ကြွေလွင့်သွားတဲ့ ကြယ်စင်များ

ကြွေလွင့်သွားတဲ့ ကြယ်စင်များ

လူတိုင်းရဲ့ဘဝမှာ အမှတ်ထင်ထင်ရှိနေတဲ့ ကြယ် တာရာတွေ ရှိနိုင်တယ်။ ကြယ်တချို့က ကောင်း ကင်ယံမှာ ထာဝရထွန်းလင်း တောက်ပခွင့်ရကြ ပြီး အချို့ကြယ်တွေကတော့ ကြယ်မှုန်ကြယ်မွှား အဖြစ်နဲ့သာ ရှိကြတယ်။ ကျွန်တော့်ဘဝမှာလည်း ကြယ်စင်စုတွေ၊ ကြယ်တံခွန်တွေ၊ ကြယ်မှုန်ကြယ် မွှားတွေ တွေ့ ခဲ့၊ ကြုံခဲ့ရတာပေါ့။ ကြယ်တော်တော် များများက လွင့်စဉ်ပျောက်ကွယ်ကုန်ပြီ။

အနန္တစကြဝဠာကောင်းကင်ကြီးမှာ နယ်ပယ်စုံက ကြယ် ပွင့်အသီးသီး ထွန်းလင်းတောက်ပခဲ့ကြတယ်။ အားကစားနယ် ပယ်က ကြယ်ပွင့်တွေ၊ အနုပညာနယ်ပယ်က ကြယ်တာရာတွေ၊ နိုင်ငံရေးနယ်ပယ်က    ကြယ်တံခွန်ကြီးတွေ၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးစတဲ့ နယ်ပယ်က ကြယ်စင်စုတွေ၊ ကြယ်အားလုံးက သူ့အဆင်းနဲ့ သူ၊ သူ့အလင်းနဲ့ သူ။

ကျွန်တော့်ကိုယ်ပိုင်ကောင်းကင်ယံမှာလည်း ကြယ်ပေါင်း များစွာ လင်းလက်ခဲ့ဖူးတယ်။ ဖျောက်ဆိပ်ကြယ်တို့၊ မောင်ရင် ဆိုင်းထမ်းကြယ်တို့လို မှိတ်တုပ်လင်းလက်တဲ့ ကြယ်စုံကြယ်မွှား လေးတွေလည်း ပါဝင်သလို ဓူဝံကြယ်လို၊ သောကြာကြယ်တို့လို ထွန်းလင်းတောက်ပတဲ့ ကြယ်တွေလည်း ရှိတာပေါ့။ ကျွန်တော့် ကောင်းကင်ယံက ကြယ်တွေကို ကြည့်ပြီး ကြည်နူးဖူးတယ်။ အား ကျဖူးတယ်။ (သူတို့လိုဖြစ်အောင် အားထုတ်ဖို့တော့ မေ့လျော့ ခဲ့တယ်။)
သူတို့ကို အကြိမ်ကြိမ်လည်း ဦးညွှတ်ခဲ့တယ်။

ကျွန်တော့်ကောင်းကင်ယံက ကြယ်တွေက မိတ်ဆွေတို့ရဲ့ စံသတ်မှတ်ချက်တွေ၊ တန်ဖိုးထားမှုတွေနဲ့ ကိုက်ညီချင်မှ ကိုက်ညီ ပါလိမ့်မယ်။ တူတဲ့ကြယ်တွေ ပါဝင်နိုင်သလို သဘောထားကွဲလွဲ မယ့် ကြယ်တွေလည်း အသေအချာပါဝင်မှာပဲ။ ဒါဟာ သဘာဝ ကျပါတယ်။ ကျွန်တော်ကြိုက်တာတွေ မိတ်ဆွေတို့ ကြိုက်ချင်မှ ကြိုက်မှာပေါ့။ အဲဒီလိုပါပဲ၊ မိတ်ဆွေတို့ ကြိုက်တာတွေကို ကျွန် တော်ကြိုက်ပါ့မယ်လို့ ဘယ်ပြောလို့ရမှာလဲ။ ကျွန်တော်က “ Disagree to agree ” (ခင်ဗျားသဘောမတူတာကို ကျွန်တော် လက်ခံပါတယ်)ဆိုတဲ့ သိုးဆောင်းစကားပုံကို ယုံကြည်သူလေ။

ကျွန်တော့်ကိုယ်ပိုင်ကောင်းကင်ထက်မှာ အနုပညာကြယ် ပွင့်ရောင်စုံ လင်းလက်တောက်ပခဲ့ဖူးတယ်။ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ စတဲ့ ကြယ်ပွင့်ပေါင်းများစွာပါပဲ။ တာရာမင်း ဝေက ကျွန်တော့်ကြယ်တစ်စင်းပေါ့။

ဟန်သစ်မဂ္ဂဇင်း၊ ၁၉၉၄ ခုနှစ်၊ ဇူလိုင်လထုတ်မှာ တာရာ မင်းဝေက ညီလေးမွန်ကလောင်နာမည်နဲ့ လျော်ကြေးဆိုတဲ့ ကဗျာတစ်ပုဒ်ရေးခဲ့တယ်။ သူ့ခေတ်သူ့အခါက အတော်လေး ‘သစ်’တယ်လို့ ဆိုနိုင်တဲ့ ကဗျာတစ်ပုဒ်ပေါ့။

‘လျော်ကြေး’
အသင်၌
ပျိုးမကြဲသော လက်တို့သည်
ရှိကြကုန်၏
ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့
အိပ်မက်ထဲ၌ပင်
သင်…လာရန် မလို

‘စိုက်သောအပင်၏ အသီးကိုသာ ခူးဆွတ်ရိတ်သိမ်းရစမြဲ’ ဆိုတဲ့ သိုးဆောင်းစကားပုံတစ်ခုကို ကဗျာ   အဖြစ် ပုံစံသစ်နဲ့ အသက် သွင်းထားတာပါ။ တာရာမင်းဝေက အဲဒီလို အမြင်စူးရဲခဲ့သူတစ် ယောက် ဖြစ်ခဲ့တယ်။ အဲဒီခေတ်က လူငယ်ပရိသတ်တွေရဲ့ နှလုံး သားတွေ သိမ်းကျုံးထွေးပိုက် ပွေ့ဖက်နိုင်အောင် အနုပညာမှော် အောင်ခဲ့သူလည်း ဖြစ်တယ်။ ပြိုင်မြင်းတို့ရဲ့ ခွာသံတဖြောင်းဖြောင်း အောက်မှာ စာပေသဘောတရားနဲ့ အနုပညာအမြင်တွေကို ရိုး ရိုးသားသား ရဲရဲရင့်ရင့် ချပြနိုင်ခဲ့သူလည်း ဖြစ်ခဲ့တယ်။ ‘ကျောက် ထွင်းရာဇဝင်’တို့ ‘တူးဖော်ခဲ့တဲ့ မြေစိုင်ခဲများ’တို့က တာရာမင်း ဝေကို တာရာမင်းဝေ ဖြစ်သွားစေခဲ့တယ်။ ‘ခေတ်နေအတွက် စာ တစ်ရွက်’ကလည်း မြန်မာစာပေလောကအတွက် ခေတ်သစ် ပုတ္တောဝါဒပါပဲ။

သူဟာ လူညံ့တစ်ယောက်မဟုတ်ကြောင်း သူရေးဖွဲ့ ခဲ့တဲ့ စာတွေက သက်သေပါပဲ။ ခေတ်သမိုင်းကပေးတဲ့ ခေတ်တာဝန် တွေကို သူနိုင်သလောက် ထမ်းရွက်သွားရှာတယ်။

နေတတ်၊ စားတတ်၊ တွေးခေါ်မြော်မြင်တတ်တဲ့ လူငယ်စာ ရေးဆရာလေးဟာ ရန်သူမမွေးခဲ့ပါဘဲ သဘာဝကျစွာပဲ ရန်သူ အချို့ သူ့မှာ အမြဲဝန်းရံနေခဲ့တယ်။ သူဟာ ဘယ်ရန်သူကိုမှ ဒူး ထောက်လက်     မြှောက် အညံ့ခံခဲ့တာမရှိဘူး။ ‘ဘုရားရှင်ခေတ်မှာ ဆိုရင် ရဟ္တာဖြစ်တဲ့အထိ လိမ္မာမယ်’ ဆိုတဲ့ သူက အာဏာရှင် ခေတ်မှာတော့ တော်လှန်သော ကျောင်းသားရဲဘော်တစ်ယောက် လည်း ဖြစ်ခဲ့သေးတာပေါ့။ ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း လုပ်ခဲ့သူအတွက် ပေးဆပ်မှုကလည်း ရှိစမြဲပဲ။ အင်းစိန်၊ သရက်နဲ့ သာယာဝတီထောင်တွေမှာ နိုင်ငံတော်စရိတ်နဲ့ နိုင်ငံတော်ဧည့် သည်အဖြစ် နှစ်ပေါက်အောင် နေထိုင်ခဲ့ရသူလည်း ဖြစ်တယ်။

အခုလို မုန်တိုင်းအလွန် ရောင်နီသန်းစ အချိန်ကာလမျိုး မှာ သူ့ကို ရှိနေစေချင်လိုက်တာ။ ဒီမိုကရေစီအ     ကြောင်း၊ လူ့အခွင့် အရေးအကြောင်း တံတွေးသီးအောင် အာပေါင်အာရင်းသန်သန် ပြောနေသူတွေ             ကြားမှာ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့လုပ်နေမယ့် မထုံ တက်သေး သူ့အမူအရာကို မြင်ယောင်မိသေးတယ်။

အခုတော့ စာပေကောင်းကင်မှာ အနုပညာကြယ်ပွင့်တွေ က တဖြုတ်ဖြုတ်ကြွေမွပျက်သုဉ်းနေတာ ရင်နာနာနဲ့ ကြည့်နေရ တယ်။ ဖန်မီးအိမ်ကဗျာဆရာကြီးတင်မိုး၊ ဘာသာပြန်စာပေတွေ နဲ့ နီးစပ်စေခဲ့တဲ့ ဆရာမြသန်းတင့်၊ ဗုဒ္ဓစာပေတွေကို ထိတွေ့စေခဲ့ တဲ့ ဆရာပါရဂူ၊ သတင်းစာဆရာတွေဖြစ်ကြတဲ့ လူထုဦးလှ၊ လူထု ဒေါ်အမာ၊ ဦးညိုမြ၊ ဘဘဟံသာဝတီဦးဝင်းတင်၊ လူထုစိန်ဝင်း၊ မောင်ဝံသ၊ မော်ဒန်စာရေးဆရာ ဇော်ဇော်အောင်၊ ဒဿ      နိကဗေဒ ကို စာသင်ခန်းထဲကနေ ရပ်ထဲရွာထဲ အရောက်ပို့နိုင်ခဲ့တဲ့ ဆရာ နန္ဒာသိန်းဇံ၊ ရပ်ထဲရွာထဲက ဟာသတွေကို သဘာဝကျကျရေးတဲ့ (ဘာတွေဖြစ်ကုန်ကြပြီလဲ ကဗျာရေးတဲ့) ဆရာမင်းလူ၊ အားလုံး ဟာ သူတို့ခေတ်၊ သူတို့သမိုင်းကို လှအောင်ပအောင် ရေးဖွဲ့သွား ကြသူတွေပါပဲ။

ဂီတကောင်းကင်မှာလည်း ကြယ်စင်တွေ ကြွေလွင့်သွား တာတွေ များလှပေါ့။ ထူးအိမ်သင်က ကျွန်တော်တို့ခေတ်ရဲ့ ဂီတ သူရဲကောင်း။ ကြားဖြတ်ပြောပါရစေ၊ ကျွန်တော်က ဂီတပညာရှင် တစ်ယောက် မဟုတ်ပါဘူး။ နားဆင်ခံစားတဲ့ သောတရှင်တစ် ယောက်မျှသာ ဖြစ်ပါတယ်။ ဂီတပညာကို အကဲဖြတ်မှာမဟုတ်ဘဲ စိတ်ခံစားမှုကိုသာ ရေးဖွဲ့ဖို့ ရည်ရွယ်ထားပါတယ်။

ထူးအိမ်သင်က ‘နာရီပေါ်က မျက်ရည်စက်များ’ က စပြီး ကျွန်တော်တို့ကို ဆွဲဆောင်နိုင်ခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံးခွေ က ‘အတ္တပုံဆောင်ခဲများ’။ သူ့ရဲ့ အနုပညာအားကောင်းမှုကို ကျွန် တော်တို့ခေတ်က လူငယ်အားလုံးက အသိအမှတ်ပြုကြရတယ်။ ဂစ်တာလွယ်တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်က ဒေါန တောင်တန်းမှာ ရိုင်ဖယ်လွယ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ အခု လူတိုင်း ပါးစပ်ဖျားမှာ ရောက်နေတဲ့ ဧရာဝတီတို့၊ အမေ့အိမ်သီချင်းတို့ဟာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေပါပဲ။

ဆရာဝန်မိတ်ဆွေတစ်ယောက်က ပြောပြဖူးတယ်။ သူတို့ တွေ ဆေးကျောင်းသားဘဝမှာ ပြည်သူ့ဘဝလေ့လာရေးအဖြစ် ကျေးလက်ဒေသတွေကို ကွင်းဆင်းခဲ့ရသေးတယ်တဲ့။ ဘောင်းဘီ ရှည်တွေဝတ်၊ ကျောပိုးအိတ်တွေ ကိုယ်စီလွယ်လို့ တာဝန်ကျရာ ကျေးလက်ဒေသဆီ ပျော်ပျော်ပါးပါးသွားကြတယ်။

တည်းခိုတဲ့နေရာရောက်တော့ အဖွဲ့ခေါင်းဆောင်ဆရာဝန် က ကျောင်းသားအားလုံးကို စုဝေးဖို့ခေါ်လိုက်တယ်။ ကျောင်း သားတွေရောက်လာတော့ ဆောင်ရန်၊ ရှောင်ရန် မှာစရာရှိတာ တွေကို မှာတယ်။ နောက်ဆုံးမှာတော့ ငါးမိနစ်လောက် ငြိမ်ပေးဖို့ ပြောတယ်။ ကျောင်းသားအားလုံးငြိမ်ပြီဆိုမှ အသင့်ယူလာတဲ့ ထူးအိမ်သင်ရဲ့ ‘မေမေနေကောင်းလား’ သီချင်းကို ဖွင့်ပြလိုက် တယ်။ ထူးအိမ်သင်ရဲ့ မေတ္တာဓာတ်ရယ်၊ အနုပညာအားကောင်းမှု ရယ်၊ အကြောင်းအရာရယ် အားလုံးပေါင်းစပ်လိုက်ချိန်မှာ တည်း ခိုဆောင်ထဲမှာ မေတ္တာဓာတ်တွေ လွှမ်းခြုံသွားတာပေါ့။ သီချင်း မဆုံးခင်မှာပဲ ကျောင်းသားအားလုံးရဲ့ မျက်လုံးအိမ်က မျက်ရည် တွေ တသွင်သွင် စီးဆင်းစေခဲ့ပြီ။

‘မေမေ xxx သားချစ်တဲ့ မေမေ xxx စီးဆင်းခဲ့ xxx အကြွင်း မဲ့ ချစ်ခြင်းတွေ xxx ဒီကမ္ဘာမြေကို xxx သာယာပါစေ xxx မေမေ xxx နေကောင်းလား xxx မေမေ xxx မေမေ xxx နှလုံးသားရဲ့ ကဗျာ xxx အစွန်းအထင်းမဲ့ xxx ပေးဆပ်တဲ့မေတ္တာ xxx မေမေဆို xxx သံချိုအိုအေး xxx နေကောင်းလား မေမေ xxx ပြန်လည်ကာ ရင်မှာခံစား xxx တသိမ့်သိမ့်ရှိုက် xxx မျက်ရည်များဝဲရင် xxx ငို ချင်တယ် မေမေ xxx အရမ်းဝမ်းနည်းနေ xxx မေမေ xxx အဝေးက မေမေ xxx မေမေ သားချစ်တဲ့ မေမေ xxx စီးဆင်းခဲ့ xxx အကြွင်းမဲ့ ချစ်ခြင်းတွေ xxx မေမေဆို သံချိုအိုအေး xxxမေမေ xxx နေကောင်းလား မေမေ xxx’

ကျွန်တော်လည်း မွေးရပ်မြေနဲ့ မိုင်လေးရာလောက်မှာ နှစ် ပေါက်အောင် နေခဲ့ရတုန်းက ထူးအိမ်သင်ရဲ့ သီချင်း (အထူးသဖြင့် အမေသီချင်း) တွေ ဖွင့်နားထောင်ပြီး အလွမ်းတွေ ဖြေခဲ့ဖူးတယ်။  ဇာတိကို ချစ်တဲ့စိတ်၊ အမေ့ကိုလွမ်းတဲ့စိတ်နဲ့ သီချင်းတွေနား ထောင်ရင်း မျက်ရည်တွေ ကျခဲ့ဖူးတယ်။ မြို့ပြမှာ တစ်ဝမ်းတစ်ခါး အတွက် ဝမ်းကျောင်းတဲ့သူတွေနဲ့တွေ့ရင် သူတို့ပြောတဲ့ အိမ်လွမ်း ဝေဒနာတွေကို စာနာစွာနဲ့ နားထောင်ပေးခဲ့တာချည်းပဲ။ အထူး သဖြင့် အညာသူအညာသားတွေမှာ အိမ်လွမ်းဝေဒနာ ပြင်းပြင်း ရှရှရှိကြတာများတယ်။ ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲ၊ သာရေးနာရေးတွေကလည်း လွမ်းလောက်စရာချည်း ကိုး။ အိမ်လွမ်းကြသူတွေအပေါ် ကျွန်တော် ဘယ်တော့မှ ပြက် ရယ်မပြုရက်ဘူး။

ကျွန်တော်လွမ်းရတဲ့ အဆိုတော်တွေထဲမှာ ဖိုးချိုတို့၊ ခင် မောင်တိုးတို့လည်း ပါတာပေါ့။ ဖိုးချိုရဲ့ အဆောင်သရဲတို့၊ ခင် မောင်တိုးရဲ့ ရတနာသူ သီချင်းတွေက ကျွန်တော်တို့ ကျောင်းသား ဘဝရဲ့  အဆောင်သီချင်းတွေ ဖြစ်ကြတယ်။ လွှမ်းမိုးရဲ့ ဇာတ်လမ်း ဆန်တဲ့ တေးသီချင်းတွေ၊ စိုင်းထီးဆိုင်ရဲ့ တိုင်းရင်းသားသံနဲ့ ဆိုတဲ့ တေးသံတွေ၊ စိုးလွင်လွင်ရဲ့ အရိုင်းဆန်တဲ့ ဂီတသံတွေကြားမှာ ကျွန်တော်တို့ လွင့်မျောခဲ့ဖူးတာပေါ့။

ရုပ်ရှင်လောကသားတွေထဲမှာလည်း ကြွေလွင့်သွားရှာတဲ့ ကြယ်ပွင့်တွေ အများကြီးပါပဲ။ ဒွေး၊ ပြေငြိမ်း၊ ကျော်သက် စတဲ့ မင်းသားတွေက ကျွန်တော်တို့ခေတ်ရဲ့ နာမည်ကျော်မင်းသားတွေ။

သူတို့အားလုံး အောင်မြင်မှုရနေချိန်မှာပဲ လောကကြီးထဲ က လက်ပြနှုတ်ဆက် ထွက်ခွာသွားကြတယ်။ သူတို့ချစ်တဲ့ ပရိသတ် ကို အနိစ္စ (မမြဲခြင်းတရား) ကို မျက်ဝါးထင်ထင်ပြသွားကြတယ်။  ကျွန်တော်အမှတ်ရနေတဲ့ ရုပ်ရှင်သရုပ်ဆောင်က လူကြမ်းမင်း သား (ဦး)အံ့ကျော်ကြီးပါပဲ။ သူ့ရဲ့ သရုပ်ဆောင်ပညာနဲ့ ပရိသတ် ရဲ့ မေတ္တာကို အတုံးလိုက်အတစ်လိုက် ယူသွားနိုင်သူလည်း ဖြစ် တယ်။ တစ်လျှောက်လုံး လူကြမ်းအဖြစ် သရုပ်ဆောင်ခဲ့ရာက ဒါရိုက်တာ ဘဘဦးသုခကြီးက ‘ဘယ်သူပြိုင်လို့ လှပါတော့နိုင်’ ဇာတ်ကားမှာ လူရိုးလူအေး ကျေးတောသားအဖြစ် သရုပ်ဆောင်ခိုင်း တော့လည်း ပရိသတ်ရဲ့မျက်ရည်တွေ ချူခဲ့သေးတာပဲ။ အဲဒီရုပ်ရှင် ရဲ့ ဇာတ်သိမ်းခန်းမှာ လှည်းပေါ်ထိုင်လိုက်ပြီး မြို့ပြန်သွားတဲ့ ဆရာမနောက်ကို ဖိနပ်မပါ ခြေဗလာနဲ့ ထန်းလျက်တောင်းကြီး ထမ်းရင်း ပြေးလိုက်တဲ့အခန်းက ဇာတ်ရှိန်အမြင့်ဆုံးပြကွက်။ အဲ ဒီအခန်းရောက်ရင် အဒေါ်တွေ၊ အစ်မတွေက နှာရည်တရှုံ့ ရှုံ့ ဖြစ် ကြရစမြဲ။ ကျွန်တော်တို့ကလေးတစ်သိုက်ကလည်း မျက်ရည်ဝိုင်း ရစမြဲ။ တကယ်တော့ အဲဒီရုပ်ရှင်က စာတတ်မြောက်ရေးအဖြစ် ဝါဒဖြန့်ရိုက်ကူးခဲ့တဲ့ ပေါ်လစီကား။ လူထဲသူထဲမပြောတဲ့စကား တွေ အတုံးလိုက်အတစ်လိုက်မသုံးဘဲ အနုပညာပါပါ ပါးပါးနပ်နပ် သုံးသွားတော့ ပရိသတ်မျက်ရည် ချူနိုင်ရုံမက အကယ်ဒမီပါ ရခဲ့ သေးတာကလား။

လူကြမ်းတစ်ယောက်ကို တေးသီချင်းထဲ စပ်ဆိုရအောင် အထိ (ဦး)အံ့ကျော်ရဲ့ အရှိန်အဝါက ကြီးလွန်းလှတယ်။
‘ဘိုင်စကုပ်ကြည့်တော့ xxx လူကြမ်းကိုအံ့ကျော်ကို xxxအလွန်တစ်ရာ နှစ်သက်တတ်ခဲ့တယ် xxx ငါ့နံဘေးနားက xxx ချစ်သူလေးကတောင် xxx တဖြည်းဖြည်း ငါ့ကို လန့်ကာ xxx ကြင်နာတတ်မယ့် xxx တစ်ယောက်ကို ရှာ xxx’

အဲဒီသီချင်းကို စောဘွဲ့မှူးက ရေးပေးခဲ့တယ်။ သီချင်းနာ မည်က ‘မှားတဲ့ဘက်မှာ’ တဲ့။ စောဘွဲ့မှူးတို့၊ ကိုမောင်မောင်(မဇ္ဈိမ လှိုင်း)၊ မောင်သစ်မင်း၊ သုခမိန်လှိုင်၊ ပုသိမ်မောင်စိမ်းသူ၊ မြို့မငြိမ်း တို့ကလည်း လွမ်းရတဲ့ ကြယ်ပွင့်တွေပါပဲ။

ပန်းချီဆရာတွေထဲမှာလည်း ကြွေလွင့်သွားတဲ့ ကြယ်စင် တွေ ရှိတာပါပဲ။ ဆရာပေါ်ဦးသက်ရဲ့ ရိုးရာဟန်တွေ၊ ပြည်မြို့သား ခင်ဝမ်းရဲ့ စိတ္တဇပန်းချီ၊ ဗိသုကာ ဦးခင်မောင်ရင်နဲ့ မင်းကွန်းမှာ ခေါင်းချသွားတဲ့ ကျွန်းပြန်ရာဟုလာတို့ရဲ့ ပန်းချီကားတွေက ကောင်းကင်ဘုံက ဗိမာန်တွေမှာ ထည်ထည်ဝါဝါ ချိတ်ဆွဲထားမှာ သေချာတယ်။

ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ လူမှုရေး၊ အားကစား စတဲ့ နယ်ပယ်စုံတွေမှာလည်း ကြယ်စင်တွေ ထွန်းလင်းတောက်ပ ခဲ့တာပေါ့။ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊ ဒေါက်တာလှဘေ၊ ဒေါက်တာမောင်ဖြူးတို့ဟာ ပညာရေးနယ် ပယ်က အထင်ကရကြယ်ပွင့်ကြီးတွေပေါ့။

ကျွန်တော်တို့နိုင်ငံက ကံအားလျော်စွာပဲ ကိုလိုနီစနစ်နဲ့ အာဏာရှင်စနစ်အောက်မှာ ရာစုတစ်ဝက်ကျော် နေခဲ့ကြရ တယ်။ သဘာဝကျစွာပဲ တော်လှန်သော သူရဲကောင်းကြယ်ပွင့် တွေလည်း ထွက်ပေါ်ခဲ့ရတော့တာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ သခင်ဗဟိန်း၊ ဗိုလ်အောင် ကျော်၊ သခင်ဖိုးလှကြီး၊ ဆရာစံနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေဟာ သမိုင်းကောင်းကင်က ထင်ရှားတဲ့ တော်လှန်ရေး        ကြယ်ပွင့်တွေ ပေါ့။ ဒီဘက်ခေတ်မှာတော့ ကိုဖုန်းမော်၊ ကိုစိုးနိုင်၊ မဝင်းမော်ဦးတို့ ဟာ လူသိများတဲ့ ကျဆုံးရဲဘော်တွေဖြစ်ကြတယ်။ အာဏာရှင် တော်လှန်ရေးအတွင်း လူမသိသူမသိ ကျဆုံးခဲ့ရသူတွေလည်း အများကြီးပဲ။ တချို့တွေကတော့ ရောင်နီပျိုးချိန်ရောက်ပါမှ နှစ် ရှည်ထောင်တွင်းဒဏ်ရာတွေနဲ့ ကွယ်လွန်ကုန်ကြတာလည်း ရှိ တယ်။ ထောင်ဒဏ်နှစ် ၂ဝ ကျော် ကျခဲ့တဲ့ သာယာဝတီနယ်သား ကိုဂျော်လီထွန်း၊ ၈၈ မျိုးဆက်က ကျောက်ပန်းတောင်းနယ်သား ကိုလှမျိုးနောင် ထောင်တွင်းဒဏ်ရာတွေနဲ့ ကွယ်လွန်ခဲ့ရရှာ တယ်။ အခု လွှတ်တော်ထဲရောက်နေတဲ့ ကိုပြုံးချိုရဲ့ ညီ ကိုသက် ဝင်းအောင်ကတော့ ထောင်ထဲမှာပဲ ကွယ်လွန်ခဲ့ရရှာတဲ့ အခြေခံ (ဗကသ)က ရဲဘော်တစ်ယောက်ဖြစ်တယ်။

စာရေးဆရာနေဝင်းမြင့်က သူ့ငယ်ဘဝအကြောင်းတွေကို စာပေဟောပြောပွဲတွေမှာ အလျဉ်းသင့်သလို ထည့်ဟောတတ် တယ်။ ဆရာက အရေးကောင်းရုံသာမက အဟောကောင်း၊ အပြောကောင်းမို့ မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်စေတယ်။ ဆရာနေဝင်းမြင့် ဟောပြောပွဲတွေမှာ ရွတ်နေကျကဗျာက ဆရာ တင်မိုးရဲ့ ‘အမေ့ကျောင်း’ကဗျာပါပဲ။

နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကို သွားရမယ်
ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွယ့် ပျော်လှတယ်။
သင့်မှာ တောင်ဟုန် လေဟုန်စီးရင်
ဒုံးပျံကြီးထက် မြန်လိမ့်မယ်။
ဖိုးလဝါဝါ ပြူကာထွက်တော့
ကျောင်းတက်ချိန်လို့ မှတ်ရတယ်။
အမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေး ထိုင်ပါ့မယ်။
ကောင်းကင်ကြီးဟာ
ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေ ရေးရတယ်။

ဆရာနေဝင်းမြင့်ရဲ့ ငယ်ဘဝက အားလုံးရဲ့ ငယ်ဘဝလိုပါပဲ။ အမေ့ရင်ခွင်ထဲကနေ ကောင်းကင်ကျောက်သင်ပုန်းထဲမှာ ကြယ် ဝလုံးတွေ ရေးခဲ့ဖူးကြသူချည်းပါပဲ။ သူ့အမေက ကြယ်တွေအကြောင်း စီကာပတ်ကုံးပြောချိန်မှာ စာရေးဆရာလောင်းလျာ မောင်နေ ဝင်းမြင့်လေးက ငေးမောကြည့်နေခဲ့သတဲ့။ ကောင်းကင်ယံက မြောက်စူးစူးမှာ ထွန်းလင်းနေတဲ့ ကြယ်ကြီးဟာ ဓူဝံကြယ်ပေါ့။ ဟိုးဝေးဝေးက မှိတ်တုတ်ကြယ်လေးဟာ မောင်ရင်ဆိုင်းထမ်း ပေါ့။ ဒီဘက်နားက ကြယ်လေးကတော့ ဖျောက်ဆိပ်ကြယ်ပေါ့ဆို ပြီး သူသိသမျှ တတ်သလောက်မှတ်သလောက် ရှင်းပြတယ်။ နေ ဝင်းမြင့်ရေ၊ မင်းဟာ အလင်းဆုံးကြယ် မ      ဖြစ်ခဲ့သည့်တိုင် အလင်း ဆုံးကြယ်ကိုတော့ ရှာဖွေနိုင်သူဖြစ်ရမယ်လို့လည်း သွန်သင်တယ်။

ကျွန်တော်လည်း အလင်းဆုံးကြယ်မဖြစ်ဘူးဆိုတာ ကိုယ့် ကိုယ်ကိုယ်သိတယ်။ အလင်းဆုံးကြယ် မဖြစ်ခဲ့သည့်တိုင် အလင်း ဆုံးကြယ်တွေကို ရှာဖွေတွေ့ရှိနိုင်သူလောက်တော့ ဖြစ်ဖို့ကောင်း တယ်လေ။ ကျွန်တော့်ကောင်းကင်ယံက အထွန်းလင်းဆုံးကြယ် ကြီးတစ်ပွင့်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါပြီ။ အခုအချိန်အထိ ထွန်းလင်းတောက်ပဆဲ၊ တစ်ချိန်ချိန်မှာ ကြွေလွင့်ပျက်သုဉ်းရမယ် ဆိုတာ သိပေမယ့် မကြွေစေချင်တာက ကျွန်တော့်ဆန္ဒ။

ကြယ်တွေစုံတဲ့ညတွေ ရောက်တဲ့အခါ ကောင်းကင်ကို မော့ကြည့်ပါ။ လေပြည်လေညင်းတွေရဲ့ တိုးဝှေ့မှုကို ခံစားပါ။ ဖြစ် နိုင်ရင် တေးရေး မြို့မငြိမ်းရဲ့ ပြုံးတုံ့လှယ်သီချင်းကို တိုးတိုးဖွဖွ ဆိုညည်းပါ။ ပျော်ရွှင်ကြည်နူးခြင်းဆိုတဲ့ သန္တရသ မိတ်ဆွေတို့ကို ရစ်ပတ်လွှမ်းခြုံသွားပါလိမ့်မယ်။

‘လမင်းဝင်းဝင်းပပ xxx ညချမ်းမှာ xxx သာသောအခါ xxx မိုးထက်သို့ xxx မျှော်ကာမျှော်ကာ xxx ခင်ခင်မင်မင် xxx ပြုံး ကြည့်ရာ xxx လမင်းလည်း ကိုယ့်ကို xxx ပြုံးချိုသော သူ့မျက်နှာ xxx တုံ့ပြန်အပြုံးချင်း xxx လဲလှယ်ကာ xxx

‘…ကြယ်ကလေးတွေ ချစ်စရာ xxx အပြာရောင်ကောင်း ကင်မှာ xxx သူတို့ကို တစ်လုံးချင်း xxx ပြုံးရင်းကြည့်နေပါ xxx မကြာခင် ပြန်ကာပြုံးတော့ xxx သူတို့လည်း xxx ကိုယ့်ကို ခင် ကာ xxx ပြုံးတုံ့ပြုံးလှယ် xxx ကျီစယ်ရှာ xxx’

ကဗျာဆရာတွေ၊ တေးရေးဆရာတွေက ကြယ်တွေနဲ့ ပတ် သက်လို့ တေးသီချင်းတွေ၊ ကဗျာတွေ ဖွဲ့စပ်သီကုံးခဲ့ကြတယ်။

အဲဒီတေးတွေ၊ ကဗျာတွေ တော်တော်များများ ကျွန်တော် တို့ကို ဖမ်းစားနိုင်ခဲ့ကြတယ်။ ထူးအိမ်သင်ရဲ့ ဗင်းဆင့်ဗန်ဂိုးတမ်း ချင်း၊ ခင်မောင်တိုးရဲ့ နက္ခပွဲသဘင်၊ တွံတေးသိန်းတန်ရဲ့ ဖိုးလမင်း ကို အောင်သွယ်ခိုင်းမယ် စတဲ့ သီချင်းတွေပေါ့။ ကဗျာဆရာတစ် ယောက်ကတော့ ‘မိသားစုလောက် ဘယ်ကောင်းကင်မှ      ကြယ် မစုံဘူး’တဲ့။ အဲဒီအဆိုကို ကျွန်တော် အကြွင်းမဲ့ ထောက်ခံတယ်။ ဟုတ်တာပေါ့။ ကြယ်စုံညတွေက လွမ်းတတ်ရင်တော့ လွမ်းချင် စရာ။ အဲဒီလိုညမျိုးမှာ အဝေးရောက် ဆွေမျိုးသားချင်းတွေကို လွမ်းနိုင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခဲ့ရတဲ့ မိတ် ဆွေတွေ၊ သူငယ်ချင်းတွေကို သတိရစရာကောင်းတယ်။ အရမ်းစွံ ခဲ့တဲ့ မိတ်ဆွေတွေဆိုရင် ငယ်ရည်းစားကိုတောင် လွမ်းလို့ရသေး။

ကြယ်တွေကြွေချိန်မှာ ဆုတောင်းရင် ဆုတောင်းပြည့်သတဲ့။ ကျွန်တော့်ဆုတောင်းပြည့်ဖို့အတွက်တော့         ကြယ်တွေ မကြွေစေ ချင်ဘူး။ ဒါပေမဲ့ ကြယ်တွေက တဖြုတ်ဖြုတ်ကြွေနေဆဲ။ ကျွန် တော်လည်း ဆုတောင်းဖို့ မေ့မေ့လျော့လျော့ ရှိဆဲ။

ကျွန်တော့်ကိုယ်ပိုင်ကောင်းကင်ယံက ကြယ်တွေထဲမှာ မိတ်ဆွေတို့ သဘောမတွေ့နိုင်တဲ့ ကြယ်တွေ ပါဝင်ကောင်းပါဝင် နိုင်ပါတယ်။ နားလည်ခွင့်လွှတ်ကြစေလိုပါတယ်။ မိတ်ဆွေတို့ ကောင်းကင်ယံက ကြယ်တွေအကြောင်း ဆန္ဒရှိလို့ ပြောပြမယ် ဆိုရင် ကျွန်တော်နားထောင်ချင်ပါသေးတယ်။ ကြယ်စုံညတွေမှာ ကဗျာသီဖွဲ့ တေးဟစ်ကြွေးရင်း လင်းလက်ခဲ့ကြတဲ့ ကြယ်ပွင့်တွေ အကြောင်း ထွေရာလေးပါး ပြော        ကြသေးတာပေါ့။

၂၀၁၆-အောက်တိုဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၃၉)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."