မင်းလွင် ရေးသည်။
ရန်ကုန်(မတ် ၃၁၊ ၂၀၁၇)
ဦးကိုနီအမှုတွင် ပူးပေါင်းပါဝင်သူဟု စွပ်စွဲခံထားရသော အောင်ဝင်းခိုင်အား ဆက်လက်ရှာဖွေဖမ်းဆီးနိုင်ရန် ဖမ်းဝရမ်းသက် တမ်းတိုးရေး တရားလို၏ရှေ့နေမှတင်ပြထားမှုကို တိုင်းတရားလွှတ်တော်ရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်း ခရိုင်တရားရုံးမှ ဒုတိယတရားသူကြီး ဒေါ်ခင်ဆွေမြင့်က ပြောသည်။
ယနေ့ပြုလုပ်သည့် ဦးကိုနီလုပ်ကြံခံရမှုမှ တရားလိုပြသက်သေ ရဲအုပ်မိုးနိုင်အား မြောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေး ကြားနာအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြင်ဆင်ချက်တင်ပြတာကို တိုင်းလွှတ်တော်က လက်ခံထားလိုက်ပါပြီ။ ဘယ်တော့ဘယ်လို ကြားနာဆုံးဖြတ်မယ် ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး” ဟု ဒုတိယတရားသူကြီး ဒေါ်ခင်ဆွေမြင့်က ပြောသည်။
ဖမ်းဝရမ်းသက်တမ်းတိုးရေးကိစ္စ မဆုံးဖြတ်မီ တရားလိုပြသက်သေများကို ဆက်လက် စစ်ဆေးကြားနာမည်ဖြစ်ပြီး ဧပြီ ၇ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ စတုတ္ထအကြိမ်မြောက်ရုံးထုတ်စစ်ဆေးမည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါဖမ်းဝရမ်းသက်တမ်းတိုးရေးအား ပြီးခဲ့သည့်ရုံးချိန်းများအတွင်း တရားလိုရှေ့နေဘက်မှ မြောက်ပိုင်းခရိုင်တရားရုံးတွင် တင်ပြမှုကို ပယ်ချခဲ့သဖြင့် တိုင်းတရားလွှတ်တော်သို့ ဆက်လက် တင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။