ရွေးကောက်ပွဲစနစ်သစ်သို့ ကူးပြောင်းခြင်း

(အပိုင်း-၁)

(ကလောင်အမည် ဘင်နီဒီ (Beni D) သည် စာရေးဆရာတစ် ဦး ဖြစ်သလို အာရှဆိုင်ရာ နိုင်ငံရေးနှင့် ရွေးကောက်ပွဲရေးရာ သုံးသပ်သူတစ်ဦးလည်း ဖြစ်ပါ သည်။ ပြောင်းလဲနေသော အခြေအနေများကို လေ့လာ ရန် သူသည် မြန်မာနိုင်ငံသို့ မကြာခဏ လာရောက်လေ့ ရှိပြီး ၁၉၉၈ ခုနှစ်ကတည်းက ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မှတ်တမ်းတင်နေသူ တစ်ဦးလည်း ဖြစ်သည်။)

ဘင်နီဒီ ရေး၍

သူရိန်ဝင်းဘာသာပြန်သည်။

မြန်မာပြည်၏ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုသည် ရှုပ်ထွေး၍ နားလည်ရခက်သည်။  ရလဒ်ကို အာမခံချက်ပေးနိုင်သည့် သီအိုရီတစ်ခုတော့ရှိသည်။ အတောင်အလက်စုံလင်သော ဒီမိုကရေစီ ထွက်ပေါ်လာနိုင်ရေးကို ဖြစ်ထွန်းလာစေမည့် သီအိုရီတစ်ခုဖြစ်သည်။ လူအများအမွှမ်းတင် ပြောဆိုနေသည့် ရွေးကောက်ပွဲစနစ်တစ်ခုကို ရွေးချယ်လိုက်ပါ။ ထိုသို့ရွေးချယ်လိုက်ခြင်းသည် အခြေအနေတစ်ခုကို မျှော်လင့် နိုင်မည့် ရှင်းလင်းသည့် လက္ခဏာဖြစ်သည်။   အပြောင်းအလဲများ သည် လူထုအကျိုးအတွက် ဖြစ်ကြောင်း သေချာစေရန်  ကျွန် တော်တို့ မည်မျှ အတိုင်းအတာအထိ လုပ်ဆောင်နိုင်ကြောင်း ပြသသည့် လက္ခဏာလည်းဖြစ်သည်။ မြန်မာပြည်ဒီမိုကရေစီ အပြောင်းအလဲဖြစ်စဉ်တွင် လူထုသည် အဓိက ပင်မဗဟိုချက်    ဖြစ်သည်။

မြန်မာပြည်သည် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်အုပ်ချုပ်ခံ ရသည့် အနေအထားမှ ရုန်းထွက်နေရဆဲဖြစ်သည်။ အစိုးရအဖွဲ့ သည် စစ်တပ်ကျောထောက်နောက်ခံထားသည့် အစိုးရဖြစ်နေ သည်။ လုပ်ငန်းဆောင်ရွက်မှုတွင် စစ်တပ်၏ မူဝါဒကသာ ကြီးစိုး ထားသည်။ ရွေးကောက်ပွဲနှင့်ပတ်သက်၍ဆွေးနွေးငြင်းခုံမှုများမှ ရလဒ်များပေါ်ထွက်လာမည်ဟု မျှော်လင့်နေခြင်းမှာ အထင် အမြင်မှားခြင်းသာဖြစ်သည်။ ထို့ပြင်ထိုစနစ်ကို ပိုမိုနားလည်နိုင်မှ သာလျှင် ပိုကောင်းပါသည်။

ရွေးကောက်ပွဲစနစ်တွင် အပြောင်းအလဲတစ်ခု ပြုလုပ်ရန် တွန်းမည်ဆိုလျှင်၊ ထိုသို့ လုပ်ဆောင်မှုများ ရှိခဲ့မည်ဆိုလျှင် စစ် တပ်သည် ဆွေးနွေးပွဲ၏လမ်းကြောင်းကိုပြောင်းလဲနိုင်သည့် ပါဝါ ရှိနေသည်။ ရလဒ်က မည်သို့ ဖြစ်လာမည်ကို ပြောင်းလဲနိုင်သည့် ပါဝါနှင့်လွှမ်းမိုးချုပ်ကိုင်နိုင်မှု သေချာပေါက်ရှိနေသည်။ ထို့ ကြောင့် ဦးတည်ချက်ထားရှိရမည်က စနစ်တစ်ခုသည် မြန်မာပြည်အတွက် သင့်တော်၏၊မသင့်တော်၏ဆိုသော မေးခွန်း မဟုတ်တော့ပါ။ စစ်တပ်က ဘာကိုအလိုရှိနေသလဲဟူသော မေး ခွန်းကသာ ပို၍ အရေးကြီးပါသည်။

အချိုးကျကိုယ်စားပြုမှုစနစ်ဖြစ်သည့် (proportional Representation (PR) စနစ်တွင်ပါတီတစ်ခု၊ ကိုယ်စားလှယ် တစ်ဦးသည် ရွေးကောက်ပွဲတွင် ရရှိသည့် မဲအရေအတွက် ရာခိုင်နှုန်းနှင့် ညီမျှသည့် အမတ်နေရာကို ရရှိနိုင်ကြပါသည်။ PR စနစ်ကို နိုင်ငံအများစု ကျင့်သုံးကြသည်မှာ သံသယဖြစ်စရာမရှိပါ။ PR စနစ်တွင် Open List နှင့် Close List ဟူ၍ စနစ်နှစ်မျိုး ရှိသည်။ Open List စနစ်တွင် ဆန္ဒမဲထည့် သူများက သူတို့စိတ် ကြိုက်ကိုယ်စားလှယ်များ၊ ပါတီများကို မဲပေးခွင့်ပြုထားသည်။ Close List စနစ်တွင် ပါတီကိုသာ မဲပေးနိုင်သည်။ လွှတ်တော် ထဲသို့ အရွေးချယ်ခံရမည့်အပိုင်းတွင် ပါတီစာရင်းထဲမှာ  မည်သူ ပါဝင်နေသည်ကို မဲထည့်သူများက မသိနိုင်တော့ပေ။

မြန်မာပြည်နှင့်သက်ဆိုင်သည့် PR စနစ်တွင် အများဆုံး ပြောဆိုနေသည့် အားသာချက်က ပါတီကြီးကြီး၊ သေးသေး ပါတီအားလုံးကို သူ့အချိုးအဆအတိုင်း ထည့်ထားသည့် ယ္တရားတစ်ခုဖြစ်သည်ဟူ၍ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးသွားသည့်နောက်တွင် ပါတီပေါင်းစုံသည် အစိုးရစနစ်တစ်ခုလုံးတွင် ပါဝင်ခွင့်ရသည်။ တစ်နည်းအားဖြင့် ပါတီငယ်လေးများအပေါ် ပါတီကြီးများက စိုးမိုးခြယ်လှယ်ခွင့်မပေးတော့ပေ။ ဥပမာဆိုရလျှင် အင်ဒိုနီးရှားကဲ့သို့ ဒီမိုကရေစီစနစ်ဆီသို့ ကူးပြောင်းနေသည့် နိုင်ငံများတွင် PR စနစ်ကိုကျင့်သုံးရာတွင် အသုံးဝင်ကြောင်းကို တွေ့ရ သည်မှာလည်းအမှန်ပင်ဖြစ်သည်။ အမတ်နေရာရရှိရေးအတွက် ယှဉ်ပြိုင်ရာတွင် ပါတီငယ်များကို အခွင့်အရေး ပေးနိုင်သည့်အတွက် ဖြစ်သည်။ ထိုသို့ဖြစ်သော်လည်း လူနည်းစုပါတီများ သည် များစွာအခွင့်အရေးရသည်ဟု မဆိုလိုပါ။ စစ်တပ်မှမဟုတ်ဘဲ သမ္မတအဖြစ် တင်မြှောက်ခံရသည့် နာမည်ကျော် Jokowi သည် ပါတီကြီးတစ်ခုမှဖြစ်သည်။

ထို့ပြင် မြန်မာပြည်မှာ PRစနစ်ကို မကျင့်သုံးမီတွင် ထိုစနစ်ကို ကြည့်ရှုရန်လိုသည့် အကြောင်းများစွာရှိပါသည်။ PRစနစ်ကို ကျင့်သုံးလိုက်လျှင် လတ်တလောတွေ့ကြုံလာရမည့် အခက်အခဲက လွှတ်တော်ထဲတွင် စစ်တပ်မှ ကိုယ်စားလှယ် ပါဝင်မှု ၂၅ရာခိုင်နှုန်းဖြင့် ဆက်လက်သွားနေမည့် အခက်အခဲဖြစ်ပါလိမ့်မည်။ ကြံ့ခိုင်ရေး ပါတီအဖွဲ့ဝင်များ သည် သန်း၂၀ကျော်နေပြီဟု ထုတ်ပြန်ထားမှုများရှိသည်။ ထိုသို့သာမှန်ကန်ခဲ့လျှင် စိုးရိမ်စရာဖြစ်သည်။ တိုင်းပြည် လူဦးရေ၏ သုံးတစ်ပုံက ပါတီတစ်ခု၏ အဖွဲ့ဝင်များဖြစ်နေသည်ဆိုလျှင် အခြားပါတီများ၏ ရပ်တည်မှု အခြေအနေမှန်ကို သေချာပေါက် မေးခွန်းထုတ်စရာဖြစ်လာသည်။ ထိုပါတီများထဲတွင် ဒီမိုကရေစီနည်းကျပါတီများနှင့် တိုင်းရင်းသား လူနည်းစုပါတီများပါသည်။

နောင်လာမည့် ငါးနှစ်နှင့် ငါးနှစ်အလွန်ကာလတွင် လူထုသည် သူတို့၏ဘဝကို မည်သို့နေထိုင်ရတော့မည်ကို ရွေးကောက်ပွဲက ထွက်ပေါ်လာမည့်ရလဒ်များက အဆုံးအဖြတ်ပေးလိမ့်မည် ဆိုသည်ကို သတိပြုထိုက်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်တစ်ခုရှိ မည့်သည့်အပြောင်းအလဲမဆို လူထုကိုတိုက်ရိုက်အကျိုး သက်ရောက်မှုရှိပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ တိုင်း ရင်းသားပေါင်းစုံရှိနေသည့် နိုင်ငံများတွင်သက်ရောက်မှုရှိပါ သည်။ ထို့ကြောင့် လက်ရှိစနစ်ကို ပြောင်းလဲရန်အတွက် လုပ်ဆောင်သည့် မည်သည့်လုပ်ရပ်ကိုမဆို ကန့်ကွက်ရန် တိုင်းရင်း သားလူနည်းစုပါတီများ စုစည်းလိုက်ကြသည်ဆိုလျှင် အကျိုးအကြောင်းသင့်ပါမည်လော။ သူတို့က အကျိုးအကြောင်းသင့်သည်ဟုသာ သေချာပေါက်ပြောဆိုပါလိမ့်မည်။ ပြောလည်း ပြောခဲ့ပါသည်။ နေပြည်တော်နှင့် ရန်ကုန်တွင် လူမျိုးစုခေါင်းဆောင် များနှင့် ကျွန်တော် စကားပြောကြည့်သည့်အခါတွင် သူတို့ ထိုသို့ ပြောဆိုခဲ့ကြသည်။

လူထု၏ နေ့စဉ်ဘဝသည် နိုင်ငံရေးနှင့် ရောယှက်နေသည် ကို မမေ့သင့်ပေ။ ၁၉၆၂ခုနှစ်ကတည်းက စတင်၍ ၂၀၁၁ ခုနှစ် အထိ စစ်အုပ်ချုပ်မှုအောက်တွင် နေထိုင်လာခဲ့ရသည့် နိုင်ငံတစ်ခု အတွက် ပို၍အရေးပါသည်။ ထို့ကြောင့် လက်ရှိရွေးကောက်ပုံစနစ် ကို အပြောင်းအလဲများလုပ်ရန် ကြိုးစားလာမှုသည် သူတို့အား ခြိမ်းခြောက်လာနေသည်ဟု တိုင်းရင်းသားများက ခံစားရခြင်း ဖြစ်သည်။ စိုးရိမ်ကြောင့်ကြမှုအချို့ဖြစ်ပေါ်လာခြင်းကို နားလည် လို့ရသည်။ ဏျွ စနစ်သည် မဲပေးမည့်သူများအတွက် အစိမ်းသက် သက်ဖြစ်နေရုံမျှမကဘဲ ထိုစနစ်သည် ယခုကျင့်သုံးနေသည့် ရွေး ကောက်ပွဲစနစ် Fast Past The Post (FPTP) ( မဲအများဆုံးရသူသာ ရွေးကောက်ပွဲအနိုင်ရသည့်) စနစ်ကဲ့သို့ တိုင်းရင်းသားအုပ်စုများကိုလည်း ကိုယ်စားပြုမှု အာမခံချက်မပေးနိုင်ပါ။

တိုင်းရင်းသားကိုယ်စားပြု ပါတီကိုယ်စားလှယ်များ၏မေးခွန်းများက တူညီနေသည်။

“ ကျွန်တော်တို့က ဘာကြောင့် မပူပန်ရမှာလဲ။ ပြည်နယ် အသီးသီးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဦးရေက တိုင်းပြည်လူဦးရေ စုစုပေါင်းရဲ့ တစ်ရာခိုင်နှုန်းအောက်မှာ ရှိတယ်။ အဲဒီလိုဆိုတော့ PR စနစ်နဲ့ဆိုရင် အမတ်တစ်နေရာ အတွက် (လိုအပ်တဲ့ သတ် မှတ်ချက်အဆင့်) အနိမ့်ဆုံးထောက်ခံမဲတောင် ရမှာမဟုတ်ဘူး”

အမျိုးသားလွှတ်တော်တွင် အမတ်နေရာခွဲဝေမှုသည် မျှတမှုမရှိဖြစ်နေသည်ဟု လူမျိုးစုနိုင်ငံရေး ခေါင်းဆောင် များက စောဒကတက်သည်။ ယခုကျင့်သုံးမည့် စနစ်သစ်နှင့်သာဆိုလျှင်       တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်များ လုံးဝကွယ်ပျောက် သွားတော့မည်။

တိုင်းရင်းသားလူနည်းစုပါတီများအားလုံးက PRစနစ်တွင် ကျင့်သုံးထားသည့် မဲခွဲဝေမှုစနစ်သည် လူနည်းစု ပါတီများကို အထောက်အပံ့ဖြစ်လိမ့်မည် မဟုတ်ကြောင်းကို အခိုင်အမာ ယုံကြည်ထားကြသည်။ ပါတီကြီးများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် NLD ပါတီတို့ကသာ လူနည်းစုပါတီများရနိုင်သည့် ဝေစုများကို ရရှိသွားလိမ့်မည်။       “ အဲဒီပါတီတွေရဲ့ ကိုယ်စားလှယ်တွေဟာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်နဲ့ လိုအပ်ချက်တွေကို ကိုယ်စားမပြုပါဘူး” ဟု လူနည်းစုတိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ကျွန်တော့်ကိုပြောသည်။

ယေဘုယျအားဖြင့် PR စနစ်ကို ဝေဖန်ချက်အများစုမှာ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့ရန်နှင့် ပါတီများ အကွဲကွဲအပြားပြားရှိနေမည်ဆိုသော စနစ်အပေါ်တွင်အခြေခံသည်။ PR စနစ်ကို ဆန့်ကျင်သည့် စောဒကတက်မှုများမှာ PR စနစ်သည် နိုင်ငံရေး ပါတီများ၏ မတည်ငြိမ်မှုကိုဖြစ်စေမည်၊ ဂိုဏ်းဂဏကွဲမှုကို ဖြစ်စေမည်ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ဖယ်ရှား၍ မရနိုင်သည့် နောက်ထပ်အချက်မှာ လူနည်းစုတိုင်းရင်းသားများ၏ တူညီနေသော နိုင်ငံရေးဖြစ်သည်။

လူနည်းစုတိုင်းရင်းသားများက သူတို့၏အမတ်ကို သူတို့ကိုယ်တိုင်ရွေးချယ်လိုသည်။ သူတို့သိကျွမ်းသည့် လူများ ကိုသာ သူတို့ရွေးချယ်လိုသည်။ “၀ လူမျိုးတွေက ၀ အရေးကိုပဲ အလေးထားချင်တယ်။ အခြားတိုင်းရင်းသားတွေကလည်း အဲဒီလိုပဲ” ဟု ‘ဝ’ ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ  ဆိုင်းပေါင်းနပ်ကရှင်းပြသည်။ ယခု ထည့်သွင်းစဉ်းစားနေသည့် PR စနစ်သည် ထိုသို့သောအခြေအနေကိုတားဆီးနေသည်ဟူသော အယူအဆ သူ့မှာရှိနေသည်။ အထူးသဖြင့် ပါတီကြီးများက ရွေးကောက်ပွဲများအတွင်း ညွန့်ပေါင်းအစိုးရဖွဲ့မည်ဟူသော ဖဲချပ်ကို ကစားရန် ကြိုးစားမည်ဆိုလျှင်ဖြစ်သည်။ ထို့ပြင်ထိုစနစ်သည် အလွန်မပြတ်မသားရှိသည်ဟု သူယုံကြည်ထားသည်။ ထို့ပြင် မဲ များက ပြန့်ကျဲသွားမည်။အချိုးကျခွဲဝေမှုစနစ်ဆိုသည့် အဓိပ္ပာယ် ကို ဖျက်ဆီးသွားတော့မည်။

မြန်မာနိုင်ငံတွင် အချို့သောတိုင်းရင်းသားများ နေထိုင်သည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုံများကို  သာဓက ယူ၍ ဆိုင်းပေါင်းနပ်က အရွှန်းဖောက်သည်။

“အဲဒီနယ်မြေ တွေနဲ့ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ ဘယ်သူမှမသိဘူး”

အလေးအနက်ပြောဆိုမှုတစ်ခုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများအားလုံးပါဝင်သည့် ထိုအုပ်စုများ၏ မဲအားလုံးသည်ပင်လျှင် PR စနစ်က ပြဋ္ဌာန်းထားချက်ကို ပြည့်မီနိုင်မည်မဟုတ်ဟု သူက ရှင်းပြသည်။

သို့သော်လည်း PR စနစ်မှာမည်သည့်အားသာချက်များရှိ သည်ကိုလည်း ဆွေးနွေးဖို့ လိုအပ်မည်ထင်သည်။ အဆုံးမှာတော့ ထိုစနစ်သည် အားလုံးပါဝင်နိုင်အောင် ရည်ရွယ်ထားခြင်းဖြစ်သည်။ ပါတီငယ်များ၊ ဘေးဖယ်ခံပါတီများနှင့် အမျိုးသမီးများလည်း ပါလီမန်ထဲတွင် ပါဝင်နိုင်သည်။

ပြောဆိုရန်လိုအပ်နေသည့် အခြားအချက်များစွာလည်းရှိသေးသည်။ ရွေးကောက်ပွဲစနစ်တစ်ခုအပေါ် ပြောဆိုဆွေးနွေးမှုများသည် ဆက်လက်ရှိနေပါဦးမည်။ သို့သော်ဆွေးနွေးရာတွင် မျက်ခြည်မပြတ်ဖို့လိုသည်မှာ ထိုစနစ်သည် ပါတီအကြီး၊ အငယ်များကို ဦးစားပေးရန် ရည်ရွယ်ထားခြင်းမဟုတ်ကြောင်းပင်ဖြစ်သည်။ ပါတီအားလုံးကို ညီတူညီမျှရှိစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ သို့သော် ကြံ့ခိုင်ရေးပါတီ၏လွှမ်းမိုးမှုကြောင့် အခြေခံ ဥပဒေပြင်ဆင်ရေး ပင်မလုပ်နိုင်၊ အရေးပါသည့် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်ပင် မသေချာမရောရာသည့် ယခုအခြေအနေတွင် ရွေးကောက်ပွဲစနစ်တစ်ခုကို ပြင်ဆင်ပြီး ရွေးကောက်ပွဲရှေ့ဆက်ဖို့ဆိုသည်မှာ ပြဿနာ၏ အဖြေထက် ပဋိပက္ခများ ဖြစ်လာနိုင်စရာအကြောင်းများသာ တိုးပွားလာပေလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်။)

[ends]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."