Illustration -THIHA 2017
‘ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ် မဟုတ်’ ဆိုတဲ့ အက်ဆေးကို ရေးခဲ့သူက ဆရာ မြသန်းတင့် ဖြစ်ပါတယ်။ ကမ္ဘာမြေကြီး နတ်ဥယျာဉ်ဖြစ်တာ၊ မဖြစ်တာ အသာထား။ကမ္ဘာမြေပေါ်မှာ ပေါက်ရောက်တဲ့ သစ်ပင်ပန်းပင်တွေက များလှတယ်။
ကျွန်တော့်တူတော်မောင် မူလတန်းကျောင်းတော်သားက ပတ်ဝန်းကျင်တွင် တွေ့ရသော သစ်ပင်ငါးမျိုး၏ အမည်ကို အလွတ်အော်ကျက်နေတယ်။ ကျွန်တော်၏ ပတ်ဝန်းကျင်တွင် တွေ့ရသော အပင်ငါးမျိုးမှာ တမာပင၊် သရက်ပင်၊ မာလကာပင်၊ ဗာဒံပင်၊ စိန်ပန်းပင်တို့ ဖြစ်သည်ဆိုပြီး အော်ကျက်နေတာပါ။ သူတို့အတန်းထဲက သူငယ်ချင်းတွေလည်း ဒီအပင်ငါးမျိုးကိုပဲ ရှေ့နောက်မလွဲ အတိအကျ အော်ကျက်နေမယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ထားလို့ပါ။ တကယ်တော့ ကျွန်တော်တို့အိမ်မှာ တူတော်မောင် အော်ကျက်နေသလို မာလကာပင်လည်း မရှိဘူး။ ဗာဒံပင်လည်း မရှိဘူး။ တည်ပင်တော့ ရှိတယ်။ သရက်ပင်ကတော့ ဘေးအိမ်မှာ ရှိတယ်။ သူတို့လေးတွေ ဘာကြောင့် အိမ်ဘေးမှာ တကယ်ရှိတဲ့ အပင်တွေကို မဆိုကြပါလိမ့်။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေရဲ့ အိမ်ဘေးမှာ အမှန်တကယ်ပေါက်နေတဲ့ အပင်တွေအကြောင်း ဘာကြောင့် မေးဖို့ ပျက်ကွက်ခဲ့ပါလိမ့်။တကယ်မရှိတဲ့ အပင်တွေကို အာခေါင်ခြစ် အော်ဟစ်ကျက်မှတ်နေတဲ့ ကလေးတွေရဲ့ အနာဂတ်က ဘယ်လိုရှိမှာလဲ။ ကျွန်တော့်မှာကိုယ့်မေးခွန်းနဲ့ ကိုယ် လုံးချာလည်နေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အော်ကျက်နေတဲ့ အပင်ငါးမျိုးဆိုတာကြောင့် ငယ်ဘဝကိုခဏ ပြန်ရောက်သွားတယ်။
ကျွန်တော်တို့ခပ်ငယ်ငယ်က အိမ်တိုင်း၊ ဝင်းတိုင်းမှာ သစ်ပင်ဝါးပင်တွေ ပေါလှတယ်။ သရက်ပင်ကြီးတွေ၊ သပြေပင်တွေ၊သီးသီးပင်တွေ အိမ်တိုင်းစေ့နီးပါးမှာ ရှိတယ်။ ဝင်းခြံကျယ်ကျယ်ကြီးတွေအတွင်းမှာ ဟိုပင်ဒီပင် ကူးပြီး အသီးတွေ ခူးစားရတာလည်း ပျော်စရာကောင်းလှတယ်။ တချို့အိမ်တွေမှာ စားပင်သီးပင်တွေသာမက စံပယ်၊ မြတ်လေး၊ ဇွန်၊ ဇီဇဝါ စတဲ့ ပန်းပင်တွေပါ စိုက်ပျိုးထားပြီး အပွင့်ပွင့်ချိန် ရောက်ရင် အိမ်နီးချင်းတွေကိုပါ ဝေမျှပေးတတ်သေးတယ်။
ကျွန်တော်တို့အိမ်မှာလည်း အများသူငါ ခြံဝင်းတွေလိုပဲအပင်ကြီးတွေ ရှိခဲ့တယ်။ စောင်းဝါးသီးပင်၊ သရက်ပင်၊ မာလကာပင်၊ သပြေပင်၊ ဆီးပင်တွေ ရှိပြီး အသီးသီးချိန်ရောက်ရင် ကျေးငှက်သာရကာ အသံတွေ ကြားရလေ့ရှိတယ်။ သနပ်ခါးပင်က ရုံကြီးသဖွယ် ဖြစ်နေပြီး သနပ်ခါးပန်းပွင့်ချိန် ရောက်တဲ့အခါ ခြံဝင်းတစ်ခုလုံး သနပ်ခါးပန်းရနံ့တွေ သင်းပျံ့နေတတ်တယ်။ သနပ်ခါးပန်းရနံ့တွေ သင်းပျံ့နေတတ်တယ်။ သနပ်ခါးပန်းက အခြားပန်းလို အနံ့စူးစူး မဟုတ်ဘူး။ သူ့အနံ့က သင်းပျံ့ပျံ့နဲ့မို့ ဘိုဆန်တယ်။ ပွင့်ဖတ်ရယ်လို့ မပါဘဲ အခက်လိုက် ပွင့်တဲ့ ပန်း၊ သနပ်ခါးပန်သူကိုယ်တိုင် အနံ့ရချင်မှ ရတာ ဖြစ်ပေမယ့် သနပ်ခါးပန်း ပန်ထားတဲ့သူ အနီးအနားက ဖြတ်သွားရင် မွှေးပျံ့ပြီး ရနံ့ကျန်နေရစ်တဲ့ ပန်းမျိုး။ သနပ်ခါးပန်းပွင့်ချိန်ရောက်ရင် အမေက ဦးဦးဖျားဖျား ပွင့်တဲ့ပန်းကို ဘုရားကို ကပ်တယ်။ ပိုလျှံနေသေးရင် သူကိုယ်တိုင်ပန်ရုံသာမကဘဲ အိမ်နီးချင်းတွေကိုပါ ပေးလေ့ရှိတယ်။ ကျွန်တော်တို့ အိမ်ဝင်းရဲ့ အင်္ဂါထောင့် (အရှေ့တောင်ထောင့်)မှာ လူတစ်ရပ်လောက် မြင့်တဲ့ ဇီဇဝါပန်းပင်ကြီးတစ်ပင်လည်း ရှိခဲ့ဖူးတယ်။ ပိတောက်ပင်ပျိုကတော့ အိမ်နောက်ဖေးဘက်မှာ ရှိပြီး ကျိုးတိုးကျဲတဲ ပွင့်တတ်တယ်။
ကျွန်တော်တို့ အိမ်မှာ ရှိတဲ့ ပိတောက်ပင်ကြီးက မျက်နှာချင်းဆိုင်အိမ်က ပိတောက်ပင်ကြီးရဲ့ မျိုးဆက်လေ။ အဲဒီအပင်ကြီးရဲ့ မျိုးဆက်တွေက နေရာအနှံ့မှာ ရောက်နေတယ်ဆိုရင် မိတ်ဆွေ မအံ့သြပါနဲ့။ ပိတောက်ပင်တွေ ပွင့်တဲ့အချိန်ရောက်လို့ ပိတောက်ပန်းခူးတဲ့အခါ အပင်ပေါ်တက်ပြီး ဓားနဲ့ ပိတောက်ကိုင်းတွေ ချိုင်ကြရတယ်။ (ချိုင်တယ်ဆိုတာ ပိတောက်ကိုင်းတွေကိုဓားနဲ့ ခုတ်တာကို ခေါ်တာပါ။) လက်ကောက်ဝတ်လောက်ရှိတဲ့ ပိတောက်ကိုင်းတွေ ချိုင်ပြီး အပင်အောက် ရောက်တဲ့အခါမှာလည်း ပိတောက်ပန်းရှိရာ နေရာ ထပ်ချိုင်ကြရပြန်တယ်။ လက်ကောက်ဝတ်လောက် တုတ်တဲ့ ပိတောက်ကိုင်းတွေကို သောက်ရေအိုးဟောင်းထဲမှာ ရေစိမ်ထားရင် အတက်လေးတွေ ထွက်လာတယ်။ တစ်ပတ် ဆယ်ရက်လောက်ကြာရင် အတက်လေးတွေက အညွန့်စီစီရီရီ ထွက်လာကြပြီ။ အဲဒီအခါရောက်မှ မြေကြီးတွေ တံတောင်သာသာလောက် တူးပြီး စိုက်ကြရတယ်။ အဲဒီလိုနည်းနဲ့ ပိတောက်ပင်ကြီးရဲ့ မျိုးဆက်တွေက နေရာအနှံ့ ရောက်ကုန်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပိတောက်ပင်ပျိုတစ်ပင် အဲဒီနည်းနဲ့ စိုက်ခဲ့ဖူးတယ်။
အခုခေတ်စားနေတဲ့ အော်ဂဲနစ်သီးနှံတို့၊ အော်ဂဲနစ်ပန်းတို့ဆိုတာ ကျွန်တော်တို့ကိုယ်တိုင် စိုက်ပျိုးခဲ့တာတွေပေါ့။ အော်ဂဲနစ်ချင်လို့ နစ်ရတာ မဟုတ်ဘဲ မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ၊ရွက်ဖျန်းဆေးတွေ ဝယ်ခွင့်မသာတဲ့ အချိန်ဆိုတော့ မန်ကျည်းရွက်မြေဆွေးနဲ့ နွားချေးခြောက်တွေက သဘာဝမြေသြဇာတွေလေ။ အဲဒီအပင်တွေက ထွက်လာတဲ့ သီးနှံတွေကလည်း ဓာတုဆေးဝါး အကူအညီ မပါလို့ အလောတော်အရွယ် အသီးအပွင့်တွေ၊ မှည့်ဆေး သုံးမထားတဲ့ ပင်မှည့်စစ်စစ်တွေ၊ အနံ့အရသာနဲ့ပြည့်စုံတဲ့ နတ်သြဇာ အသီးအနှံတွေ ဆိုပါတော့။
အဲဒီတုန်းကတော့ နေအိမ်ခြံဝင်းတွေကလည်း အကျယ်ကြီးတွေ။ အိမ်တိုင်းစေ့နီးပါး စားပင်သီးပင်တွေ ရှိခဲ့ကြတယ်။အိမ်နောက်ဖေးဈေးဆိုင်တည်ဆိုတဲ့ စကားအတိုင်း နေရာလွတ်တွေလည်း ရှိတော့ ချဉ်ပေါင်ပင်၊ ဆူးပုတ်ပင်၊ ပြည်ပန်းညိုပင်၊ ခရမ်းပင်၊ ခရမ်းချဉ်ပင်၊ ဘူးပင်တွေ စိုက်ခဲ့ကြတယ်။ လေတွေ၊ မိုးတွေ ကျပြီဆိုရင် သရက်ပင် သစ်ချိုပင်တွေအောက် ပြေးကောက်ကြတာပဲ။ အခုနေ ပြန်စဉ်းစားမိတော့ သစ်ကိုင်းကျိုးမှာ မကြောက်၊ သစ်ပင်ပိမှာ မကြောက်ဘဲ မိုးထဲရေထဲ အလုအယက် တိုးဝှေ့ကောက်ခဲ့ကြတာပါလား။ သစ်ချိုပင်ကြီးဆိုတာ အကြီးကြီး။ လုံပတ်က လူကြီး လေး၊ ငါးယောက် လက်ချင်းယှက်မှ ပတ်မိနိုင်တဲ့အနေအထား။ သစ်ချိုသီးတွေက လေခပ်ပြင်းပြင်းတိုက်ရင် ကြွေနေကျဆိုတော့ လေတိုက်ဖို့ မျှော်ရတာက အမော။ လေတွေ၊ မိုးတွေ တဝေါဝေါ ကျနေပေမယ့် သစ်ချိုသီး လေးငါးဆယ်လုံး စားရဖို့အရေး သွားကောက်ခဲ့တာချည်းပဲ။ သစ်ချိုသီး ကောက်ကြသူတွေထဲမှာ လူကုံထံ ကြေးရတတ်တွေရဲ့ သားသမီးလည်းပါတယ်။ မျက်နှာမွဲရဲ့ ဆွေမျိုးသားချင်းတွေလည်း ပါတယ်။ ယောကျ်ား၊မိန်းမအားလုံး အလုအယက် ကောက်ခဲ့ကြတယ်။
အခုခေတ်မှာတော့ အိမ်ဝင်းတွေလည်း ဖဲ့ရောင်း၊ ပိုင်းရောင်းနဲ့ ခပ်ကျဉ်းကျဉ်း ဖြစ်ကုန်ကြပြီ။ ရသမျှ နေရာလေးမှာပဲ ကုတ်ကတ်နေကြရတော့ သစ်ပင်စိုက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တချို့လည်း မူလနေရာကနေ အကြောင်းအမျိုးမျိုးနဲ့ အဝေးကို လွင့်စဉ်ထွက်သွားကြရတာတွေ ရှိတယ်။ ချက်မြှုပ်မဟုတ်တဲ့ နေရာသစ်မှာ သူတစ်ပါးအပင်က သီးနှံတွေ၊ အပွင့်တွေ ခူးဆွတ်ဖို့ ဆိုတာ မလွယ်ဘူး မဟုတ်လား။ ဒီခေတ် မြို့ပြမှာ ကြီးပြင်းတဲ့ကလေးငယ်တွေ အပင်ပေါ်က အသီးကို ကိုယ်တိုင် ခူးဆွတ်ပြီး စားဖူးတဲ့သူ ရှားလိမ့်မယ်။
ကျွန်တော်တို့တုန်းကတော့ မန်ကျည်းရွက်နုချိန်ဆို အပင်ပေါ်တက်ခူးပြီး မန်ကျည်းရွက်သုပ် လုပ်ပြီး စားခဲ့ကြတယ်။ ကြက်သွန်နီအကွင်းလိုက် လှီး၊ ပဲဆီလေး ပါတယ်ဆိုရုံ ဆမ်း၊ ငရုတ်သီးစိမ်း လေးငါးတောင့် ရေဆေးပြီး ကတ်ကြေးနဲ့ ကိုက်ထည့်၊ ဆားနည်းနည်းခတ်၊ ပဲကြီးဟင်းရည် ပူပူနွေးနွေး ဟင်းခပ်ဇွန်းတစ်ဇွန်းလောက် ဆမ်းလိုက်ရင် မန်ကျည်းရွက်သုပ် ရပြီ။ မန်ကျည်းရွက်သုပ်က ခေါင်းမဖော်တမ်း စားကြရတဲ့ ရာသီပေါ် ဟင်းတစ်ခွက်ဖြစ်တယ်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင် ရာသီရောက်ရင် သပြေသီးတွေ ခူးစားရတာလည်း အမှတ်ရစရာပါပဲ။ တကယ်တော့ သပြေသီးရဲ့ အရသာက ဖန်တွတ်တွတ်ရယ်။ ဒါပေမဲ့ အလကားရတဲ့ အသီးဆိုတော့လည်း ဖန်တယ်၊ ခါးတယ် ရွေးချယ်မနေနိုင်ဘူး။ သပြေသီးစားရင်း အင်္ကျီတွေ စွန်းထင်းကုန်တာလည်း ရှိတာပဲ။ သပြေသီးလိုပဲ ဖန်တွတ်တွတ် အရသာရှိတဲ့ အသီးတစ်မျိုးရှိသေးတယ်။ သူက တရုတ်မန်ကျည်းသီးလို့ခေါ်တဲ့ ဆူးမန်ကျည်းသီးတွေ။ အဲဒီအပင်တွေက လမ်းဘေးဝဲယာမှာ အလေ့ကျပေါက်တဲ့ အပင်ကြီးမျိုးတွေ။ တံချူနဲ့ ခူးတဲ့အခါ ခူးတယ်။ အောက်မှာကြွေကျနေတဲ့ အမှည့်တွေ ကောက်စားတဲ့အခါ စားတယ်။ မှည့်ရင် အစိမ့်အရသာဘက် ကဲပေမယ့် ရွမ်းပြင်းတွေကတော့ ဖန်တန်တန်ပါပဲ။ ကျွန်တော်တို့ကတော့ တရုတ်မန်ကျည်းသီးလည်း အလွတ်မပေးခဲ့ဘူး။
သရက်သီးတွေကတော့ ကျွန်တော်တို့ခေတ်က လူငယ်တွေရဲ့ နတ်သုဒ္ဓါ။ အထူးသဖြင့် စိမ်းစားသရက်တွေကို အပင်ပေါ်က ခူး၊ ငရုတ်သီးမှုန့်ရယ်၊ မျှင်ငါးပိရယ်၊ ဆေးသကြားရယ်၊ ဆားနည်းနည်းရယ် ရောပြီး ကျောင်းပိတ်ရက် နေ့လယ်ခင်းတွေမှာ ချွေးတလုံးလုံးနဲ့ စားခဲ့ကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကသရက်သီးမျိုးစိတ်တွေက ရွှေဟင်္သာ၊ ငှက်တော်၊ အောင်ဒင်၊ မချစ်စု၊ သုံးလုံးတစ်တောင်၊ ဝါဆို၊ မျောက်ခေါင်း စတဲ့ သရက်သီးတွေ စားခဲ့ကြတယ်။ စိန်တစ်လုံးသရက် ပေါ်၊ မပေါ် ကောင်းကောင်း မမှတ်မိတော့ဘူး။ သရက်မျိုးတွေက သူ့ဟာနဲ့သူ သီးခြားစီ အရသာရှိကြတယ်။ ဒါကြောင့်လည်း အရွက်မှာ လက်ဖက်၊အသားမှာ ဝက်၊ အသီးမှာ သရက်လို့ ဆိုရိုးရှိခဲ့ကြတာကိုး။ သရက်သီးတွေ စားပြီး သရက်စေ့တွေကို ပျိုးယူခဲ့ကြတယ်။ အပင်ပေါက်လေးဖြစ်လာလို့ ရလာတဲ့ ပီတိက ဘာနဲ့မှ မတူဘူး။
ဒီနေ့ခေတ် ကလေးငယ်တွေ လတ်ဆတ်တဲ့ အသီးအနှံတွေ ကိုယ်တိုင်ခူးဆွတ်ပြီး စားဖူးစေချင်တယ်။ ကျွန်တော်ငယ်ငယ်က မာလကာပင်ပေါ်တက်ပြီး မာလကာသီးကို အပင်ပေါ်မှာပဲ ထိုင်စားတယ်။အဲဒီလိုဆိုရင် မာလကာပင်ပိုင်ရှင် ကြီးကြီးက မကြိုက်ဘူး။ အပင်အောက်ရောက်မှ အေးအေးလူလူ စားခိုင်းတယ်။ ကျွန်တော်ကလည်း ကြီးကြီးလစ်ရင် လစ်သလို အပင်ပေါ်မှာပဲခူးပြီး စားရမှ အရသာရှိတယ်လို့ ထင်တယ်။ အပင်ပေါ်က မဆင်းဘဲ ခူးစားရင် အပင်ပိုးကျမယ်လို့ ကြီးကြီးက ရိုးရိုးသားသား ယုံကြည်တယ်လေ။ အခုတော့ ကြီးကြီးလည်း အိုမင်းမစွမ်း ဖြစ်နေပါပြီ။ သူ့ မာလကာပင်လေး (အခုတော့ မာလကာပင်ကြီး ဖြစ်နေပါပြီ)လည်း အရိပ်တကြည့်ကြည့် ကြည့်မနေနိုင်တော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အပင်ပေါ် တက်ရမယ့် အရွယ် မဟုတ်တော့သလို အပင်ပေါ်လည်း မတက်ရဲတော့ဘူး။ အရွယ်လေးနည်းနည်းရလာတော့ ကြောက်စိတ်တွေလည်း ပိုလာတယ် ထင်ပါရဲ့။
ဒီနေ့ခေတ် ကလေးငယ်တွေက လတ်ဆတ်တဲ့ သီးနှံတွေထက် အသင့်စာ၊ အမြန်စာ၊ ရယ်ဒီမိတ်စာတွေနဲ့သာ လူလားမြောက်ခဲ့ကြရတယ်။ အဲဒီ အမြန်စာတွေကပဲ လူတွေကို ဒုက္ခပေးတော့တာပါပဲ။ ကြာရှည်ခံအောင်၊ အရောင်လှအောင်၊ အနံ့အသက်ကောင်းအောင်၊ အရသာပိုရှိအောင် ဓာတုဆေးဝါးတွေနဲ့လုပ်ထားတဲ့ အမြန်စာတွေက ကျောင်းမုန့်ဈေးတန်းမှာ လွယ်လင့်တကူ ဝယ်လို့ရနေတယ်။ ဘာတွေနဲ့ လုပ်ထားမှန်း မသိရတဲ့ ဂန္ဓလရာဇ်မုန့်တွေက ကလေးတွေရဲ့ အိတ်ကပ်ထဲက ကျောင်းမုန့်ဖိုးတွေ နှိုက်ယူနေကြတယ်။ ပတ်ကင်လှလှ ထုပ်ပိုးထားတဲ့ သရေစာတွေမှာ အာဟာရတန်ဖိုး မည်မည်ရရ ဘာမှ မပါဘူး။ နယ်စပ်လမ်းကြောင်းကတစ်ဆင့် ခေါင်းမြီးခြုံဝင်လာတဲ့ စားသောက်ကုန်တွေမှာ အရောင်အဆင်းလှလှလေးတွေဆိုတော့ ကလေးငယ်တွေ ကြိုက်ကြတယ်။ ကျောင်းမုန့်ဈေးတန်းမှာ တစ်ခု ကျပ် ၅ဝ နဲ့ ရောင်းချနိုင်အောင်အထိ ဈေးချိုတယ်။ ကျေးလက်ဇနပုဒ်က ကျောင်းမုန့်ဈေးတန်းအထိ နယ်စပ်က တရားမဝင် ဝင်လာတဲ့ မုန့်ရောင်စုံတွေ ရှိနေတယ်။ အဲဒီမုန့်တွေမှာ အရောင် ဘယ်လောက် သုံးထားသလဲဆိုရင် မုန့်ထုပ်ဖောက်စားလို့ လက်မှာ ဆေးရောင်ပေသွားရင် ဆပ်ပြာနဲ့ တိုက်ချွတ်ဆေးကြောပါမှ အရောင်ကျွတ်တဲ့အထိပါပဲ။ နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်လာတဲ့ စားသောက်ကုန်တွေကို စစ်ဆေးကြပ်မတ်ရမယ့် အချိန် ရောက်ပါပြီ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်က ကလေးငယ်တွေ လက်ထဲမှာလို့ ယုံကြည်ရင် ခေါင်းမြီးခြုံဝင်လာတဲ့ မုန့်တွေရဲ့ အန္တရာယ်ကို အမြန်ကာကွယ် တားဆီးပေးကြပါ။ ဒါဟာ ကြီးကြီးကျယ်ကျယ် ပြောရရင် အမျိုးသားရေးတာဝန်လည်း ဖြစ်ပါတယ်။
ကျွန်တော်တို့ အိမ်ရှေ့ကွက်လပ်လေးမှာ နေရာလွတ်လေးနည်းနည်းရှိတယ်။ အပင်စိုက်ဝါသနာပါတဲ့ ကျွန်တော့်အဖို့ ပန်းပင် လေးငါးဆယ်ပင် ပန်းအိုးနဲ့ စိုက်ထားရတယ်။ ကမ္ဘာကြီး စိမ်းလန်းဖို့ဆိုတာထက် မျက်စိအေးလို့ စိုက်ထားတာပါ။ စံပယ်ပင်၊ ဇွန်ပင်၊ ဇီဇဝါ၊ သနပ်ခါးနဲ့ သံပရာပင်တွေ ပန်းအိုးလေးတွေထဲ ထည့်စိုက်ထားတာပါ။ မနက်မိုးလင်းလို့ မျက်နှာသစ်ရင် မေတ္တာပို့ အမျှအတန်းပေးဝေရင်း သစ်ပင်ပန်းပင်လေးတွေ ရေလောင်းရတာ စိတ်ချမ်းသာစရာ ကောင်းတယ်။ အပင်ပေါ်မှာ အပွင့်လေးတွေ ပွင့်နေတာ မြင်ရင် စိတ်ကြည်နူးရတယ်။ ဘုရားလှူလို့ ရတယ်။ အိမ်နီးချင်းမိတ်ဆွေတွေကို အမြတ်တနိုး ပေးလို့ ရတယ်။စံပယ်ပန်းတစ်ကုံး ငွေကြေးတန်ဖိုးအားဖြင့် ဘာမှမတန်လှဘူး ဆိုသော်လည်း ကိုယ်တိုင်စိုက်ပျိုးတဲ့ အပင်က ပွင့်တဲ့ ပန်းမို့ တန်ဖိုး ပိုရှိတယ်လို့ ခံစားရတယ်။ လူ့သဘာဝအရ ဝယ်တဲ့ပန်းထက်ကိုယ့်အပင်က ပွင့်တဲ့ပန်းက ပိုမွှေးတယ်လို့လည်း ထင်စရာပေါ့။
ကျွန်တော့်မှာ အိပ်မက်တစ်ခု ရှိတယ်။ မြို့ကြီးပြကြီးနဲ့ နည်းနည်းအလှမ်းဝေးရင် ဝေးပါစေ။ တစ်ဧကလောက် ကျယ်တဲ့ ကိုယ်ပိုင်ခြံဝင်းလေးတစ်ခု ပိုင်ဆိုင်ခဲ့ရင် (အခုတော့ မိဘအိမ်မှာကပ်နေပါတယ်။) ခြံထဲမှာ သီးပင်စားပင်လေးတွေ စိုက်ပျိုးထားမယ်။ ခြံထောင့်မှာ လက်လုပ် ရေဘုံပိုင်လေး တူးထားမယ်။ ရေဘုံပိုင်အပေါ်မှာ ဘူးပင်ဖြစ်ဖြစ်၊ ကြက်ဟင်းခါးပင်ဖြစ်ဖြစ် နွယ်ပင်တစ်မျိုးမျိုးကို အရိပ်ရအောင် စင်ထိုးစိုက်ထားမယ်။ ချိုးရေ၊ သုံးရေတွေကို ငှက်ပျောပင်လေးတွေဆီ စီးဆင်းနိုင်အောင် မြောင်းဖောက်ထားမယ်။ ခြံဝင်းအလယ်လောက်မှာ လှေကားသုံးထစ်တက်ရတဲ့ တစ်ထပ်ပျဉ်ထောင်အိမ် နှစ်ခန်းပတ်လည်လောက် ဆောက်ထားဦးမယ်။ အဲဒီအိမ်လေးမှာ ဝရန်တာကျယ်ကျယ်လေးပါ ထည့်ဆောက်ထားပြီး နှစ်လက်မပတ်လည် သံဆန်ခါကွက်လေးတွေ ကာထားမယ်။ ရာသီလိုက်ပွင့်မယ့် ပန်းလေးတွေလည်း စိုက်ထားမယ်။ အမှတ်တရ အပင်တွေ စိုက်မယ်။
ဆရာဇော်ဂျီအမှတ်တရ ဆရာ့မွေးနေ့မှာ ပိတောက်ပင်တစ်ပင် စိုက်မယ်။ ဆရာမင်းသုဝဏ် အထိမ်းအမှတ် ပျဉ်းမပင်တစ်ပင် စိုက်ဖြစ်အောင် စိုက်မယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ်သပြေပင်တစ်ပင်လည်း စိုက်မှာပေါ့။ မန်ကျည်းတုံရွာသား ဆရာကြီးရွှေဥဒေါင်း အမှတ်တရ မန်ကျည်းပင်တစ်ပင်လည်း စိုက်ဖြစ်မယ်။ ဂီတစာဆို မြို့မငြိမ်း အမှတ်တရ စိန်ပန်းပင်၊ ရန်ကုန်တက္ကသိုလ် ပထမဆုံး မြန်မာအမျိုးသားကျောင်းအုပ်ကြီး ဦးဖေမောင်တင် ဂုဏ်ပြုတဲ့အနေနဲ့ ကံ့ကော်ပင်၊ လူထုဒေါ်အမာအမှတ်တရ စံပယ်ပင်၊ ဆရာတော် ရွှေကိုင်းသား အထိမ်းအမှတ် တရုတ်စကားပင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း အထိမ်းအမှတ် ခရေပင်၊ ဘုတလင်သား သိန်းဖေမြင့်အတွက် ထနောင်းပင်၊ မြိုင်မြို့သား မြသန်းတင့် အောက်မေ့ဖွယ် တမာပင်၊ အိုးဝေဦးညိုမြ အမှတ်တရ ဝါးရုံပင်လေးတွေလည်း စိုက်ချင်ပါသေးတယ်။ မော်ဒန်ဆရာကြီး ဇော်ဇော်အောင် အမှတ်တရ ယုဇနပင်၊ ကန်မြဲဇဂျမ်းသား ကဗျာဆရာတင်မိုး အတွက် ရှားပင်တွေလည်း ကျွန်တော့်ခြံလေးရဲ့ နေရာလွတ်တွေမှာ စိုက်ထားမယ်။ ကျွန်တော့်အိမ်သူက ပန်းပန်တဲ့ အလေ့အထ မရှိပေမယ့် သူက ပန်းတွေရဲ့အလှကို တန်ဖိုးထားတဲ့ ပန်းချစ်သူဖြစ်တယ် ။ သူ့အတွက်လည်း သနပ်ခါးပင်တစ်ပင် မမေ့မလျော့ စိုက်ရပါဦးမယ်။သေချာတာကတော့ ကျွန်တော့်ခြံ လက်ဝဲဘက်မှာ မြရာပင်တစ်ပင် မရရအောင် ရှာပြီး မဖြစ်မနေ စိုက်ပျိုးရပါလိမ့်မယ်။
မိတ်ဆွေတို့လည်း ခြံအိပ်မက်လေး မက်ကြည့်စေလိုပါတယ်။ ကျေးငှက်သာရကာတွေရဲ့ အော်သံနဲ့ နိုးထရတဲ့ မနက်ခင်းတွေက ကျက်သရေရှိလွန်းလို့ပါ။ သစ်ပင်စိုက်တယ်ဆိုတာ နှလုံးသားလှသူတွေမှ လုပ်နိုင်တဲ့ အလုပ်မို့ မိတ်ဆွေတို့ကို နှလုံးသားလှသူတွေ ဖြစ်စေချင်ပါတယ်။ သစ်ပင်စိုက်ရင် ကမ္ဘာကြီး ငြိမ်းချမ်း၊ မငြိမ်းချမ်း မသေချာပေမယ့် အမြင်အေးတယ်။ ရနံ့မွှေးတယ်။ သီးပင်စိုက်ရင် အသီးစားလို့ရမယ်။ ပန်းပင်စိုက်ရင် ပန်းပွင့်ခူးလို့ရမယ်။ ဘာသီးမှ မသီး၊ ဘာပန်းမှ မပွင့်ရင်တောင် အချိန်တန်အရွယ်ရောက်လာရင် အရိပ်တော့ ရတန်ကောင်းရဲ့။ စိုက်သောအပင်၏ အသီးကို ခူးဆွတ်ရိတ်သိမ်းရစမြဲ မဟုတ်လား။ ။
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ အမေ့ခံ ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။