သေမင်းခံတွင်းဝက မြစ်ဝကျွန်းပေါ်ဒေသ

သေမင်းခံတွင်းဝက မြစ်ဝကျွန်းပေါ်ဒေသ

သက်ဦးမွန်ရေးသည်။

သတင်းတစ်ခုကြားတာကြောင့် ခေါင်းပေါ်ကဈေးဗန်းကို ဈေးထဲကအသိဆိုင်မှာပစ်ချ၊ တစ်မိုင်ပျော့ပျော့အကွာအဝေးရှိတဲ့ သူ့အိမ်ကို မစံပယ်တစ်ယောက် ဆိုင်ကယ်ငှားဖို့တောင် သတိမရနိုင်ဘဲ သုတ်ခြေတင်ပြေးချလာတယ်။

အိမ်ရောက်တော့ သတင်းကြားရတဲ့အတိုင်းပဲ သူ့အိမ်ဟာ အငမ်းမရ ဖျက်ဆီးခံနေရတာကို တွေ့လိုက်ရတော့တယ်။ ဓနိမိုး ထရံကာသူ့အိမ်လေးဟာယိုင်နဲ့နေပြီ။အိမ်ပေါ်မှာမိသားစုတွေမရှိတော့ဘူး။ အိမ်နီးနားချင်းတွေက ဘေးလွတ်ရာကို ပို့ပေးထားကြတယ်။

သူဟာ အချိန်မဆိုင်းဘဲ ပြိုစပြုနေတဲ့ အိမ်ထဲကနေ ပစ္စည်းတွေနဲ့ ဓနိ၊ဝါး၊တိုင်တွေကို ရသလောက်ဆွဲထုတ်ပါတယ်။ လက်လုပ်လက်စားဘဝမို့ ပစ္စည်းပစ္စယရယ်လို့ ခပ်များများမရှိပါဘူး။ ဒါပေမဲ့ ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ့်ပစ္စည်းတော့ အလကား လုယက်ဖျက်ဆီးနေတာ မခံနိုင်သမို့ ပြန်ရဖို့ ကြိုးစားနေတာပါ။

ပစ္စည်းတွေကို နေရာရွှေ့ပြီးချိန်မှာတော့ သူ့အိမ်ဟာ ပြိုပျက်သွားခဲ့ပါပြီ။ အိမ်တင်မကပါဘူး၊ မြေနေရာပါ ဖဲ့ယူခံလိုက်ရတာပါ။ ဒါကြောင့် နေစရာအိမ်မရှိတော့တဲ့ သူတို့မိသားစုကို ကျေးရွာအုပ်ချုပ်ရေးမှူးက လူမနေတဲ့ အိမ်အလွတ်တစ်ခုမှာ   အိမ်ရှင်ကိုခွင့်တောင်းပေးပြီး ခေတ္တနေခိုင်းထားရပါတယ်။

ပင်လယ်ကမ်းစပ်နားတည်ရှိသည့် အေးကုန်းကျေးရွာမှ အိမ်တစ်လုံး (Photo: Thet Oo Mon)

ပင်လယ်ကမ်းစပ်နားတည်ရှိသည့် အေးကုန်းကျေးရွာမှ အိမ်တစ်လုံး (Photo: Thet Oo Mon)

မစံပယ်ရဲ့အိမ်ကိုဖျက်ဆီးတာ တခြားသူတော့ မဟုတ်ဘူး။ ပင်လယ်ကြီးပါပဲ။ ပင်လယ်ကြီးဟာ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စုထဲက ရွာ ၁၄ရွာထဲမှာရှိတဲ့ ကမ်းခြေတစ်လျှောက်က အိမ်တွေ၊ မြေတွေကို သူ့ရဲ့လှိုင်းလုံးတွေနဲ့ ဆင့်ကာဆင့်ကာ ရိုက် ပုတ်ဖျက်ဆီး ဆွဲချသွားခဲ့တာပါ။

ဇွန် ၁၂၊ ၁၃နဲ့ ဇူလိုင် ၁၄၊ ၁၅ ရေထရက်တွေမှာ ပင်လယ်ကြီးက  ဖျက်ဆီးခဲ့တာပါ။ ဒီလိုဖျက်ဆီးတာကြောင့် အိမ်ခြေကိုး ဆယ်ကျော် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အိမ်ဆောက်ဖို့ မကျန်တော့တဲ့အထိ ကမ်းနားမြေတွေကိုလည်း ပင်လယ်က ဆွဲယူသွားခဲ့ပါတယ်။

”သူလည်း ကိုယ့်မကယ်နိုင်၊ ကိုယ်လည်း သူ့မကယ်နိုင် အကုန် ကိုယ့်အိမ်ကိုယ်ဆွဲနေကြတာ”လို့ အဲဒီနေ့က အဖြစ် အပျက်ကို မစံပယ်က ပြန်ပြောပြတယ်။

ကမ်းခြေတစ်လျှောက် လှည့်ပတ်ကြည့်တဲ့အခါမှာတော့ ရေတိုက်စားသွားတဲ့ နေရာတွေမှာ သစ်ပင်အမြစ်တွေ ထိုးထိုး ထောင်ထောင် ထွက်နေတာကို တွေ့ရပါတယ်။ ကျိုးပျက်ပြီးကျန်ခဲ့တဲ့ အိမ်တိုင်ငုတ်တိုတွေကိုလည်း ဟိုတစ်စ ဒီတစ်စ တွေ့ရပါတယ်။

လက်ရှိ မစံပယ် ခဏနေထိုင်တဲ့ အိမ်က ဓနိမိုး၊ ထရံကာ မြေစိုက်တဲသာသာပါ။ အိမ်ထဲမှာ လေဖြတ်နေတဲ့ ခင်ပွန်းဖြစ်သူ က ပလတ်စတစ်ကျောမှီ ထိုင်ခုံတစ်လုံးနဲ့ ထိုင်နေပါတယ်။ ငါးပေပတ်လည်သာသာရှိတဲ့ ဝါးခင်းပေါ်မှာတော့ ကလေးငယ် တစ်ဦးနဲ့ အဘွားအိုတစ်ဦး ထိုင်နေပါတယ်။ မိုးက ခပ်ဖွဲဖွဲကျနေပြီး အိမ်ထဲမှာ စိုထိုင်းထိုင်း ဖြစ်နေပါတယ်။

မစံပယ်ရဲ့ ပုံစံက အသားဖြူဖြူ၊ ခပ်ပိန်ပိန်၊ ခပ်ပါးပါး။ အသက် ၃၅ နှစ်ဆိုတာထက် သူ့ရုပ်က ပိုရင့် ရော်နေပုံပေါ်တယ်။ စကားပြောနေရင်း သူ့ရင်ခွင်ထဲက ကလေးငယ်က ထပြီးငိုတာကြောင့် နို့တိုက်ပြီး ချော့သိပ်ပါတယ်။ လက်ရှိတော့ ဒီနေရာလေးမှာ မှီခိုနေရပေမယ့် သူလိုချင်တာက မိသားစုတွေ လုံလုံခြုံခြုံ နေခွင့်ရမယ့် အိမ်လေးတစ်လုံးပါ။ သူ့အိပ်မက်ကတော့ ဘယ်အချိန်ပြည့်မယ်ဆိုတာ မမှန်းဆတတ်သေးဘူးလို့ သူကဆိုပါတယ်။

ပင်လယ်ကြီးက မြင့်တက်

ပင်လယ်ကို မျက်နှာစာပြုနေထိုင်ကြတဲ့ ဒီရွာတွေမှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပါတယ်။ လယ်ယာလုပ်ငန်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ကြပါတယ်။ ဒီရွာတွေက မြန်မာအက္ခရာ ပစောက်ပုံစံ ကမ်းရိုးတန်းမှာ တည်ရှိနေတာပါ။ အထက်တန်းကျောင်း၊ ဆေးရုံ၊ တည်းခိုခန်း၊ ဈေးနဲ့ ဘဏ်ခွဲတစ်ခုတောင်ရှိတဲ့ ကျေးရွာအုပ်စုကြီး ဖြစ်ပါတယ်။

ဒီရွာမှာ အိမ်တွေ ပြိုကျတဲ့အထိ မဖြစ်ဖူးတာ ၁ဝ နှစ်နီးပါး ရှိနေပါပြီ။ ၂ဝဝ၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတုန်းက တောင် ဒီလောက်မဆိုးခဲ့ဘူးလို့ ရွာခံတွေက ပြောပြပါတယ်။ အဲဒီတုန်းက ရေတွေထိုးတက်ခဲ့ပေမယ့် လှိုင်းရိုက်တာ သိပ်မရှိတာကြောင့် မြေတွေ ပဲ့မပါသွားခဲ့ပါဘူး။

ဒီဒေသမှာ နေတဲ့လူတွေကို မေးကြည့်တဲ့အခါ ဒီလိုမျိုး ဖြစ်တယ်ဆိုတာဟာ ဘာကြောင့်မှန်း တိတိကျကျမသိကြပါဘူး။ သူတို့နားလည်ထားတာက ရာသီဥတုတွေ ဖောက်ပြန်လာပြီဆိုတာပါပဲ။ ဒါ့အပြင် သူတို့အမြင်အရတော့ ပင်လယ်ကြီးက အရင်ကထက် ပိုမြင့်လာပါတယ်တဲ့။

”အရင်က ပင်လယ်က နိမ့်ကျနေတာ။ လှမ်းကြည့်ရင် မော်တော်အမိုးလောက်ပဲမြင်ရတာ။ အခုက ပြည့်လာတာ (ကမ်းစပ်ကမြေတွေနဲ့) တစ်ပြေးတည်းဖြစ်လာတာ”လို့ မစံပယ်တို့နေထိုင်တဲ့ သရက်ပင်ဆိပ်ကျေးရွာဘေးက ပက်ပြဲ ကျေးရွာမှာနေတဲ့ အသက် ၆၃ နှစ်အရွယ် ဦးပေါက်စက ဆိုပါတယ်။

ဒီနှစ်လအတွင်းမှာ ပင်လယ်ကို မျက်နှာမူထားတဲ့ သူ့အိမ်ဝိုင်းတစ်ဝက်လည်း ပင်လယ်ရေနဲ့အတူ မျောပါသွားခဲ့ပါတယ်။ ခြံနဲ့ အတူ လေဒဏ်ရေဒဏ် အကာအကွယ်ရအောင် သူစိုက်ပျိုးထားတဲ့ သစ်ပင်တွေလည်း ပါသွားခဲ့ပါတယ်။ အရင်သူ့အိမ်က ကမ်းစပ်နဲ့ဆို ပေ ၁၅ဝ ကျော်လောက်ဝေးခဲ့တယ်ဆိုပေမယ့် အခု ဆိုရင် ပေ ၂ဝတောင် မကွာတော့ပါဘူး။

အရင်ကဆို ”ပင်လယ်က တော်တော်ဝေးသေးတယ်။ တစ်ပြကြီးဆင်းရတာ။ ဘောလုံးဆင်းကန်နေလို့ရတယ်”လို့ သူ့ ခြံရှေ့မှာ ထိုင်နေရင်းက ဦးပေါက်စက ဆိုပါတယ်။ အပေါ်ပိုင်း အင်္ကျီဗလာ ပုဆိုးခပ်တိုတိုဝတ်ထားတဲ့ သူပုံစံက ကြေးနီရောင် အသားအရေနဲ့ ကျစ်လျစ် သန်မာနေတုန်းပါပဲ။

သူကတော့ လက်ရှိအချိန်မှာ ရေဒီယို မပြတ်နားထောင်နေပြီး အရေးအကြောင်းဆိုရင်  ဇနီးနဲ့သားသမီးတွေကို ဘေး လွတ်ရာပို့ထားမယ်လို့ဆိုပါတယ်။သူကတော့ အိမ်စောင့်ကျန်ခဲ့မှာဖြစ်ပြီး ငါးဂါလန်ဆံ့အဝါရောင် ပလတ်စတစ်လေးထောင့် ပုံးနှစ်လုံးကို တွဲချည်ထားတယ်လို့ ဆိုပါတယ်။

ရေတက်လာရင် ”ကိုယ့်တစ်ယောက်ကတော့ ဒီနှစ်ပုံးက တော့ လုံလောက်တယ်လေ။ မျောချင်ရာမျောတော့၊ ကုန်းတော့ တစ်နေရာတော့ တင်မှာပဲ”လို့ ဦးပေါက်စက ဆိုပါတယ်။

ပင်လယ်တိုက်စားပြီး ကျိုးပျက်ကျန်ခဲ့သည့် အိမ်တိုင်ငုတ်တိုများ (Photo: Thet Oo Mon)

ပင်လယ်တိုက်စားပြီး ကျိုးပျက်ကျန်ခဲ့သည့် အိမ်တိုင်ငုတ်တိုများ (Photo: Thet Oo Mon)

မလုံခြုံတော့တဲ့ မြစ်ဝကျွန်းပေါ်ဒေသ

မြန်မာနိုင်ငံမှာ လူဦးရေ ဒုတိယအများဆုံးနေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ထိစပ်နေတဲ့ တိုင်းနဲ့ပြည်နယ်ခြောက်ခုထဲကတစ်ခုဖြစ်ပြီး မုန်တိုင်းအန္တရာယ်၊ ဒီရေအန္တရာယ် ကျရောက်လာရင် အများဆုံး ထိခိုက်ခံရနိုင်တဲ့ဒေသလို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သူ့ရဲ့ နာဂစ်မှတ်တမ်းစာအုပ်မှာ ဖော်ပြထားပါတယ်။

ဒီဒေသဟာ မြေအလွန်နိမ့်ပြီး ပင်လယ်ရေလှိုင်းအမြင့် ငါးမီတာ (၁၆ပေ) လောက်တက်မယ်ဆိုရင် မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံးရဲ့ ၄၃ ရာခိုင်နှုန်းဟာ ရေအောက်ရောက်သွားမယ်လို့ ဒေါက်တာထွန်းလွင်က ဆိုထားပါတယ်။

မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့ (Myanmar Climate Change Alliance – MCCA) ရဲ့ လေ့လာဆန်းစစ်မှုတွေအရ ၂ဝ၅ဝ အရောက်မှာ ပင်လယ်ရေ အမြင့် ၄၁ စင်တီမီတာ (တစ်ပေခွဲခန့်) အထိ မြင့်တက်လာနိုင်ပြီး ပြင်းထန်ကျယ်ပြန့်တဲ့ ရေလွှမ်းမိုးမှုတွေ ရေကြီးမှုတွေ ဖြစ်လာ မယ်လို့ ဆိုထားပါတယ်။

 

MCCAက ခန့်မှန်းတဲ့  ၂ဝ၅ဝ ရောက်ဖို့ နှစ်ပေါင်း ၃ဝ ကျော် လိုနေပေမယ့် ဒေါ်ညိမ်းကျေးရွာ အုပ်စုထဲက ရွာတွေမှာ ပင်လယ်ကပေးတဲ့ ဒုက္ခကို စတင်ခံစားနေရပြီ ဖြစ်ပါတယ်။

ပြေးစရာ မြေကရှား

ဦးပေါက်စတို့ရွာနဲ့ ဘေးချင်းကပ် ဘုရားလေးစုကျေးရွာမှာ နေထိုင်တဲ့ အသက် ၅ဝ အရွယ် ဦးသစ်မင်းလှိုင်ဆိုရင် သူတို့ မိသားစုခြောက်ယောက်နေဖို့ မြေတစ်နေရာစာအတွက်ခေါင်းခဲ နေရပါတယ်။ ခြောက်လပိုင်း ပထမတစ်ခါ လှိုင်းတွေ ရိုက်တုန်းက သူ့အိမ်က မပြိုသေးပါဘူး။ ဒါပေမဲ့ လှိုင်းဒဏ်ကြောင့် အိမ်ရဲ့ အောက်ခြေတိုင်တွေ ယိုင်နဲ့သွားခဲ့ပါတယ်။

ဒါကြောင့် အိမ်ကို ထောက်တိုင်တွေနဲ့ထောက်ကြိုးတွေဆွဲပြီး တောင့်တင်းအောင် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမဲ့ ၇ လ ပိုင်း တက်လာတဲ့ ပင်လယ်ရေနဲ့လှိုင်းတွေကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ သူ့အိမ်လည်း ပြိုလဲခဲ့ပါတော့တယ်။ လက်ရှိမှာတော့ ယောက္ခမအိမ်ဘေးမှာ အဖီလေးဆွဲပြီးနေဖို့ ပြင်ဆင်နေပါတယ်။

”ဒီလောက်ကြီးတက်လိမ့်မယ်လို့ မထင်ဘူး။ မုန်တိုင်းလား ဘာလားမသိဘူး။ နှစ်တိုင်း ရေတက်နေပေမယ့် ဒီလို အိမ်ပြိုတဲ့ အထိတော့ တစ်ခါမှမဖြစ်ဘူး”လို့ သူကဆိုပါတယ်။

သူဒီနေရာမှာနေလာတဲ့ ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် ကြုံခဲ့တာပါ။ သူက ဧရာဝတီတိုင်းဒေသကြီးထဲက မော်လမြိုင် ကျွန်းဇာတိဖြစ်ပြီး ဖျာပုံမြို့နယ်ထဲက ဒေါ်ညိမ်းကျေးရွာမှာ အလုပ်လာလုပ်ရင်း တစ်အိုးတစ်အိမ် ထူထောင်နေခဲ့သူပါ။

သူက စက်လှေကလေးတစ်စီးဝယ်၊ ကျားပိုက်အသေးလေး ခုနှစ်ခုလောက်နဲ့ ပင်လယ်ပြင်မှာ တစ်နိုင်တစ်ပိုင် ငါးဖမ်းထွက်တဲ့အလုပ်ကို မနှစ်ကစတင်လုပ်ကိုင်ခဲ့တာပါ။ ဒီနှစ်မှာတော့ ပင်လယ်တိုက်စားတဲ့အတွက် အိမ်လည်းပြိုပြီး နောက်လာမယ့် ရာသီချိန် ပင်လယ်ထွက်ဖို့ အရင်းအနှီးတောင် မထည့်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။

ဒီလို ပင်လယ်ရဲ့ အန္တရာယ် စိတ်မချရတဲ့ နေရာကနေ တစ်နယ်တစ်ကျေးပြောင်းဖို့ စဉ်းစားမိလားလို့ သူ့ကိုမေးကြည့်တော့ ပြောင်းဖို့ငွေနဲ့ တစ်နယ်တစ်ကျေးရောက်ရင် လုပ်ကိုင်စားသောက်ဖို့ အလုပ်အကိုင်လိုအပ်တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကလည်း အလုပ်လုပ်ဖို့ မိသားစုလိုက် ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

ဒါပေမဲ့ ရန်ကုန်မှာ သူ့လိုအသက်အရွယ်တွေအတွက် အလုပ်အကိုင် ရှားပါးတာရယ်၊ နေထိုင်စရိတ်ကြီးမြင့်တာရယ်၊ ဝင်ငွေနဲ့ထွက်ငွေ မကာမိတာကြောင့် ပင်လယ်ကိုပဲ ပြန်လာခဲ့တာပါ။ ဒီနေရာမှာတော့  ပင်လယ်ကိုငါးဖမ်းလိုက်မလား၊ ကျား ဖောင်ဆင်းမလား၊ နေ့စားအလုပ်ကြမ်းလုပ်မလား စသဖြင့် ကိုယ်လုပ်နိုင်သလောက် အလုပ်အကိုင်ပေါပြီး နေစရာ အိမ်လခအတွက်လည်း မပူပင်ရဘူးလို့ သူက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ပင်လယ်က တိုက်စားတာကြောင့် အိမ်ဆောက်ဖို့ ရှိရင်တောင် ဆောက်စရာမြေနေရာတွေ မရှိတော့ ပါဘူး။ ပင်လယ်နဲ့ဝေးပြီး ကုန်းတွင်းဘက်ကျတဲ့နေရာတွေမှာ မြေနေရာတွေရှိပေမယ့် သူတို့ လက်လှမ်းမမီတဲ့ ဈေးနှုန်းတွေ ဖြစ်နေပါတယ်။ ဒါ့ပြင် ပင်လယ်နဲ့ပတ်သက်ပြီး လုပ်ကိုင်စားသောက်ရတဲ့အတွက် ပင်လယ်နဲ့မလှမ်းမကမ်းမှာနေရမှ အဆင်ပြေမယ်လို့ သူက ဆိုပါတယ်။

သူတို့အတွက်အဆင်ပြေတဲ့ မြေနေရာလွတ်တွေကိုတွေ့ထားလို့ ကျေးရွာအုပ်ချုပ်ရေးမှူးကို နေထိုင်ဖို့အကူအညီ တောင်းကြည့်ပါသေးတယ်။ အုပ်ချုပ်ရေးမှူးကလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြတဲ့အခါ ဌာနဆိုင်ရာ မြေတွေဖြစ်တဲ့အတွက် မြေလွတ်မြေရိုင်းတွေဖြစ်ဖို့ ဥပဒေတွေနဲ့ အဆင့်ဆင့်လုပ်ရမှာဖြစ်လို့ အချိန်ကြာမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့အိမ်ပြိုတဲ့အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ အိမ်ဆောက်ဖို့ ငွေတစ်သိန်းနဲ့ အိုးခွက်၊ ပန်းကန်၊ စောင်၊ ခြင် ထောင်၊ ဓား၊ ပုဆိုး၊ အကျီ စသဖြင့် ပစ္စည်းအမျိုးအမည် နှစ် ဆယ်ကို ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

ပင်လယ်တိုက်စားပြီး ကျိုးပျက်ကျန်ခဲ့သည့် အိမ်တိုင်ငုတ်တိုများ (Photo: Thet Oo Mon)

ပင်လယ်ကမ်းစပ်နားမှ ဒေါ်စန်းအေး၏အိမ် (Photo: Thet Oo Mon)

ရေရှည်စီမံခန့်ခွဲမှု ဂရုပြု

၂ဝ၁၈ ဇွန်နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားအဆင့် မြေယာဘဏ်ထားရှိရေးဆိုင်ရာ အစီရင်ခံစာမှာ မြန်မာ နိုင်ငံရဲ့ ရေလွှမ်းဧရိယာကမ်းရိုးတန်းဒေသမှာ နေထိုင်တဲ့ ပြည်သူသန်းပေါင်းများစွာဟာ ရာသီဥတုပြောင်းလဲမှုနဲ့ ပင်လယ် ဒီရေ မြင့်တက်မှုတို့ကြောင့် သူတို့ရဲ့ အိုးအိမ်မြေယာတွေကို စွန့်ခွာသွားရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရနိုင်တဲ့ဒေသများကို ဖော်ထုတ်ပြီး သူ တို့အတွက် သင့်တော်တဲ့ မြေနေရာတွေ ကြိုတင်ဖော်ထုတ် သတ်မှတ်ပေးဖို့ လိုအပ်နေတယ်လို့ အကြံပြုထားပါတယ်။

ထိုအစီရင်ခံစာကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ ALARM/Eco Dev နဲ့ Displacement Solution အဖွဲ့များက ဧရာဝတီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်အတွင်းက ကျေးရွာနှစ်ရွာကို သွားရောက်ပြီး လေ့လာဆန်းစစ် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

စိမ်းလန်းအမိမြေအသင်း (Eco Dev) ဥက္ကဋ္ဌ ဦးဝင်းမျိုးသူ ကတော့အစိုးရအနေနဲ့ ဒီပြဿနာကို ”ဆေးမြီးတိုနဲ့ ဆောင်ရွက် လို့မရဘူး။ ရေရှည်စီမံချက်တွေနဲ့ ဆောင်ရွက်မှ ဖြစ်မှာပါ”လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ပြောကြားခဲ့ပါတယ်။

အစိုးရက ဘယ်အချိန်ဘယ်ကာလရောက်မှ စီမံဆောင်ရွက်မယ်ကို မသိပေမယ့် ဒေါ်ညိမ်းကျေးရွာအုပ်စုအပိုင် အေး ကုန်းရွာက မဇာဇာမိုးတစ်ယောက်ကတော့ နေစရာအိမ်လည်းမရှိတော့ပါဘူး။ အိမ်ထပ်ဆောက်ဖို့ မြေနေရာလည်း မရှိတော့ပါဘူး။ လတ်တလောမှာသူက သူများအိမ်မှာ ကပ်နေနေရပါတယ်။အိမ်ရှင်ကို သုံးလေးရက်ဆိုပြီး ခွင့်တောင်းနေပေမယ့် ရက်ကြာ လာတဲ့အခါ ငြိုငြင်လာတယ်လို့ သူက ဆိုပါတယ်။

သူက ရေလှိုင်းရိုက်တဲ့ ဇွန်နဲ့ဇူလိုင်နှစ်ခါလုံးမှာ နှစ်ကြိမ်စလုံးအိမ်ပြိုခဲ့သူပါ။ ပထမတစ်ခါ အိမ်ပျက်သွားတဲ့အတွက် ထောက်ပံ့ငွေရယ် အိမ်ဟောင်းကရထားတဲ့ တိုင်တွေ၊ ဓနိတွေရယ် စုပေါင်းစပ်ပေါင်းလုပ်ပြီး ရေလွတ်မယ်ထင်တဲ့ သူ့ယောက္ခမ အိမ်နောက်ဘက်မှာ ထပ်ဆောက်ခဲ့ပါတယ်။

အဲဒီအိမ်လေး အကောင်အထည်ပေါ်ပြီး အမိုးနဲ့အကာ ဆောက်လုပ်ရန်သာ ကျန်တော့တဲ့အချိန်မှာပဲ ဒုတိယအခေါက် လှိုင်းလုံးတွေက ထပ်ရောက်လာပြီး ဖျက်ဆီးပြန်ပါတယ်။ အိမ်ကသိပ်မပျက်စီးခဲ့ပေမယ့် မြေတွေပါသွားတဲ့အတွက် အဲဒီအိမ်ကိုလည်း ပြန်ဖျက်နေရပါတယ်။ သူ့ယောက္ခမအိမ်ကတော့ ပြိုကျသွားခဲ့ပါတယ်။

ကျွန်တော် အင်တာဗျူးဖို့သွားတဲ့အခါ ဓနိတွေဝါးတွေကို နေရာရွှေ့နေတာ တွေ့ရပါတယ်။ အိမ်ဆောက်မယ့်နေရာတော့ မရှိသေးပါဘူး။ မြေနေရာဝယ်ဖို့လည်း သူတို့က မတတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ သူ့မှာသုံးနှစ်သားအရွယ် ကလေးငယ်တစ်ဦး ရှိပြီး ခင်ပွန်းဖြစ်သူက ကြုံရာကျပန်း လုပ်ကိုင်ပါတယ်။

ပင်လယ်ကို  အလျှော့ပေးရတော့မလား

မဇာဇာမိုးနဲ့ သုံးလေးအိမ်လောက်သာခြားတဲ့ ဒေါ်စန်းအေးတစ်ယောက်လည်း နောက်တစ်ကြိမ် ရေလှိုင်းတွေတက်မလာဖို့ ဘုရားရှိခိုးတိုင်း ဆုတောင်းနေရတယ်လို့ ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ နှစ်လအတွင်းရိုက်ခဲ့တဲ့ လှိုင်းရိုက်ချက်တွေကြောင့် သူ့အိမ်ဟာယိုင်နဲ့နဲ့ပဲကျန်ပါတော့တယ်။ အိမ် ရဲ့ဒေါက်တိုင်တွေလည်း ကျိုးသွားတာကြောင့် တိုင်လုံးတွေနဲ့ဆက်ပြီး ပြန်ထောက်ထားရပါတယ်။ အိမ်ပတ်လည်ကိုလည်း ကောက်ညှင်းထုပ်ထုပ်သလို ကြိုးတွေနဲ့ ကျပ်နေအောင် စည်းထားပါတယ်။

ဒါပေမဲ့ သူ့ရဲ့အိမ်အောက်က မြေကြီးသုံးပုံတစ်ပုံကတော့ ပင်လယ်တိုက်စားတဲ့အထဲပါသွားပြီး ယခင်ကကလေးတစ် ယောက် လေးဖက်ထောက်ဝင်ရတဲ့ အိမ်ကြမ်းပြင်အောက်ဟာ အခုဆိုရင် လူကြီးတစ်ယောက် မတ်တတ်ရပ်ဝင်လို့ ရနေပါပြီ။ အခုဆိုရင် ကမ်းပါးကိုခွဆောက်ထားသလိုဖြစ်သွားတဲ့ သူ့အိမ်က နောက်တစ်ကြိမ် ရေလှိုင်းတွေ ထပ်လာဦးမယ်ဆိုရင် ကျိန်းသေပြိုလဲတော့မှာလို့ သူကဆိုပါတယ်။

ရေတက်တဲ့နေ့ကဆို ပင်လယ်လှိုင်းလုံးတွေဟာ လူလက်တစ်ပြန်လောက်ရှိပြီး တဝုန်းဝုန်းတဗြုန်းဗြန်းနဲ့ ရိုက်တာဟာ လိူင်းတွေနဲ့ လက်ပွန်းတတီးနေနေကြတဲ့ သူတို့တွေတောင် ကြောက်လန့်နေရတယ်လို့ ဆိုပါတယ်။ ထိုအချိန် လူလည်း ရေထဲ ကို မဆင်းရဲ၊ ဆင်းရင်လည်း လှိုင်းရိုက်ချက်ကြောင့် ပက်လက်လန်လဲကျတဲ့အထိ ပြင်းထန်တယ်လို့ ဆိုပါတယ်။

လှိုင်းတွေ ကမ်းပါးတွေကို စားသွားတာဟာ ”ပေါင်မုန့်ကို ဓားထက်ထက်နဲ့ လှီးချလိုက်သလိုပဲ”လို့ အသက် ၅၆ နှစ်အရွယ် ဒေါ်စန်းအေးက ဆိုပါတယ်။

နောက်ကို ထပ်ရွှေ့ဖို့လည်း မြေနေရာမရှိတော့ပါဘူး။ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ သူ့အိမ်နောက်မှာ အခြားသူ တစ်ဦးပိုင်တဲ့ ခြံစည်းရိုးပဲရှိပါတော့တယ်။ ဘေးတစ်ဖက်တစ်ချက်မှာတော့ သူ့လိုယိုင်နဲ့နေတဲ့ အိမ်အချို့ပဲ ရှိပါတော့တယ်။

အစိုးရက ကူညီပေးမယ်ဆိုရင်တော့ နေစရာမြေနေရာလေးတစ်ခုပေးဖို့ သူကတောင်းဆိုပါတယ်။ လက်ရှိမှာတော့ ”ပြေးစရာလည်း မြေမရှိ စားစရာလည်း ဆန်မရှိ”လို့ ဒေါ်စန်းအေးက သူတို့တွေကြုံတွေ့နေရတဲ့ အခြေအနေကို ပြောပြ            ပါတယ်။

သပိတ်ရောင်အသားအရေနဲ့ ခပ်ပိန်ပိန်ဒေါ်စန်းအေးဟာ ပင်လယ်ကြီးကိုလက်ညှိုးထိုးလိုက် သူ့အိမ်ကို ပြလိုက်နဲ့ မေးသမျှ ကို သွက်သွက်လက်လက် အာပေါင်အာရင်းသန်သန် ပြောပြနေပါတယ်။ သူကခင်ပွန်းဖြစ်သူနဲ့ နှစ်ယောက်တည်း နေတာဖြစ်ပြီး သားသမီးတွေက အိမ်ထောင်တွေကျကုန်ပါပြီ။ ဒီကပြောင်းနေဖို့ နေရာလည်းမရှိတဲ့အတွက်မပြိုခင် တစ်ပတ်ပဲ နေရနေရ၊ တစ်လပဲနေရနေရ နည်းလားဆိုပြီး နေ့စဉ် ရင်တမမနဲ့ နေနေရတယ်လို့ ဒေါ်စန်းအေးက ဆိုပါတယ်။

လက်ရှိအိမ်ဟာ ရေတိုက်စားမှုကြောင့် အကာအကွယ်သစ်ပင်တွေလည်း မရှိတော့ဘဲ ပင်လယ်နဲ့ ဟာလာဟင်းလင်း မျက်နှာချင်းဆိုင်နေလျက်ရှိနေပါတယ်။ နောက်ကို ထပ်ဆုတ်ပေးစရာနေရာလည်း မရှိတော့တဲ့အတွက် တကယ်တမ်း ပင်လယ်ကြီးဟာ နောက်တစ်ကြိမ် ပြန်လာခဲ့ရင်တော့ တိုးစရာတစ်နေရာပဲ ရှိတော့ကြောင်း ဒေါ်စန်းအေးက ယခုလို ခပ်ရွဲ့ ရွဲ့ဆိုတယ်။

”တိုးစရာတော့ရှိတယ် ပင်လယ်ထဲပဲ။ ရေတက်လာရင် တိုးပြီးတော့သေလိုက်ဖို့ပဲရှိတယ်”

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."