ဟေမာန်ပြည့်
ဖေဖော်ဝါရီ ၈
မိုးထိမိုးမိရွှေတူးဖော်ရေးဒေသတွင် လုပ်ငန်းလိုင်စင်များချထားမှု ရပ်နားထားခြင်းသည် ယင်းဒေသတွင် အကြီးစားရွှေတူး ဖော်ခဲ့သည့် ကုမ္ပဏီများနှင့် ရွှေခွန်ကြွေးကျန်ကိစ္စများရှင်းလင်းနေသည့်အတွက်ကြောင့်ဖြစ်ကြောင်း သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ယနေ့ကျင်းပသည့် လွှတ်တော်အစည်း အဝေး တွင်ပြောသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်သုံးခုအား ရပ်ဆိုင်းထားသည့်အတွက် ဒေသခံများ စီးပွားရေးထိခိုက်မှုများရှိနေသည့်အတွက် ယင်း ရွှေလုပ်ကွက်သုံးခုအား တရားဝင်ရွှေထုတ်လုပ်ခွင့်ပြုပေးနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ပေးနိုင်မှု ရှိ၊ မရှိ ယနေ့ လွှတ်တော်အစည်းအဝေးတွင်မေးမြန်းရာတွင် ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ဖြေကြားခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိတောင်ကြောများတွင် ဧက ၂ သောင်းခန့် ကျယ်သော ရွှေသတ္ထုရှိ သည့်မြေများကို လုပ်ကွက် A,B,C သုံးခုခွဲကာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ လုပ်ကွက်-A၊ ရွှေမိုးယံကုမ္ပဏီ လုပ်ကွက်-B နှင့် မြန်မာဆန်းလီအောင်ကုမ္ပဏီလုပ်ကွက်-C တို့ကို လုပ်ကိုင်ခွင့်ချပေးခဲ့ရာ ယင်းကုမ္ပဏီများက မူလ စာချုပ်အတိုင်း မဆောင်ရွက်နိုင်ကြသည့်အတွက် လုပ်ကွက်များကို ရပ်နားထားခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်း လင်းသည်။
ယခုအခါ လုပ်ကွက် A ကို ရယူခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို မန္တလေးတိုင်းဒေသကြီး၊ တရား လွှတ်တော်တွင်တရားစွဲထားသလို ယင်းလုပ်ကွက်ဧရိယာအတွင်း ရွှေတူးဖော်ခွင့်လိုင်စင်ချထားပေးမှုကို “ ရွှေထုတ်လုပ်ခွင့် တရားဝင် ပြန်လည်သတ်မှတ်ချထားနိုင်ရေးအတွက် အဆိုပါတရားမမှု၏အပြီးသတ် ဆုံးဖြတ်ချက်အမိန့်အပေါ်မူတည်၍ မြန်မာ့သတ္ထုတွင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန်စီစဉ်ထားရှိပါကြောင်း” ဟု ဒုတိယဝန်ကြီး ဦးရဲမြင့် ဆွေက လွှတ်တော်ကို တင်ပြသည်။
၂၀၁၁ ခုနှစ်က မိုးထိမိုးမိဒေသတွင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက ၅ နှစ်အတွင်း ရွှေစင် ၅,၅၇၇ မက်ထရစ် တန်ထုတ်လုပ်ရန် အဆိုပြုငွေ သန်း ၁၀၀ ဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး အကြီးစားရွှေထုတ်လုပ်ခွင့်ရရှိခဲ့သည်။
သို့ရာတွင် လုပ်ငန်းအခက်အခဲကြောင့် မူလစာချုပ်အား ပြင်ဆင်ရန်တင်ပြခဲ့ပြီး ၂၀၁၃ နှင့် ၁၄ တို့တွင် စာချုပ်ကို နှစ်ကြိမ် ပြင်ဆင်ချုပ်ဆိုခဲ့ပြီး ၂၀၁၉ အထိ လုပ်ကိုင်ခွင့် သက်တမ်းရရှိခဲ့သည်။ သို့သော် ၂၀၁၆ ဧပြီမှ အမျိုးသားကြီးပွား တိုးတက် ရေးကုမ္ပဏီသည် နိုင်ငံတော်သို့ပေးသွင်းရန်ရွှေစင်များကို သတ်မှတ်ချက်အတိုင်းအပြည့်အ၀ ပေးသွင်းခြင်းမရှိသည့် အ တွက် စာချုပ်များဖျက်သိမ်းကာ ၂၀၁၈ အတွင်း လုပ်ကွက်များကို ရပ်နားထားခြင်း ဖြစ်သည်။
#mawkun
#magazine
#chronicle