြီးလည်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ပြန့်စွာဆောင်ရွက်ရေး အရေးကြီးအဆိုကို ဆွေးနွေးရာ၌ အရေးနိမ့်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍လည်း လူထုက ကျယ်ကျယ်လောင်လောင် ဝေဖန်ကြသည်။
လူထုက အဓိကစိုးရိမ်သည်မှာ မထိန်းသိမ်းနိုင်လောက်အောင် ရောဂါပြန့်ပွားခါမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ပါက နောက်ကျသွားမည့်ကိစ္စဖြစ်သည်။ အထူးသဖြင့် ကပ်ရောဂါအသွင်ဖြစ်လာကာ လူအမြောက်အမြား သေဆုံးကြရမည်ကို စိုးရိမ်ထိတ်လန့်နေကြခြင်းဖြစ်သည်။
ထိုသို့သောအကြောင်းများကြောင့် ‘ပြည်သူ့အသံ၊ လွှတ်တော်အသံ’ဟုဆိုသော်လည်း ယခုအခါ ပြည်သူ့အသံကို လွှတ်တော်က အာခံနေပြီလားဟူ၍ပင် မေးခွန်းထုတ်စရာဖြစ်လာရသည်။ တစ်နည်းအားဖြင့် လူထုဆန္ဒကို လွှတ်တော်က အမှန်တကယ် ဖော်ဆောင် နိုင်ပါ့မလားဟူသော အချက်ကို မေးခွန်းထုတ်စရာဖြစ်လာသည်။
အကယ်၍ လွှတ်တော်အနေဖြင့် ‘ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်’ဟူသည့်ဆောင်ပုဒ်နှင့်အညီဆောင်ရွက်သည်ဆိုပါက ယင်းအချက်တို့နှင့်ညီအောင် ကျန်ရှိသည့်ကာလအတွင်း ဆောင်ရွက်သင့်ပါကြောင်း ကျွန်ုပ်တို့ မော်ကွန်းက တိုက်တွန်းအပ်ပါသည်။
၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ အယ်ဒီတာအာဘော် ဖြစ်ပါသည်။