ရေအောက်မြို့တော်အတွက် ကြိုတင်ပြင်ဆင်ခြင်း

ရေအောက်မြို့တော်အတွက် ကြိုတင်ပြင်ဆင်ခြင်း

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Satire ဖြစ်ပါသည်။

ရန်လိုကျွဲ

ဆူးလေပန်းခြံကြီးမှာစည်ကားလှသည်။ ဤပန်းခြံသို့ မိမိ မရောက်ဖြစ် သည်မှာ ကာလအတန်ကြာပေပြီ။ ပန်းခြံသည် လာရောက် အပန်းဖြေသူ များနှင့် ဤမျှဤနှယ် ပြွတ်သိပ်နေမည်ဟု မိမိမထင်ခဲ့ပေ။ အရွယ်စုံသော လူအထွေထွေတို့သည် အရောင်စုံသော အဝတ်အစားတို့ကို ဆင်မြန်းကာ လာရောက်စုဝေး အနားယူနေကြသည်။ မျောက်မူးလဲ ပိစိကွေးတို့က လည်း သူတို့တာဝန် သူတို့ထမ်းဆောင်နေကြသည်။ ပန်းခြံ၏ မူလပိုင်ရှင် များ ဖြစ်ကြကုန်သော သမီးရည်းစား စုံတွဲတို့ကလည်း ဟိုနား တစ်တွဲ၊ ဒီနား တစ်တွဲ လက်ညှိုးထိုးမလွဲ ရှိကြလေကုန်၏။

ထိုစုံတွဲများကြောင့် မိမိ မျက်လုံးပြူးသွားရသည်။ ပြူးရ ခြင်း အကြောင်းရင်းကို ရှင်းပါမည်။

ပြောင်းလဲနေသော ခေတ် ဖြစ်သောကြောင့် သိသိသာသာ ပြောင်းလဲလာသည့်အရာများထဲတွင် စုံတွဲတို့၏ နေပုံ ထိုင်ပုံ လည်း ပါဝင်သည်။ ရန်ပုံမြို့တော်ကြီးရှိ သမီးရည်းစားတို့ ပန်းခြံ တွင် ချိန်းတွေ့ကြလျှင် ပူးကပ်ပြီး ထိုင်ခဲ့ကြ၏။ ယခုတွင် ထိုသို့ မဟုတ်တော့ချေ။ စုံတွဲတို့သည် တစ်ဦးအပေါ်တစ်ဦး ထပ်ပြီး ထိုင်နေကြလေပြီ။ အမျိုးသားက မြက်ခင်းပြင်ပေါ် ခြေဆင်း ထိုင်သည် သို့မဟုတ် တင်ပျဉ်ခွေထိုင်သည်။ သူ၏ ပေါင်ပေါ်တွင် အမျိုးသမီးက ထိုင်၏။ တစ်ဦးနှင့်တစ်ဦး ကလူ၏။ မြှူ၏။ စကား တွတ်ထိုး၏။ အလွမ်းသယ်သည်လည်း ရှိ၏။

လူမြင်ကွင်းတွင် ထိုသို့ ထိုင်တော်မူနေကြသော  ချစ်တတ် သူတို့သည် ပတ်ဝန်းကျင်ကို ဖုတ်လေသည့်ငါးပိ ရှိသည်ဟုပင် ယူဆကြပုံမရချေ။ ထိုမျှပင် မကသေး၊ တချို့က အားပါးတရ ဖက် ထားကြသည်၊ ပြီးတော့ လက်ဝါးကြီးအုပ်ရုပ်သံဌာန ဘာသာပြန် ရာတွင် သုံးသည့် သူတို့၏ ကိုယ်ပိုင်စကားလုံး ငှားသုံးရလျှင် တစ်ဦးနှင့် တစ်ဦး “အကြင်နာ ပေးကြ”၊ ကြည်နူးနေကြလေသည်။ ဤမြင်ကွင်းမျိုးသည် မိမိအတွက် အသစ်အဆန်း ဖြစ်နေ၏။ မိမိ သူတို့ကို ရဲရဲ မကြည့်ရဲသော်လည်း မြင်နေရ၏။ အရပ်ရှစ်မျက်နှာ တွင် စုံတွဲများ ထပ်ပြီး ထိုင်နေကြသည် မဟုတ်လော။

 

ရှိန်းတိန်းတိန်း ဖိန်းတိန်းတိန်း ဖြစ်လာသော မိမိလည်း   ဆော့ကစားနေသော ကလေးတစ်သိုက်ကို ရှောင်တိမ်းပြီး လမ်း ဆက်လျှောက်ခိုက် ထိုင်နေသည့် စုံတွဲတစ်တွဲကို  ခလုတ်တိုက်မိ မလို ဖြစ်ကာ ဟန်ချက်ပျက်သွား၏။ အကျအန ထပ်ပြီး ထိုင်နေ ကြသော ထိုစုံတွဲက မိမိကို ဂရုစိုက်မိဟန် မတူ။ သေချာကြည့် လိုက်ရာ အောက်မှ အမျိုးသားသည် မိမိနှင့် ရင်းနှီးသော သတင်း ထောက်ဟောင်း ပြာသိုကြည်တင် ဖြစ်နေလေသည်။

 

““ဟာ…ဟာ… ဟေ့ကောင် ပြာသိုကြည်တင်၊ မတွေ့တာ ကြာလှပေါ့””

““ဟာ… ဆရာကျွဲ။ ဟုတ်တယ်ဗျာ၊ မတွေ့တာကြာပြီ””

မိမိတို့ အပြန်အလှန် ပြောဆိုကြသော်လည်း အနေအထား က အူကြောင်ကြောင်နိုင်လှသည်။ သို့သော်လည်း ပေါင်ပေါ်ထိုင် နေသော သူ့ချစ်ချစ်က ထိုအခိုက်အတန့်မှာပင် ““ခဏနေ ပြန် လာမယ် သိုသို””ဟု ပြောဆို၊ ပါးတစ်ဖက်ကို အကြင်နာပေးပြီး ထထွက်သွားရာ မိမိလည်း ပြာသိုကြည်တင်နှင့် ကျန်ရစ်ခဲ့လေသည်။ မိမိ အသက်ရှူနည်းနည်းချောင်သွားသည်။

 

နှစ်ယောက်တည်း ကျန်သည်နှင့် မိမိက ပြာသိုကြည်တင် ကို ပွင့်ပွင့်လင်းလင်း ပြောဖြစ်၊ ဝေဖန်ဖြစ်သည်။

““မင်းတို့ဟာက ထိုင်သူမရှက် မြင်သူရှက် ဖြစ်နေပြီ ပြာသို ကြည်တင်ရေ””

““ဆရာကျွဲက လုပ်ချလိုက်ပြန်ပြီ။ ယိုသူမရှက် မြင်သူရှက် ဆိုတာပဲ ကြားဖူးပါတယ်။ ကျုပ်တို့က ယိုနေတာမှ မဟုတ်တာ၊ တကယ်တော့ ရိုနေကြတာပါ။ အင်္ဂလိပ်လို ပြောရရင် Very Romantic ပေါ့ဗျာ။ သိတယ်မဟုတ်လား၊ ဟဲ ဟဲ ဟဲ””

““ယိုတာပဲ ဖြစ်ဖြစ်၊ ရိုတာပဲ ဖြစ်ဖြစ်၊ မင်းရဲ့ပေါင်ပေါ်မှာ သူ က ထိုင်နေတယ်လေကွာ၊ မြင်လို့ မတင့်တယ်ပါဘူး ပြာသိုကြည် တင်ရယ်””

““ဟာဗျာ၊ လာနောက်နေပြန်ပြီ။ ဒီခေတ်မှာ ဒီလိုပဲ ထိုင်နေ ကြတာ ဆရာကျွဲ မသိဘူးလား။ ဒီပန်းခြံက သက်တမ်း နှစ် ၁၀၀ ကျော်ပြီ၊ ပန်းခြံပေါ်စတုန်းက အတွဲတွေ မလာကြဘူး၊ အနှစ် ငါး ဆယ်လောက် ကြာမှ အတွဲတချို့ ရောက်လာတယ်၊ ဒါတောင်မှ တစ်ယောက်နဲ့တစ်ယောက် လူမြင်ကွင်းမှာ ပခုံးဖက် ခါးဖက်ကြဖို့ နေနေသာသာ လက်တောင် ကိုင်ကြတာ မဟုတ်ဘူး။ ၇၅ နှစ် လောက် ကြာတော့ လက်ကိုင်တဲ့အဆင့်ကို ကျော်သွားပြီ။ ပန်းခြံ နှစ် ၁၀၀ ပြည့်ချိန်မှာတော့ စုံတွဲတွေဟာ အသားကပ်ကော်နဲ့ ကပ်ခံထားရသလို ပူးပူးကပ်ကပ် နေကြတဲ့ အဆင့်ကို ရောက်လာ တယ်။ ဟော…ရာပြည့်လွန်မြောက်ပြီးချိန်မှာတော့ အခြေအနေ အရ အမျိုးသားပေါင်ပေါ် အမျိုးသမီးက ထိုင်သဗျ””

နှစ် ၁၀၀ ကျော် ခေတ်ရေစီးကြောင်းကို စက္ကန့် ၁၀၀ အတွင်း ပြောပြခြင်း ဖြစ်ကြောင်း၊ လူဆိုသည်မှာ ခေတ်နှင့် လိုက် လျောညီထွေဖြစ်အောင် နေသင့်ကြောင်း၊ ရေစီးကြောင်းအတိုင်း လိုက်ပါခြင်း မရှိပါက ကျန်ခဲ့မည် ဖြစ်ကြောင်း ရှင်းပြ၏။

 

ပိန်ပိန်သေးသေး ပြာသိုကြည်တင်ထံမှ ဧရာမစကားလုံး ကြီးတချို့  ထွက်လာသဖြင့် မိမိလည်း မည်သို့ ဆက်ပြောရမည်မသိ ဖြစ်သွားသည်။ တခြားသော စုံတွဲတို့က ထပ်ပြီး ထိုင်ကြသဖြင့် သူ တို့အတွဲကလည်း အလားတူ ထိုင်ခြင်းဟု ဆိုလိုခြင်းပေလော၊ ဟင်္သာဖိုပေါ် ဟင်္သာမ ရှိနေဟန် ရုပ်တု ခေတ်စားနေလေပြီလော မိမိ မသိတော့ပေ။ သူ့အဖြေကို မိမိ ဘဝင်မကျ။ သို့သော်လည်း ပန်းခြံထဲမှ စုံတွဲတို့၏ လူမြင်ကွင်း နေထိုင်ပုံအကြောင်း ပိုမို သိရှိ ရန်သူနှင့် ဆက်ပြီး စကားဝိုင်းဖွဲ့ပါက သင့်တော်မည်ဟု တွေးမိသည်။

အတွဲများ ထိုင်ပုံထိုင်နည်း ပြောင်းလဲလာမှုဖြစ်စဉ်ကို အကျဉ်းချုံး ရှင်းပြသည့် ပြာသိုကြည်တင်က အဆိုပါ ဖြစ်ထွန်း တိုးတက်မှုသည် ရန်ပုံမြို့တော်ကြီးတွင် ပေါ်ပေါက်နေသော ယာဉ် ရပ်နားမှု အခက်အခဲ၊ ရန်ပုံမြစ်မြောက်ဘက် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရေးတို့နှင့် ဆက်စပ်နေသည် ဟူ၏။

ပါးပါးလှပ်လှပ် ပြာသိုကြည်တင်ထံမှ အဆက်မပြတ်ထွက် လာသော မဟာ့မဟာ စကားလုံးကြီးများမှာ စိတ်ဝင်စားဖွယ် ကောင်းနေတော့သည်။

 

““ဆရာကျွဲရေ၊ နေ့ခင်းဘက် ရန်ပုံမြို့လယ်မှာ တရွေ့ရွေ့ သွားနေတဲ့ မော်တော်ကားတွေက ဓာတ်ဆီပေါလို့ လျှောက်သွား နေတယ်  ထင်သလား။ ရပ်စရာနေရာရဖို့ တစ်လမ်းဝင် တစ်လမ်း ထွက် လိုက်ရှာနေတဲ့ကားက အတော်များတာဗျ။ ဒါကို လုံခြုံရေး ယာဉ်တန်းတဝီဝီနဲ့ သွားနေတဲ့ နိုင်ငံရေးသမားတွေ သိပ်သိတာ ပေါ့။ သိပေမယ့် သူတို့လည်း စီးပွားရေး ဦးစားပေးနေကြဟန် တူ ပါတယ်ဗျာ””

အစိုးရသည် ရန်ပုံမြို့ကြီးကို မြို့တော်အင်္ဂါရပ်နှင့်ညီစေရန် ယာဉ်ရပ်နားသည့် အဆောက်အအုံ အနည်းငယ်  ပေါ်ပေါက်လာ ရန် စီမံသင့်သည်၊ ထိုသို့လုပ်ရမည့်အစား ယာဉ်ကြောပိတ်ဆို့မှု ပိုမို ကြီးထွားစေနိုင်သည့် အထပ်မြင့်တိုက်ကြီးများ နေရာအနံှ့ ဖြစ်ပေါ်ရေးကို ဦးစားပေးနေသောကြာင့် ရန်ပုံအစိုးရကို အလွန် တရာ အံ့သြမိသည်ဟု ပြာသိုကြည်တင်က ဆို၏။

 

““ဟုတ်ပါပြီ မောင်ပြာသိုကြည်တင်ရယ်၊ ငါတို့ ရန်ပုံမြို့ တော်ကြီးဟာ ကားရပ်စရာမရှိ၊  မိုးမျှော်တိုက်တို့သာရှိ၏ ဆိုပါ တော့ကွာ။ အဲဒါ ပြဿနာပဲ။ ငါ လက်ခံပါတယ်။ ကဲ … ဒီတော့ မင်းတို့ရည်းစားတွေ မင်းတို့ပေါင်ပေါ် တက်ထိုင်နေကြတာက အဲဒီပြဿနာနဲ့ ဘယ်လို ဘယ်လို သက်ဆိုင်နေသလဲ။ ရှင်းပြစမ်း””

““ဆရာရေ၊ အဲဒီပြဿနာက ရန်ပုံမှာ နေရာ ရှားပါး လာနေပြီ ဆိုတဲ့အကြောင်း  သိသိသာသာ အချက်ပေးလိုက်တာပဲ။ ဒီလို ရှားပါးလာပြီဆိုတော့ အနာဂတ်မှာ နေတတ် ထိုင်တတ် အောင်လို့ အခုလို ကျုပ်တို့ သမီးရည်းစားတွေက ကြိုတင် လေ့ ကျင့်နေကြတာပေါ့။ ကျုပ်တို့ရည်းစားတွေက ကျုပ်တို့ ပေါင်ပေါ် ထိုင်လိုက်တဲ့အတွက် နေရာ ချွေတာရာ ရောက်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ဟောဒီပန်းခြံကိုပဲ ကြည့်လေ။ အတွဲတွေ အတွဲတွေ ဒီလိုမျိုး ထိုင်ကြလို့ နေရာ ပိုထွက်လာပြီး တခြားလူတွေ အပန်းလာဖြေနိုင်ကြတယ်၊ ခိုအိမ်လို အခန်းပိစိထဲ အောင်းနေရ တဲ့ အညောင်းမိ ကလေးတွေလည်းလာပြီး ပြေးလွှား ဆော့ ကစားနိုင်ကြတယ် မဟုတ်လား””

““မင်းပေးတဲ့ ဆင်ခြေကလည်း ယုတ္တိ ရှိမလိုလိုနဲ့ မရှိလိုက် တာ။ ပန်းခြံမှာ လူတွေ ပြွတ်သိပ်နေတယ် ဆိုတာက ပန်းခြံ အရေ အတွက် နည်းနေလို့ပါ။ တိုးချဲ့ ဆောက်ပေးလိုက်ရင် အဆင်ပြေ သွားမှာပါ၊ အဲဒါဆိုရင် မင်းတို့လည်း လူမြင်ကွင်းမှာ တစ်ယောက် ပေါင်ပေါ် တစ်ယောက် ထိုင်ကြတဲ့နည်းနဲ့ နေရာ ချွေတာပေးရတဲ့ ဒုက္ခကနေ လွတ်ကင်းမှာပါ””

မိမိ ထိုသို့ ချေပသော်လည်း အဆိုရှင် ပြာသိုကြည်တင်က သဘောတူဟန် မရှိပေ။ ဒီဘဲကြီးနဲ့ ပြောရတာ လက်ပေါက်ကပ် တယ်ဟူသော မျက်နှာပေးနှင့် မိမိကို ပြန်ကြည့်နေလေသည်။

ထို့ကြောင့် မိမိလည်း သူ့ကို စကားလုံးကြီးကြီးနှင့် ပြန် လည် ကိုင်ပေါက်ရလေတော့သည်။

““မင်းတို့ရဲ့ စိုးရိမ်ပူပန်မှုကို ရန်ပုံအစိုးရအဖွဲ့ကလည်း ကူညီ ဖြေရှင်းပေးတော့မှာပါ။ ရန်ပုံမြစ် မြောက်ဘက်မှာ မြို့သစ်စီမံ ကိန်း အကောင်အထည်ဖော်ပေးမယ်တဲ့။ အဲဒီ စီမံကိန်းက အတော်လေး ခရီးပေါက်နေပြီ ငါ့လူ။  လုပ်စားကြမယ့်သူဌေးတွေ အဲ … လှုပ်ရှားကြမယ့် သူဌေးတွေက စီမံကိန်းပြီးရင် အလုပ် အကိုင် သန်းနှစ်ဆယ်လောက် ပေါ်လာမယ်လို့ ကတိပေးနေကြ တယ်။ မြို့သစ်တွေ ဘာတွေ တိုးချဲ့ပြီးရင် ရန်ပုံဆိုတာ စင်ကာပူ နိုင်ငံရဲ့ ငါးဆလောက် ဖြစ်လာလိမ့်မယ်တဲ့။ နေချင့်စဖွယ် မဟာ့ မဟာရန်ပုံမြို့ကြီး ဖြစ်လာမှာကွ””

““ဆရာကျွဲရေ၊ အဲဒီ မြို့သစ်စီမံကိန်း ဆိုတာကြီးကြောင့် ကျုပ်တို့ သမီးရည်းစားများကွန်ရက်ဆိုတာကို ဖွဲ့စည်းပြီး နေရာ ချွေတာရေးလှုပ်ရှားမှု ဖော်ဆောင်နေရတာပေါ့””

““ဟင်…ဘာလဲ၊ မြို့သစ်စီမံကိန်း ပေါ်လာမယ်ဆိုတာကို မင်းက မယုံဘူးလား””

““ယုံလွန်းလို့ ခက်နေတာပေါ့ ဆရာကျွဲရ””

မြို့ပြဖွံ့ဖြိုးရေး လုပ်ဆောင်ရာတွင် ပညာရှင်များနှင့် တိုင် ပင်ပြီး လုပ်ကိုင်သည့် နိုင်ငံတချို့ပင် ပြဿနာ အများအပြား ရှိသည်ဟု သူက ထောက်ပြသည်။ အများတကာက မိုးမျှော်တိုက် လှလှပပများကိုသာ မြင်တတ်ကြပြီး နောက်ကွယ်တွင် ဖြစ်ပေါ် နေသည့် ပြဿနာတို့ကို မမြင်ကြဟု သူက ကြီးကြီးကျယ်ကျယ် ဆို၏။

စင်ကာပူသည် အချက်အချာကျသည့်နေရာတွင် တည်ရှိ သောကြောင့် စီးပွားရေးဖွံ့ထွားလွန်းကာ  လွန်စွာ နေချင့်စဖွယ် ကောင်းကြောင်း၊ သို့သော်လည်း မြို့ပြ တည်ဆောက်မှု လိုငွေပြ၊ အရှုံးပေါ်ခြင်းကြောင့် စင်ကာပူအစိုးရက ဒေါ်လာသန်းနှစ်ထောင် ကျော် စိုက်ထုတ်ခဲ့ရကြောင်း၊ ဒုက္ခသီရိကဲ့သို့ ငမွဲနိုင်ငံသည် ပြာပုံ ဆက်တိုးရန် အလားအလာများကြောင်း ပြာသိုကြည်တင်က ရှင်းပြ၏။ လူတို့သည် နောက်ကွယ်မှပြဿနာကို မကြည့်ကြဟု လည်း ဆို၏။

 

““ကဲ ကဲ ကဲ… လိုရင်းပြောစမ်းပါ မောင်ရင်ရယ်””

““ရန်ပုံမြို့သစ်စီမံကိန်း အတွက် လျာထားတဲ့ နေရာက မြေနိမ့်ဒေသ ဖြစ်နေတယ်ဗျ။ မြို့သစ် တည်ဆောက်ပြီးရင် ဖဲကြိုး ဖြတ်ဖွင့်လှစ်တဲ့ အခမ်းအနားကိုတောင် ရေထဲမှာ လုပ်ရမယ့် အလားအလာ ရှိတယ်။  အနာဂတ်မှာ အဲဒီနေရာ ရေဝပ်မယ်ဆိုရင် အဲဒီ နေရာသစ်ကို ရောက်နေတဲ့လူတွေ၊ ကားတွေက ဟောဒီ ရန်ပုံမြို့ဟောင်းဘက် လာပြီး ခိုလှုံကြမှာ သေချာတယ်။ အဲဒါဆို ရင် သောက်ပြဿနာပဲ။ ကန်တော့ပါရဲ့။ နေရာ ရှားပါးလွန်းလို့ ကျုပ်တို့တွေ အခုလို နှစ်ယောက်ထပ်ပြီး ထိုင်နိုင်ကြမယ်တောင် မထင်ဘူး။ လေးယောက်ထပ်တို့၊ ခြောက်ယောက်ထပ်တို့ ဖြစ် သွားနိုင်တယ်””

မိမိလည်း သူပြောပြမှ မြို့သစ်စီမံကိန်း၏ အားနည်းချက် တို့ကို ပြန်သတိရသွားသည်။ ရေရှည်အတွက် အမြော်အမြင်ကြီး လွန်းသော ပြာသိုကြည်တင်ကိုလည်း ကြိတ်ပြီး လေးစားသွားမိ ကြောင်း ဝန်ခံရပေမည်။ ဤလူငယ်လေးများ ရှိခြင်းမှာ  မိမိတို့ ဒုက္ခသီရိနိုင်ငံတော်ကြီးအတွက် ဝမ်းမြောက်ဖွယ် ဂုဏ်ယူဖွယ် မဟုတ်လော။ ရန်မျိုးစုံ ပုံနေသောကြောင့် ရန်ပုံမြို့ဟု အမည်တွင် နေသည့် မိမိတို့၏ မြို့တော်ကြီး နေချင်စဖွယ်ဖြစ်ရေး ဆောင်ရွက် နေချိန်တွင် ပြာသိုကြည်တင်ကဲ့သို့သော လူငယ်လေး ရှိခြင်းမှာ ဘုရားပေးသောဆုဟု ဆိုရခြိမ့်မည်။

 

ထိုသို့ ကြိတ်ပြီး လေးစားနေခိုက် သူ့ရည်းစား ပြန်ရောက် လာသည်။ ပြာသိုကြည်တင်၏ ရင်ခွင်အတွင်းတိုးဝင်ကာ ပေါင် ပေါ် ထိုင်လိုက်သည်။

သူတို့နှစ်ဦး ထိုင်ပုံထိုင်နည်းကို မိမိ ကြည့်ရဲစ ပြုလာသော် လည်း သူတို့နှစ်ဦး၏ ကြည်နူးဖွယ်အနေအထားကို အနှောင့် အယှက် မပြုလိုသဖြင့် နှုတ်ဆက် ထွက်ခွာခဲ့လေသည်။

ပန်းခြံအပြင်သို့ ထွက်ရာလမ်းတွင်လည်း ထပ်ပြီး ထိုင်နေ ကြသော စုံတွဲတို့ကို မိမိ ကျော်ဖြတ်ခဲ့ရ၏။

မြို့တော်ရန်ပုံ၏ ညနေပိုင်းသည် ပန်းခြံအတွင်း အထပ် လိုက် အထပ်လိုက် ထိုင်ကာ ကြည်နူးပြုံးပျော် တွတ်ထိုးနေကြ သော စုံတွဲတို့ကြောင့် ပိုမိုသာယာလှပနေလေတော့သည်။     

 

(စာကြွင်း။  ။ မိတ်ဆွေ စာရှုသူ၊ အနာဂတ် ရေအောက် မြို့တော်အတွက် ကြိုတင်ပြင်ဆင်ရေးတွင် မတူကွဲပြားနည်းလမ်း တစ်ခုခုကို စိတ်ကူးမိပါက သို့မဟုတ် လက်တွေ့ကျင့်သုံးနေပါက မိမိထံသို့ မပျက်မကွက် ဆက်သွယ်စေလိုပါသည်။ ထိုနည်းလမ်း ကို အများသိစေရန်   တင်ဆက်ဖော်ပြရာတွင် လိုလိုလားလား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရေအောက်မြို့တော်သစ်ကြီး စီမံ ကိန်းကို ကြိုဆိုကြပါစို့။)

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."