၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Feature ဖြစ်ပါသည်။
ဗညားကျော် ရေးသည်။
ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)
ည ၁၁ နာရီဝန်းကျင်လောက်မှာ မစုတို့ မိသားစုရဲ့ ခြံဝင်းထဲကို လူတစ်စုဝင်လာပြီး သူ့ခင်ပွန်း ရှိလား ဆိုပြီး လှမ်းအော်မေးပါတယ်။ တံခါးဖွင့်ကြည့် လိုက်ချိန်မှာ ရဲငါးယောက်နဲ့ အရပ်ဝတ် သုံး ယောက်ကိုမြင်လိုက်ရတယ်။ သူ့ခင်ပွန်းအိပ်နေပါ တယ်လို့ ပြောရုံရှိသေး ရဲသုံးယောက်က အိမ်ပေါ် ပြေးတက်လာကာ ခြင်ထောင်ထဲမှာရှိတဲ့ သူ့ ခင်ပွန်းကို အတင်းလုံးထွေးဝင်ဖမ်းပြီး လက်ထိပ် ခတ် ခေါ်သွားပါတယ်။
ဘာအပြစ်ရှိလို့ အခုလိုမျိုး ဖမ်းရတာလဲလို့ သူက မေး ကြည့်တဲ့အခါ ရဲတစ်ယောက်က ““ခင်ဗျား ဘာမှ မမေးနဲ့။ ခင် ဗျားတို့ မိသားစုကို ဖမ်းမှာ””ဆိုပြီး ခြိမ်းခြောက်တယ်လို့ ဆိုတယ်။ ညတွင်းချင်း ဆယ်အိမ်မှူးကို ဖုန်းဆက်အကူအညီတောင်းပေ မယ့် သူလည်း မကူညီနိုင်တဲ့ အနေအထား ဖြစ်နေတယ်လို့ ဆို ပါတယ်။
နောက်တစ်နေ့မနက်မှာတော့ ရဲကင်းကို ရပ်ကွက်အုပ် ချုပ်ရေးမှူးနဲ့အတူ လိုက်သွားခဲ့ပါတယ်။ သူ့ခင်ပွန်းဟာ အချုပ် ခန်းကြမ်းပြင်ပေါ်မှာ လဲကျနေပြီး မျက်နှာတွေကလည်း ဖူးရောင် နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီညက မူးနေတဲ့ ရဲတပ်သား တချို့က ၁၀ မိနစ် တစ်ကြိမ် အချုပ်ခန်းထဲက ထုတ်လိုက်၊ ထိုး ကြိတ်လိုက်နဲ့ နောက်ဆုံး သွေးအန်တော့မှ အချုပ်ခန်းထဲ ထည့် လိုက်တယ်လို့ သူ့ခင်ပွန်းက ပြန်ပြောပြတယ်။
အဲဒီမနက်ပိုင်း အချုပ်ကို မလာခင် သတင်းထောက်တွေကို သူက ဖုန်းဆက်အကူအညီတောင်းခဲ့တာကြောင့် ခင်ပွန်း ဖြစ်သူကို တွေ့ဖို့ လာခဲ့တဲ့ သူ့ကိုလည်း သံဆိပ်နယ်မြေရဲစခန်းမှူးက တစ်ခါတည်း တန်းပြီး အချုပ်ထဲထည့်ကာ တစ်နေကုန် မတ်တတ် ရပ်ခိုင်းထားလို့ ““မထိုင်ရဲဘူး၊ ငိုပြီး မတ်တတ်ရပ်နေရတယ်”” လို့ မစုက သူ့ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။
အဲဒီည ၁၀ နာရီဝန်းကျင်လောက်မှာတော့ သူတို့လင် မယားကို အချုပ်က ထွက်ခွင့်ပေးပြီး စာရွက်ပေါ်မှာ လက်မှတ် ထိုးခဲ့ရတယ်လို့ သူကဆိုပါတယ်။ ညဘက်အမှောင်မှာ ဖယောင်း တိုင်မီးရောင်သာရှိတာရော ကိုယ်တိုင်ကလည်း အကြောက် လွန်နေတာကြောင့်ပါ စာရွက်ပေါ် ဘာတွေရေးထားမှန်းတောင် သူ မသိခဲ့ဘူးလို့ ဆိုပါတယ်။ သူ့ယောက်ျားကို ဘာကြောင့် ခေါ်ယူ စစ်ဆေးတာလဲလို့ မေးမြန်းပေမယ့် အဲဒီစခန်းမှူးက ““ခင်ဗျား ဘာမှလျှာမရှည်နဲ့”” ဆိုပြီး ဆဲဆိုခြိမ်းခြောက်တယ်လို့ အသက် ၃၃ နှစ်အရွယ် မစုက ဆိုပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာမှာ နေတဲ့ မစုဟာ ဒီအဖြစ်အပျက်ကို ၂၀၁၈ နိုဝင်ဘာ ၁၅ ရက် ည ဘက်မှာ ကြုံခဲ့ရတာဖြစ်ပါတယ်။ အဲဒီနေ့ မနက်ပိုင်းမှာ သူ့ရဲ့ ခင်ပွန်းနဲ့ တစ်ရွာတည်းနေသူတစ်ဦးတို့ အချင်းများခဲ့ကြကာ တစ်ဖက်က ရဲစခန်းကို တိုင်ကြားလိုက်တာကြောင့် အဖမ်းခံရပြီး ရိုက်နှက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတပ်သားတချို့ဟာ မစုတို့လင်မယားလိုပဲ သံသယရှိသူ တချို့ကို ခေါ်ယူစစ်ဆေးတဲ့နေရာမှာ ဥပဒေမဲ့ နှိပ်စက်ညှဉ်းပန်း တာတွေနဲ့ ဖိအားပေး ဝန်ခံခိုင်းတဲ့ ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံမှာ အစဉ်အဆက်ရှိခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေတာ ကြောင့် လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာ ဖြစ် တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြ ကြပါတယ်။
ရန်ကုန်နိုင်ငံရေးသိပ်္ပံကျောင်းရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြတ်ကိုကိုက ထဘီခိုးတဲ့အမှုကအစ နိုင်ငံတော် သစ်္စာဖောက် တဲ့ အမှုအဆုံး လူ့အခွင့်အရေးအရ ဥပဒေနဲ့အညီ စီရင်ရုံကလွဲလို့ လူ့ဂုဏ်သိက်္ခာညှိုးနွမ်းအောင်၊ ခန်္ဓာကိုယ်ထိခိုက်နာကျင်အောင် ဘာတစ်ခုမှ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
““ဘယ်သူ့ကိုမဆို ဥပဒေအရ ဆက်ဆံရမယ်၊ ဥပဒေမှာ ဖော်ပြထားတဲ့ ကျင့်ထုံးတွေအတိုင်း ပြုမူဆက်ဆံရမယ်။ အဲဒါက ဥပဒေနဲ့အညီ ဆက်ဆံခွင့်၊ ဥပဒေနဲ့အညီ တန်းတူညီမျှရပိုင်ခွင့်ဟာ အခြေခံဥပဒေထဲမှာ ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်”” လို့ သူ က ဆက်ပြောပါတယ်။
သထုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာ ခိုင်က ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ရဲစခန်းမှာ စစ်တဲ့လူတိုင်းကို အပြစ် ရှိတယ်လို့ထင်တဲ့ စိတ်နေသဘောထားကြီးကို ပြောင်းလဲပစ် နိုင်မှပဲ အဆင်ပြေမယ်လို့ မှတ်ချက်ပေးတယ်။
““လူထုနဲ့ဆက်ဆံတဲ့အခါမှာ လူကို လူလိုမြင်ပြီး တရားခံ တစ်ယောက်လို မမြင်ဖို့ အရေးကြီးတယ်၊ ဘာကြောင့်လဲ ဆို တော့ တရားရုံး ရောက်သွားတာတောင် အဲဒီလူက တရားခံ မဟုတ်သေးဘူး၊ စွပ်စွဲခံအဆင့်ပဲ ရှိသေးတယ်”” လို့ သူက ဆက် ပြောပါတယ်။
ဒေါ်မာမာခိုင်ဟာ တရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ် သလို ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပတ်သက်ပြီး လုံလောက်တဲ့ ပံ့ပိုးမှု ရှိ၊ မရှိ မေးခွန်းမေးမြန်းခဲ့သူ ဖြစ်ပါတယ်။
Photo-Banyar Kyaw ၂၀၁၈ အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သူတစ်ဦး ရဲတပ်ဖွဲ့မှ ထိန်းသိမ်းနေစဉ်
ရဲကိုတိုင်ကြားတဲ့ အမှုတိုးလာ
၂၀၁၀ နောက်ပိုင်း ရဲအချို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို တိုင် ကြားတာတွေ ခပ်စိပ်စိပ်တွေ့လာရပြီး အထူးသဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံကိုတိုင်တဲ့ တိုင်ကြားစာတွေထဲမှာ ရဲနဲ့ သက်ဆိုင်တဲ့ တိုင်ကြားစာဟာ တတိယအများဆုံးဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၈ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
အဲဒီတိုင်ကြားစာတွေထဲမှာ ရဲက အမှုမဖွင့်ပေးတာ၊ ညှဉ်း ပန်းနှိပ်စက်တာ၊ ဖမ်းဆီးတဲ့အခါမှာ ကြမ်းတမ်းစွာ ပြုမူတာအပြင် ပုဂ်္ဂိုလ်ရေးခံစားမှုအရ ရဲကိုအရေးယူပေးဖို့ တိုင်ကြားတဲ့ အမှုတွေ ဖြစ်တယ်လို့ ကောင်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ရှင်းပြပါတယ်။
စာရင်းတွေအရ ၂၀၁၄ မှာ ၈၆ မှုရှိရာကနေ ၂၀၁၈ မှာ ဆို ရင် ၁၃၇ မှုအထိရှိလာပြီး နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
ဟိုအရင်က အကြောက်တရားကြီးစိုးပြီး ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် တိုင်တဲ့ဖြစ်စဉ်တွေ နည်းခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ တိုင်တဲ့အမှု များလာတာလို့ မော်ကွန်းက တွေ့ဆုံခဲ့တဲ့ အငြိမ်းစားဒုရဲမှူးဦးသိန်းဝင်းက ဆိုပါတယ်။
““များလာတဲ့အချက်က တိုင်ရကောင်းမှန်းသိလာလို့””လို့ သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ မစုတို့လင်မယားကတော့ သူတို့ မတရားဖမ်းဆီး နှိပ်စက်ခံရတာတွေနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ်ရဲမှူးနဲ့ ခရိုင် ရဲမှူးတွေဆီကို နှစ်ကြိမ်တိုင်ကြားစာပို့ခဲ့ပေမယ့် ဘာမှမထူးခြား တာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က ရွှေကျင်မြို့နယ် ရဲစခန်း ရှေ့မှာ သူတို့မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေ ဆန်္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။
““ကျွန်မတို့ကို ရိုက်နှက်တဲ့ ရဲကင်းမှူးကို အလုပ်ပြုတ် ထောင်ကျပြီး ပြည်သူတွေကို ဒီလိုရိုက်နှက်တာတွေ မလုပ်တော့ တာမျိုး မြင်ချင်တယ်””လို့ သူ့ဆန္ဒကို ဖွင့်ဟပါတယ်။
လက်ရှိမှာတော့ သံဆိပ်နယ်မြေရဲကင်းမှူးကို ပဲခူးတိုင်း ရဲတပ်ဖွဲ့အကူအဖြစ် ရွှေ့ပြောင်းတာဝန်ပေးထားပြီး စုံစမ်းစစ်ဆေး ရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေတယ်လို့ ရွှေကျင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးချမ်းမြေ့ကျော်က ကနဦးသတင်းတွေမှာ ဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေကျင်မြို့နယ်ရဲစခန်းမှူး၊ ရဲမှူး ချမ်းမြေ့ကျော်ကို မော်ကွန်းက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် သူက လက်ခံဖြေကြားခြင်း မရှိပါဘူး။
Photo-Banyar Kyaw ဇန်နဝါရီလတွင် အလုံမြို့နယ်အတွင်း လုံခြုံမှုရှိစေရန် ရဲစခန်းရှေ့၌ ဆန္ဒထုတ်ဖော်နေသည့် မြို့နယ်နေ ပြည်သူတချို့
ပြဿနာ အရင်းခံ
သံသယရှိတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ရတာဟာ အမှုစစ်ရဲဝန်ထမ်းတွေရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းအားနည်းတာ၊ အမှုပေါ်လိုတဲ့ စိတ်ဆန္ဒစောနေတာ၊ မသင်္ကာစရာ အထောက်အထား ရှာဖွေနိုင်မှု အားနည်း တာ၊ ရဲအင်အား မလုံလောက်တာတွေကြောင့် ဖြစ်တယ်လို့ မော် ကွန်းက တွေ့ဆုံခဲ့တဲ့ အငြိမ်းစားဒုရဲမှူးကြီးတွေက ဆိုပါတယ်။
လက်ရှိ ရဲတပ်ဖွဲ့ဝင်အများစုဟာ မနိုင်ဝန်ထမ်းနေရတဲ့ အခြေအနေမှာရှိတယ်လို့ ဒုတိယရဲမှူးကြီးအငြိမ်းစားတွေ ဖြစ်တဲ့ ဦးညွန့်လှိုင်နဲ့ ဦးသိန်းဝင်းတို့က သုံးသပ်ပြပါတယ်။
၂၀၁၇ မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး၊ သတ္တမနေ့မှာ ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၆ နှစ်ကုန်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အင်အားနဲ့ နိုင်ငံရဲ့ ၅၁ သန်းကျော် ပြည်သူ လူထုအချိုးဟာ ၁ း ၆၅၀ ဦး ဖြစ်ကြောင်း ဆိုပါတယ်။
နိုင်ငံတကာကသတ်မှတ်ထားတဲ့ စံနှုန်းကတော့ ၁ း ၄၀၀ ဦး ဖြစ်တာကြောင့် အဲဒီအတိုင်း ခန့်အပ်ပါက ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၇,၅၀၀ ဦး ရှိရမှာဖြစ်တယ်လို့ သူက ဆိုခဲ့ပါတယ်။ လက်ရှိ ရဲတပ်ဖွဲ့ဝင်အင်အားအရ နိုင်ငံတကာစံနှုန်းနဲ့အညီ ခန့်အပ်ထား နိုင်မှုမှာ ၆၁ ဒဿမ ၅ ရာခိုင်နှုန်းသာ ခန့်အပ်နိုင်သေးကြောင်း သူက ဆိုခဲ့ပါတယ်။ လက်ရှိရဲအင်အားစာရင်းနဲ့ ပတ်သက်ပြီး ရဲချုပ်ရုံးကို ဇန်နဝါရီ ၇ ရက်က အမြန်ချောပို့နဲ့ စာတင်ခဲ့ပေမယ့် ဒီဆောင်းပါး ဖောင်ပိတ်ချိန် ဇန်နဝါရီ ၃၁ ရက် အထိ အကြောင်း ပြန်ကြားခဲ့ခြင်း မရှိပါဘူး။
(ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ၂၀၁၃ သြဂုတ်ထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၇ တွင် “အစိုးရရဲတပ်ဖွဲ့မှ ပြည်သူ့ရဲ့တပ်ဖွဲ့သို့ ဘယ်လိုပြုပြင်မလဲ” နှင့် ၂၀၁၆ သြဂုတ်ထုတ် မော်ကွန်းမဂ္ဂဇင်းအမှတ် ၃၇ တွင် “အကူအညီလိုနေသော ကူညီ ပါရစေများ” ဆောင်းပါးများ ဖော်ပြပြီး ဖြစ်ပါသည်။)
အဲဒီလို ဝန်နဲ့အား မမျှတာကြောင့် ရဲအရာရှိတစ်ဦးဟာ အမှုစစ်တာဝန် ယူထားရပေမယ့် တရားခံရုံးထုတ်ရတာ၊ လုံခြုံ ရေး ကင်းလှည့်ရတာနဲ့ တာဝန်မှူးအဖြစ် တာဝန်ကျတယ်ဆိုရင် သူ့အမှုကို မစစ်နိုင်ဘဲ ရဲစခန်းကို လာရတဲ့ ပြဿနာတွေကို ရှင်း ပေးနေရတယ်လို့ ပြီးခဲ့တဲ့သုံးနှစ်က ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့တဲ့ ဒုရဲမှူးကြီးဟောင်းဦးသိန်းဝင်းက ဆိုပါတယ်။
ဒါ့အပြင် အမှုလာဖွင့်သူတွေရဲ့ဖိအားနဲ့ ဌာနအတွင်း အထက်လူကြီးတွေရဲ့ဖိအားတွေပါ ရလာတဲ့အခါ အမှုစစ်ဆေး တဲ့နေရာမှာ အချိန်မပေးနိုင်တော့ဘဲ အမှုမှန်ပေါ်ပေါက် ဝန်ခံလာ အောင် သံသယရှိသူတွေကို ရိုက်နှက်စစ်ဆေးလိုက်တော့တာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
““ရဲတော်တော်များများ အားနည်းနေတာက ခိုင်လုံတဲ့ အထောက်အထား မပြနိုင်ဘဲ ဖမ်းနေတာပဲ”” လို့ သူက ဆိုပါ တယ်။ ဒါကြောင့် ဖမ်းတဲ့ရဲက ဥပဒေအရ တာဝန်ယူမှု၊ တာဝန်ခံမှု ယူပေးရမယ်လို့ သူက ဆိုပါတယ်။
မော်ကွန်းက တွေ့ဆုံခဲ့တဲ့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ သူ့မှာ အမှုစစ်တာဝန် ရှိနေပေမယ့် အခြား လုပ်ငန်းတာဝန်တွေပါ လုပ်ဆောင်ရတဲ့အတွက် အခက်အခဲရှိ တာ အမှန်ပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ အမှုစစ်တဲ့နေရာမှာ စခန်းမှူး၊ မြို့နယ်မှူးတွေက ကြီးကြပ်ပေးလို့ အခက်အခဲမရှိဘူးလို့ ဆက် ပြောပါတယ်။ အထက်အရာရှိတွေရဲ့ အရေးယူတာခံရမှာ စိုးတာ ကြောင့် သူ့နာမည်ထည့်မသုံးဖို့ အဆိုပါ ရဲက မေတ်္တာရပ်ခံပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ သံသယနဲ့ စစ်ဆေးရတဲ့ တရားခံတွေ အများကြီးရှိခဲ့ပြီး အဲဒီလိုနဲ့ ပေါ်ခဲ့တဲ့ အမှုပေါင်းလည်း အများ ကြီးရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
““ရဲဆိုတာကတော့ဗျာ၊ ကန်တော့ပါရဲ့၊ နတ်မျက်စိတော့ မရှိပါဘူး။ ကျွန်တော်တို့ တတ်ကျွမ်းထားတဲ့ ပညာရပ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာ ပေါ်ခဲ့တဲ့ အမှုတွေကလည်း တကယ်ကို ရဲတပ်ဖွဲ့မှာ ပြောင်ပြောင်မြောက်မြောက် ရှိခဲ့ပါ တယ်””လို့ သူက ဆိုပါတယ်။
Photo-Kyaw Zayya 2018 အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် တွေ့ရသည့် ရဲတပ်ဖွဲ့ဝင်တချို့
ရဲကျင့်ထုံးဥပဒေ၊ ပုဒ်မ ၅၄ အရ ခိုင်လုံတဲ့ တိုင်တန်းချက်၊ ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ ရဲစခန်းမှာ အမှုဖွင့်ထား ရင် ရဲက ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပေမယ့် ရဲစည်းကမ်းထိန်းသိမ်း ရေး ဥပဒေအရ ဖမ်းဆီးတဲ့လူကို လုံး၀ ရိုက်နှက်စစ်ဆေးခွင့် မရှိ ဘူးလို့ အငြိမ်းစားရဲမှူးကြီး ဦးညွန့်လှိုင်က ဆိုပါတယ်။
ကျင့်ဝတ်လိုက်နာပါ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်း စောင့်စည်းရမယ့် ရဲကျင့်ဝတ် အချက် ၇၀ နီးပါးနဲ့ အခြားဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်တွေ ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော် ပြထားပါတယ်။
ဒါပေမဲ့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ ရဲနှိပ်စက်တာ ခံရတဲ့သူ တချို့ကတော့ သူတို့ကို ခေါ်ယူစစ်ဆေးတဲ့ ရဲတပ်သား တွေကတော့ ဘာကျင့်ဝတ်မှ မလိုက်နာဘဲ ရိုက်နှက်ဖိအားပေး ဝန်ခံစေတယ်လို့ ဆိုကြပါတယ်။
အဲဒီလို အတင်းကျပ်လုပ်တာမျိုးကို ခရီးသွားလုပ်ငန်းလုပ် နေတဲ့ ကိုအောင်စိုးထိုက်ဟာ ၂၀၁၈ နိုဝင်ဘာထဲမှာ ကြုံခဲ့ရပါ တယ်။ တိုက်အောက်ထပ်မှာ သူ့သမီးကို ကြိုဖို့ စောင့်နေတုန်း အရပ်ဝတ်နဲ့ လူနှစ်ယောက်က သူ့ကို စစ်ဆေးစရာရှိတယ် ဆိုပြီး လာခေါ်ပါတယ်။
ဘာကိစ္စနဲ့ စစ်ဆေးမှာလဲလို့ သူက ပြန်မေးပေမယ့် စခန်း ရောက်မှပဲ ရှင်းဆိုတာကြောင့် ရပ်ကွက်ရုံးကို ဆိုင်ကယ်နဲ့ ပါ သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာ ရဲဝတ်စုံနဲ့ နှစ်ယောက်၊ အရပ်ဝတ်သုံးယောက် ထပ်ရောက်လာကာ ကိုအောင်စိုးထိုက်ကို အမေးအမြန်းမရှိဘဲ လက်ထိပ်ခတ်ဖမ်းဆီးကာ အလုံ မြို့နယ်ရဲ စခန်းရဲ့ အနောက်အဆောင်ကို ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။
ဒီလိုဖမ်းဆီးရတာဟာ ဃဃွှဠ မှတ်တမ်းအရ အလုံမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက မိုဘိုင်းလ်ဖုန်း ခိုးယူသွားသူ ဟာ ကိုအောင်စိုးထိုက်နဲ့ ပုံစံတူနေတာကြောင့် သူ့ကို ခေါ်ယူစစ် ဆေးတာပါ။
ဒါပေမဲ့ အဲဒီ CCTV ကြည့်ခွင့် မရမချင်းမှာတော့ ဘာ ကြောင့် သူ့ကိုဖမ်းလဲဆိုတဲ့ အကျိုးအကြောင်းမေးမြန်းတဲ့အခါ““မင်းလုပ်တာ မင်းသိမှာပေါ့”” ဆိုပြီး သူမသိတဲ့အကြောင်းကို သူလုပ်ပါတယ်ဆိုပြီး အတင်းဖိအားပေး ဝန်ခံခိုင်းတယ်လို့ သူက ဆိုပါတယ်။
အဲဒီအချိန်ကစပြီး သူ့ကိုလက်ထိပ်ခတ်ထားပြီး ပုံစံထိုင် ခိုင်းထားတာဟာ အချိန်အားဖြင့် ငါးနာရီကျော်ကြာတယ်လို့ သူက ဆိုပါတယ်။ ပုံစံထိုင်ခိုင်းတယ်ဆိုတာကတော့ လက်ကို ရှေ့ ဆန့်ထုတ်ထားရပြီး ဒူးကို အလယ်လောက်ထိ ဩတ်ကွေးထား ခိုင်းတာလို့ သူကပြောပါတယ်။
““ဒူးတွေက တဆတ်ဆတ်တုန်လာပြီး လုံးဝမထိုင်နိုင် တော့ဘူး””လို့ သူကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
CCTV ကြည့်ခွင့်ရတဲ့အခါမှာလည်း ဖုန်းခိုးတဲ့လူဟာ သူ နဲ့ ပုံစံဆင်ပေမယ့် မျက်နှာသွင်ပြင်နဲ့ လမ်းလျှောက်ပုံ ကွဲပြားနေ ကြောင်း ရဲတွေကို ရှင်းပြပေမယ့် လက်မခံကြဘူးလို့ ဆိုပါတယ်။
စစ်ဆေးတဲ့ရဲက အရက်မူးနေပြီး မေးမြန်းတဲ့အခါ ဆဲဆို ကြိမ်းမောင်းတာတစ်မျိုး၊ ထကန်တော့မလို လုပ်တာက တစ်ဖုံ ကြုံတွေ့ခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
““အဆိုးဆုံးက စကားတစ်ခွန်းကို ၁၀ ခါလောက် ပြန်ဖြေ နေရတာ””လို့ အသက် ၃၇ နှစ်အရွယ် ကိုအောင်စိုးထိုက်က စိတ် ပျက်လက်ပျက်လေသံနဲ့ ပြန်ပြောပြပါတယ်။
သူ့အနေနဲ့ ကံကောင်းသွားတာက ရပ်ကွက်ရုံးရောက်တဲ့ အချိန်မှာ သူ့ဇနီးနဲ့ ဖုန်းပြောခွင့်ရလိုက်တာပါ။ သူ့ဇနီးနဲ့ သူ့ရဲ့ သူငယ်ချင်းတွေက သူ့ကိုအလုံရဲစခန်းမှာ လာရှာကြပေမယ့် ရဲ တွေကတော့ ကိုအောင်စိုးထိုက်ဆိုတဲ့ နာမည်နဲ့လူ စခန်းမှာထိန်း သိမ်းထားတာမရှိဘူးဆိုပြီး ငြင်းလွှတ်လိုက်ပါတယ်။
ဒါပေမဲ့ ရဲတွေရဲ့ စကားကို မယုံကြည်တဲ့ သူ့ဇနီးနဲ့ သူ့ရဲ့ သူငယ်ချင်းတွေက စခန်းရှေ့မှာ ဆက်စောင့်နေခဲ့ပါတယ်။ ည ၁၀ နာရီဝန်းကျင်လောက်မှာ မြို့နယ်ရဲမှူးက အလုံမြို့မရဲစခန်းကို ဝင် လာတာနဲ့ကြုံလို့ သူ့ဇနီးက အကျိုးအကြောင်း ရှင်းပြလိုက်ပါတယ်။
အဲဒီနောက် မြို့နယ်ရဲမှူးက တာဝန်ရှိသူတွေကို ကိုအောင် စိုးထိုက်ရှိရင် ထုတ်ပေးဖို့ပြောတာကြောင့် ည ၁၁ နာရီဝန်းကျင် လောက်မှာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ ကိုအောင်စိုးထိုက် က ပြန်ပြောပြပါတယ်။
““တော်တော်လန့်သွားတယ်၊ ရဲတပ်ဖွဲ့အတွင်းမှာ ဖြစ်ပျက် နေတဲ့၊ ပြည်သူကို မထင်ရင် မထင်သလို လုပ်တဲ့ဟာတွေ တော် တော်ကြီးကြီးမားမားရှိနေတာ သိသွားတယ်”” လို့ သူက မှတ် ချက်ပေးပါတယ်။
ကျင့်ဝတ်ဖောက်ဖျက်တဲ့ ရဲတွေကို တရားစွဲဆိုချင်ပေမယ့် ရှေ့နေတွေနဲ့ တိုင်ပင်ကြည့်တဲ့အခါ ရုံးချိန်း တစ်နှစ်ကျော် လောက်နဲ့ အမှုရင်ဆိုင်ရမှာဖြစ်လို့ အလုပ်ပျက်အကိုင်ပျက် မခံ ချင်တာကြောင့် တရားမစွဲဖြစ်လိုက်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ရဲတွေဘက်က တရားဝင် တောင်းပန်ဖို့၊ နောင်ကို ဒီလိုထပ်မဖြစ်အောင် အာမခံပေးဖို့နဲ့ ကျူးလွန်တဲ့ ရဲတွေကို အရေးယူပေးဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။ မြို့နယ်ရဲမှူးက လူမှားသွားတဲ့အတွက် တောင်းပန် ကြောင်းနဲ့ ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို စုံစမ်းစစ်ဆေးနေ တယ်လို့ သူက ဆက်ပြောပြပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို စုံစမ်းစစ်ဆေးတာနဲ့ ပတ်သက်ပြီး ဇန်နဝါရီလကုန်အထိ ခံဝန်လက်မှတ် ထိုးခိုင်းထားတာပဲ ရှိပြီး ဘာမှ မထူးခြားသေးဘူးလို့ ကိုအောင်စိုးထိုက်က ညည်းတွားပါတယ်။
Photo-Banyar Kyaw 2018 အတွင်း ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကို ထိန်းသိမ်းရန် ပြင်ဆင်နေသည့် ရဲတပ်သားတချို့
ဘယ်လို အရေးယူမှာလဲ
ဥပဒေမဲ့ ကျူးလွန်တဲ့ ရဲတပ်ဖွဲ့ရာထူးကြီးငယ်ကို မြို့နယ် စခန်းမှူး၊ ခရိုင်စခန်းမှူး၊ နောက်ဆုံး ရဲချုပ်ရုံးအထိ တိုင်ကြားနိုင် တယ်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ အငြိမ်းစား ရဲမှူးကြီး တွေနဲ့ တရားလွှတ်တော်ရှေ့နေတွေက ဆိုကြပါတယ်။
ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၇ (ဆ) အရ အကျဉ်းသား၊ အချုပ်သား (သို့) ဖမ်းဆီးထားတဲ့သူ တစ်ဦးကို ရိုက်ပုတ်တာ (သို့) အခြားနည်းနဲ့ ညှဉ်းပန်းနှိပ်စက်တာ ကို ရဲတရားရုံးက ပြစ်မှုထင်ရှားစီရင်တဲ့အခါ ထောင်ဒဏ်သုံးနှစ် အထိဖြစ်စေ၊ ဒီဥပဒေမှာ ဖော်ပြထားတဲ့ လျော့တဲ့ပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ အခန်း ၅ မှာ ရှိတဲ့ ပုဒ်မ ၁၁ ကနေ ၂၄ အထိ ပြဋ္ဌာန်းထားတဲ့ ပြစ်မှုဥပဒေအတိုင်း ရဲတွေကို အရေးယူ အပြစ်ပေးတာဖြစ်ပြီး ဒီဥပဒေထဲမှာ မပါတဲ့ အခြားပြစ်မှုတွေဆိုရင်တော့ အခြားပြဋ္ဌာန်းထားတဲ့ ကျင့်ထုံး ဥပဒေအတိုင်း အရေးယူတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရဲကျင့်ဝတ်ချိုးဖောက်ပြီး ဥပဒေမဲ့ အနိုင်ကျင့်မှုလုပ်တဲ့ ရဲတွေကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီ အရေးယူ ထားတဲ့ စာရင်းတွေ ရရှိဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ဆီကို ဖုန်းဆက်မေးမြန်းရာ ရဲချုပ်ရုံးကို ဆက်သွယ် မေးမြန်းဖို့ ဩွှန်ပါတယ်။
ရဲချုပ်ရုံးကို ဆက်လက်ဆက်သွယ်မေးမြန်းရာ တရားဝင် စာတင်ဖို့ပြောတာကြောင့် ဇန်နဝါရီ ၇ ရက်မှာ အမြန်ချောပို့နဲ့ စာတင်ခဲ့ပါတယ်။ စာတိုက်ရဲ့ လက်ခံစာရင်းမှာ ရဲအုပ်ဇော်မျိုးဦးလက်ခံရရှိကြောင်း တွေ့ရှိတာကြောင့် ၎င်းင်းကို ဆက်သွယ်ခဲ့ပါ တယ်။ ၎င်းင်းက စီမံရေးရာဌာနကို အချက်အလက် တောင်းခံစာ ပို့ လိုက်ပြီဖြစ်တာကြောင့် အဲဒီဌာနကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် တစ်ခု ပေးခဲ့ပါတယ်။
အဲဒီနံပါတ်ကို ဆက်လက်မေးမြန်းရာမှာတော့ စာလည်း ရောက်မလာသလို ရဲအုပ်ဇော်မျိုးဦးဆိုသူကိုလည်း မသိကြောင်း နဲ့ ရဲချုပ်ရုံးကိုသာ စာတင်ဖို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒီ ဆောင်းပါး ဖောင်ပိတ်ချိန် ဇန်နဝါရီ ၃၁ ရက်အထိ ရဲချုပ်ရုံးက အကြောင်း ပြန်ကြားခဲ့တာ မရှိပါဘူး။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တိုင်ကြားခံ ရတဲ့ ရဲစခန်းတွေ၊ ရဲကင်းတွေကို ကွင်းဆင်းစစ်ဆေးပြီး လူ့အခွင့် အရေးချိုးဖောက်တဲ့ ရဲဝန်ထမ်းတွေကို အရေးယူဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကို အစီရင်ခံစာ ရေးတင်လိုက်တယ်လို့ အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုပါတယ်။
အဲဒီလို ရေးတင်လိုက်တဲ့အထဲမှာ အရေးယူရန်မသင့်ဆိုပြီး အကြောင်းပြန်ကြားစာ ရသလို အရေးယူထားတဲ့ အကြောင်းပြန် စာတွေလည်း ရတယ်လို့ သူက ဆက်ပြောပါတယ်။
သူ့အဆိုအရ ၂၀၁၈ ဖေဖော်ဝါရီမှာ ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ထဲက ပိုးလောင်းနယ်မြေရဲစခန်းမှာ သံသယရှိသူ တွေကိုခေါ်ယူစစ်ဆေးရာမှာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး စည်းကမ်းမကောင်းတဲ့ ရဲမှူးကို အပြစ်ဖော်ပြသတိပေးဆုံးမတာ၊ ရဲတပ်ကြပ်အဆင့်နဲ့ ရဲတပ်သားတစ်ဦးကို အကျဉ်းနည်းနဲ့ စစ် ဆေးပြီး ထောင်ဒဏ် နှစ်လ ကျစေခဲ့တယ်လို့ ဆိုပါတယ်။ (ရဲတရားရုံး ဖြင့် ဖွဲ့စည်းစစ်ဆေးရလောက်အောင်လည်း ကြီးလေးသည့်ပြစ်မှု မဟုတ်သည့်အပြင် အမှုပလပ်လောက်အောင်လည်း သေးဖွဲ သည့်ပြစ်မှုမျိုးမဟုတ်မှသာလျှင် အကျဉ်းနည်းဖြင့် စစ်ဆေးရ မည်ဟု ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေ၊ အခန်း ၆ ပုဒ်မ ၂၇ တွင် ဖော်ပြထားသည်။)
ဒါ့အပြင် အဲဒီရဲစခန်းက ရဲတပ်ကြပ်တစ်ဦးကို ဒုတပ်ကြပ် အဆင့်ကို နှစ်နှစ် လျှော့ချခဲ့ပြီး ဒုတပ်ကြပ်ကိုလည်း တပ်သား အဆင့်ကို နှစ်နှစ်လျှော့ချခဲ့တယ်လို့ သူက အကြောင်းပြန်ကြား စာကို ဖတ်ပြပါတယ်။ နောက်ထပ် ရဲအုပ်တစ်ဦးနဲ့ ဒုတပ်ကြပ် လေးဦးကို ရဲတရားရုံးမှာ စစ်ဆေးပြီး ရဲအုပ်နဲ့ ဒုရဲတပ်ကြပ်ကို ရဲတပ်ဖွဲ့မှထုတ်လိုက်တယ်လို့ သူက ဆိုပါတယ်။
““ပြစ်မှုကျူးလွန်တဲ့ပေါ် မူတည်ပြီးတော့ ရာထူးအဆင့် လိုက် အဆင့်လိုက် အရေးယူသွားတာပေါ့”” လို့ ဦးယုလွင်အောင် က ပြောပါတယ်။
ဦးမြတ်ကိုကိုကတော့ နှိပ်စက်ညှဉ်းပန်းတယ်ဆိုတာ ရာဇဝတ်မှု ပြစ်မှုကျူးလွန်လိုက်တာဖြစ်လို့ ပြစ်မှုကြောင်းအရ တရားမစီရင်ဘဲ ဝန်ထမ်းစည်းမျဉ်းအရပဲ တရားစီရင်လိုက်တာ၊ နယ်ပြောင်းလိုက်တာတွေဟာ ““ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ ကို အကာအကွယ်ပေးနေတာ”” လို့ မှတ်ချက်ပေးပါတယ်။
ပြည်သူ့ရဲဆိုတာ ပြည်သူ့ဘဝလုံခြုံရေးအတွက် ဝန်ဆောင် မှုပေးရပြီး ဥပဒေကို လေးစားရမယ့်သူတွေ ဖြစ်တာကြောင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် ရိုက်နှက်တာကို လက်မခံသလို ရိုက်နှက်ပြီးမှ အမှုမှန်ပေါ်မယ်ဆိုတာကို ““ကျွန်တော် လက်မခံ ဘူး၊ အဲဒီလိုပုံစံမျိုးနဲ့ဆို အမှုမှန် ပေါ်ပေါက်စရာမလိုဘူး”” လို့ သူ က ဝေဖန်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်ကလည်း လူတစ် ယောက်ကို အပြစ်မဲ့ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တယ်ဆိုရင် ရာဇ သတ်ကြီးဥပဒေမှာပါတဲ့ ပြစ်မှုပြစ်ဒဏ် ထိုက်သင့်တယ်လို့ ဆို ပါတယ်။
နှိပ်စက်ညှဉ်းပန်းတဲ့ ရဲကို ရဲစခန်းမှာအမှုဖွင့်လို့ သက် ဆိုင်ရာရဲစခန်းက အမှုမဖွင့်ပေးဘူးဆိုရင် ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ သမ်္မတရုံးတို့ကို တိုင်စာပို့နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒါမှမရရင် ဥပဒေမဲ့လုပ်ရပ်ကို လူထု သိအောင် မီဒီယာကနေ တစ်ဆင့် ဖော်ထုတ်သင့်တယ်လို့ သူက အကြံပြုပါတယ်။
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော် မတီ (Action Committee for Democracy Development –ACDD) ရဲ့ လှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်ကလည်း သံသယရှိသူတွေကို ရိုက်နှက်စစ်ဆေးရင် ဝန်ခံလာမယ်ဆိုတဲ့ အမှုစစ်ရဲတွေရဲ့ အတွေးအခေါ်တွေကို တားမြစ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ အားမကောင်းသေးဘူးလို့ မှတ်ချက် ပေးပါတယ်။
လက်ရှိမှာတော့ ယူနီဖောင်းဝတ်ပြီး လက်နက်ကိုင်လိုက် ရရင်ကို ဘာမဆိုလုပ်သမျှ အမှန်ဖြစ်နေတယ်၊ အသာစီးရနေတဲ့ အခြေအနေဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
““လက်နက်ကိုင်ပြီး မထောင်လွှားတဲ့၊ မမောက်မာတဲ့ လူသားတွေ ဖြစ်လာဖို့က လက်နက်တွေ ပေးကိုင်ထားတဲ့ဌာန၊ အစုအဖွဲ့၊ အဆောက်အအုံက အဓိက သွန်သင်ပေးဖို့နဲ့ လူသား စိတ်မွေးပေးဖို့ တာဝန်ရှိတယ်””လို့ သူက ထောက်ပြပါတယ်။
ACDD အဖွဲ့ဟာ ၂၀၁၀ လောက်ကတည်းက ထိုင်း-မြန်မာနယ်စပ်ဘက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ အားကောင်းခိုင်မာလာဖို့ မဟာ ဗျူဟာချပြီး ဆောင်ရွက်တဲ့ လူထုအခြေပြု ပူးပေါင်းအဖွဲ့ တစ်ခု ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲဖို့
ဥရောပသမဂ္ဂ (EU) ရဲ့မြန်မာပြည်စီမံကိန်းအရာရှိဖြစ် တဲ့ ဇူဇန်နာ ဗာရီကိုဗာစ် (Zsuzsanna VARI-KOVACS) ကမြန်မာနိုင်ငံဟာ ဥပဒေစိုးမိုးရေးကို အခြေခံပြီး အားကောင်းတဲ့ ဒီမိုကရေစီဖြစ်ဖို့ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အခရာ ကျတယ်လို့ မော်ကွန်းကို အီးမေးလ်ကနေတစ်ဆင့် မှတ်ချက် ပေးပါတယ်။
““(မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ) တိုးတက်နိုင်တယ်လို့ ကျွန်မ တို့ ယူဆပါတယ်။ တစ်ချိန်တည်းမှာပဲ တစ်ဆင့်ချင်း ပြောင်းလဲ လာတဲ့ စိတ်နေသဘောထားတွေနဲ့အတူ ဖြည်းဖြည်းချင်းပြောင်း လဲလာမယ်လို့ ယူဆထားပါတယ်”” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဖြစ်စဉ်တစ်ခုချင်းစီနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းရှာဖွေ ဖော်ထုတ် လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်လို့ သူကဆိုပါတယ်။
လူ့အခွင့်အရေးကော်မရှင်ရဲ့ ၂၀၁၇ အစီရင်ခံစာအရ ကော်မရှင်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲတွေကို ရန်ကုန်တိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ ရုံးတွေမှာ တပ်ဖွဲ့ဝင် ဦးရေ ၄၀ နီးပါးကို ပို့ချခဲ့တယ်ဆိုပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာအရဆိုရင် အင်မတန်နည်းပါးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လို့ ဦးယုလွင်အောင်က ဆို ပါတယ်။
၂၀၁၈ မှာတော့ ရဲအရာရှိသင်တန်းကျောင်းတွေမှာ လူ့ အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေ ဟောပြောခဲ့တာရှိသလို လူ့ အခွင့်အရေးချိုးဖောက်မှုကြောင့် တိုင်တန်းခံရတဲ့ ရဲစခန်းတွေကို ကွင်းစစ်ဆေးတာမျိုး လုပ်တဲ့အချိန်တွေမှာလည်း လူ့အခွင့် အရေးဆိုင်ရာ ဟောပြောတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြို့နယ်အလိုက် နယ်မြေခံ ရဲစခန်းတစ်ခုချင်းစီကိုတော့ ဟောပြောတာမျိုး မလုပ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။
ရဲတပ်ဖွဲ့တွေမှာ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တာထက် တကယ်တမ်း တရားဥပဒေစိုးမိုးရေးအတွက် မြေပြင်မှာ အလုပ် လုပ်နေတဲ့ မြို့နယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်ရာထူးကြီးငယ်တွေကို အသိပညာပေးသင့်တာ ဖြစ်တယ်လို့ ဦးယုလွင်အောင်က အကြံ ပြုပါတယ်။
မော်ကွန်းက တွေ့ဆုံခဲ့တဲ့ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကတော့ ရဲတပ်ဖွဲ့ဝင်တွေကို အရည်အချင်း ပြောင်မြောက် စေဖို့ မွမ်းမံသင်တန်းတွေဖြစ်တဲ့ ဖမ်းဆီးနည်းသင်တန်း၊ လက် နက်ငယ်သင်တန်း၊ အမှုစစ်သင်တန်း၊ နယ်ထိန်းမွမ်းမံသင်တန်း တွေကို အလှည့်ကျ တစ်လတစ်ခါ တက်ရပေမယ့် လူ့အခွင့် အရေးဆိုင်ရာသင်တန်းတော့ မတက်ဖူးဘူးလို့ ဆိုပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကလည်း ရဲတပ်ဖွဲ့ဝင်တွေကို လက်ရှိပြဋ္ဌာန်းထားတဲ့ ကျင့်ဝတ်တွေအပြင် ပြည်သူလူထု ယုံကြည်လာအောင် ဘယ်လိုဝန်ဆောင်မှုပေးရမလဲ၊ ပြည်သူကို ဘယ်လို သစ်္စာစောင့်သိရမလဲဆိုတဲ့ အသိပညာပေး တွေ များများပေးဖို့လိုနေတယ်လို့ သူက မှတ်ချက်ပေးပါတယ်။
အငြိမ်းစား ဒုရဲမှူးကြီး ဦးညွန့်လွင်က မြို့နယ်တစ်မြို့နယ်ရဲ့ မှုခင်းအခြေအနေနဲ့ ရဲစခန်းရဲ့ အင်အားအသုံးချတာတွေကို လေ့ လာပြီး အမှုအခင်းများတဲ့ ရဲစခန်းတွေမှာ ရဲတပ်ဖွဲ့အင်အား ပို ပေးပြီး ဝန်ထုပ်ဝန်ပိုးကို လျှော့ချသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။
ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ အနိုင်ကျင့်တာတွေ ဖြစ်လာရင်လည်း ဘယ်လိုအရေးယူထားပြီး နောက်ထပ် မဖြစ် အောင် တပ်ဖွဲ့ဝင်တွေကို အသိပညာပေး ဆွေးနွေးဩန်ကြားထား ကြောင်း ထုတ်ပြန်သင့်တယ်လို့ သူက ဆိုပါတယ်။
““အထက်ကလည်း ဩန်ကြားရမယ်၊ အောက်ကလည်း တိတိကျကျလိုက်နာရမယ်”” လို့ သူက ပြောပါတယ်။
CAT ကို လက်မှတ်ထိုးပါ
မော်ကွန်းချဉ်းကပ်မေးမြန်းခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှား သူတွေကတော့ မြန်မာနိုင်ငံအနေနဲ့ ဃဗွှ (Convention Against Torture) စာချုပ်မှာ လက်မှတ်ထိုးသင့်တယ်လို့ ဆိုကြ ပါတယ်။ CAT ဆိုတာကတော့ ရက်စက်၊ လူမဆန်စွာ (သို့) လူ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသောပြုမူမှု (သို့) အပြစ်ပေးခြင်းကို ဆန့် ကျင်တဲ့ ကုလသမဂ္ဂစာချုပ်တစ်ရပ် ဖြစ်ပါတယ်။
ဒီစာချုပ်ကို လက်မှတ်ထိုးဖို့ ဦးသိန်းစိန်အစိုးရလက်ထက် ကတည်းက အကြံပြုခဲ့ဖူးတယ်လို့ ဦးယုလွင်အောင်က ဆိုပါ တယ်။ မူဝါဒပိုင်းအရတော့ လက်မှတ်ထိုးသင့်တယ်လို့ လူ့အခွင့် အရေးကော်မရှင်က အကြံပြုထားပေမယ့် ဒါကို လက်မှတ်ထိုး ခြင်း၊ မထိုးခြင်းက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာ ရှင်တွေ ဆွေးနွေးပြီးမှ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
““လက်မှတ်ထိုးလိုက်ခြင်းက ညှဉ်းပန်းနှိပ်စက်တာကို ဒီ နိုင်ငံအနေနဲ့ အားမပေးဘူးဆိုတာ အခိုင်အမာပြတဲ့သဘောဖြစ် တယ်””လို့ သူကပြောပါတယ်။
လက်မှတ်ထိုးလိုက်ရင်တော့ ဒီနိုင်ငံဟာ လူ့အခွင့်အရေး ကို လေးစားလိုက်နာတယ်ဆိုပြီး နိုင်ငံတကာအလယ်မှာ ဂုဏ် တက်လာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဦးမြတ်ကိုကိုကလည်း လက်ရှိအာဏာရှိ NLD အစိုးရလွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း ဒီလို ညှဉ်းပန်း နှိပ်စက်မှုမျိုးနဲ့ ထောင်ကျဖူးတဲ့သူတွေဖြစ်တာကြောင့် CAT ကို လက်မှတ်ထိုးဖို့ လွှတ်တော်အမတ်တွေ ကြိုးစားတိုက်တွန်းသင့် တယ်လို့ သူ့အမြင်ကို ဆိုပါတယ်။
““လက်ရှိအစိုးရသည်ပင်လျှင် ဒီဟာတွေကို မသိလို့မဟုတ် ဘူး၊ သူတို့ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့သူတွေ၊ ဒါကို သူတို့က အလေးမထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တကယ်လို့ ဒါကိုမလုပ်ရင် (လက်မှတ်မထိုးရင်) သူတို့ပါအလိုတူအလိုပါလို့ ပြောလို့ရတယ်”” လို့ သူက ဝေဖန်လိုက်ပါတယ်။
မစုတို့ လင်မယားကို ဖမ်းဆီးခဲ့တဲ့ ရဲကင်းမှူးကို စုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိရဲတပ်ဖွဲ့ဝင် ဖြစ်နေသေး တာကြောင့် သူတို့ ရွာကို မပြန်ရဲသေးဘဲ တစ်နယ်တစ်ကျေးကို ပြောင်းဖို့ စီစဉ်နေတယ်လို့ မစုကပြောရင်း အခုလိုလည်း ဆိုပါတယ်။
““ရဲမြင်ရင် ကြောက်နေရတယ်””