၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Forgotten ဖြစ်ပါသည်။
ခေတ်က အဆက်မပြတ်တိုးတက်နေတယ်။ မနေ့ကနဲ့ ဒီနေ့မတူသလို ဒီနေ့နဲ့ မနက်ဖြန်လည်း ကွာ ခြားတယ်။ ရှော့ ပင်းမောလ်က နောက်ဆုံးပေါ် ကုန် ပစ္စည်းတစ်ခု ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဒိတ်အောက်တဲ့ ခေတ်ဖြစ်နေပြီ။ ၂၁ ရာစု လူသားတွေက တီထွင်မှုမှာ ဝါသနာထုံကြ တယ်။ ဆန်းသစ်မှုမှာ ပါရမီပါကြ တယ်။ သူ့ထက်ငါ အပြိုင် ဆန်း သစ် တီထွင် နေကြတယ်။ လူတို့တီထွင်ခဲ့တဲ့ ကုန်ပစ္စည်း တွေထဲမှာ အချိန် ကာလတာရှည်ကြာအောင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို လွှမ်း မိုးခဲ့တဲ့ကုန်ပစ္စည်းတစ်ခု ရှိခဲ့ဖူးတယ်။ တောရော မြို့ပါ အသုံး တည့်တဲ့ ပစ္စည်းဖြစ်ခဲ့ရုံမက သုံးစွဲသူတွေကို အမှန် တကယ်လည်း အကျိုးပြုခဲ့တယ်။ ဘာ ပစ္စည်းဖြစ်မယ်လို့မိတ်ဆွေတို့ ထင်ကြ ပါသလဲ။
ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အမှန်တကယ် အကျိုးပြု ခဲ့တဲ့ လူတို့ တီထွင်ခဲ့တဲ့ ပစ္စည်းက ဘက်ထရီအိုးတွေ ဖြစ်ပါတယ်။ ဘက်ထရီအိုးတွေက ကျွန်တော်တို့ဘဝမှာ အရေးပါ အရာရောက် ခဲ့တယ်။ ဘက်ထရီအိုးက ပေးတဲ့ အလင်းရောင်နဲ့ ကျွန်တော်တို့ စာကျက်ခဲ့ရတယ်။ ဘက်ထရီအိုးက ပေးတဲ့ လျှပ်စစ်အားနဲ့ ကက် ဆက်တွေ ဖွင့်ပြီး နားထောင်ခဲ့ရတယ်။ ကျေးလက်ညတွေမှာ ဘက်ထရီအိုး အလင်းရောင်နဲ့ပဲ ငါးရှာ၊ ဖားရှာခဲ့ကြရတယ် မဟုတ်ပါလား။
ကျွန်တော် အလယ်တန်းကျောင်းသားဘဝ (၁၉၈၅-၈၆) မှာ ဘက်ထရီအိုးတွေနဲ့စပြီး ရင်းနှီးခဲ့တယ်။ အဲဒီခေတ်က လျှပ် စစ်မီတာ ရှိသူရော မီတာ မရှိသူပါ အိမ်တိုင်းစေ့နီးပါး ဘက်ထရီ အိုးတွေ ဆောင်ထားကြရတယ်။ ရပ်ကွက်ထဲမှာ အိမ်ခြေ ၂ဝဝ ရှိ ရင် လျှပ်စစ်မီတာ ရှိတဲ့ အိမ်က ၅ဝ မပြည့်ဘူး။ မီတာရှိတဲ့ အိမ်က နေ အိမ်နီးချင်းတွေက နားလည်မှုနဲ့ ခွဲဝေမျှတပြီး သုံးစွဲခဲ့ကြရ တယ်။ တကယ်တော့ လျှပ်စစ်မီတာတစ်လုံးကို အဲဒီလို မျှဝေ သုံးခွင့် မရှိဘူး။ ဒါပေမဲ့ ရေနံဆီမီးခွက်တို့၊ ဖယောင်းတိုင်မီးတို့ ထက်စာရင် အလင်းဓာတ်လည်း ပိုရပြီး ဈေးလည်း သက်သာ တော့ ဒီလိုပဲ အိမ်နီးချင်းတွေ မျှဝေပြီး သုံးကြရတာပဲ။ သက်ဆိုင် ရာက လာစစ်တော့လည်း ဝါယာကြိုးတွေ ဖြုတ်ပြီး ခွေထားလိုက် ကြတာပေါ့။ စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားတော့လည်း ဒုံရင်း ဒုံ ရင်းပါပဲ။
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ခေတ်မှာ လျှပ်စစ်မီ တာ လျှောက်ရတာလည်း ရပ်ကွက်ထဲက သာမန်လူတွေအဖို့ ခက်ခဲရှုပ်ထွေးလိုက်တာ။ ပိုက်ဆံရှိတိုင်းလည်း လျှောက်လို့ရတာ မဟုတ်ဘူး။ ထောက်ခံစာတွေ တစ်ထပ်ကြီးအပြင် နိုင်ငံရေး ဦး ဆောင်ပါတီကြီးရဲ့ တင်းပြည့်ပါတီဝင် ဖြစ်ကြောင်း မြို့နယ်ပါတီ ယူနစ်ရဲ့ ထောက်ခံချက်ကလည်း လိုသေးတာကလား။ လျှောက် လွှာတွေ တစ်ထပ်ကြီးနဲ့ မီတာတပ်ဆင်ခွင့် လျှောက်ထားပေမယ့် ရချင်မှ ရတာ။ ဗြဟ္မာ့ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ် စင်း ထိချင်ထိသွားနိုင်တယ်၊ မီတာတစ်လုံးတပ်ဆင်ခွင့် ရဖို့က တော့ မလွယ်လှဘူး။
လျှပ်စစ်မီတာ ရပြန်တော့လည်း လျှပ်စစ်မီးက မမှန်ဘူး။ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးတယ်။ အလှည့်ကျ ဆိုပေမယ့် ပျက်ရမယ့် အချိန်မှာ အတိအကျ ပျက်မှာ ဖြစ်ပြီး လာရမယ့် အချိန်မှာလည်း အခန့်မသင့်ရင် ပျက်သွားနိုင်တယ်။ တကယ်လို့ မီးလာရမယ့် အချိန် လာပြန်ရင်လည်း မီးအားက မပြည့်ဘူး။ လျှပ်စစ်မီတာရှိတဲ့ အိမ်တိုင်း မီးအားမြှင့်စက်တွေ မဖြစ်မနေ ဆောင်ကြရပြန်တယ်။ မီးအားမြှင့်စက်နဲ့ ဆွဲညှစ်ပါမှ လျှပ်စစ်မီး က ခရမ်းချဉ်သီးလောက် လင်းတယ်။ မီးအားမြှင့်စက်နဲ့ ဘယ်လို မှ ညှစ်လို့မရနိုင်အောင် လျှပ်စစ်ဓာတ်အား နည်းတာမျိုးတွေ လည်း ကြုံတွေ့ရတယ်။ လျှပ်စစ်ဓာတ်အားက ပုံမှန်အားဖြင့် ၂၂ဝ ဗို့ ရှိရမှာ ဖြစ်ပေမယ့် ရွှေပြည်ကြီးမှာ ဘယ်တုန်းကမှ ပုံမှန် မရှိခဲ့ ဘူး။ အဝင်အား ၃ဝ ဗို့ ၄ဝ ဗို့တွေဆို မီးအားမြှင့်စက်ကလည်း ဘယ်လိုမှ မြင့်အောင် ဆွဲတင်ပေးလို့ မရနိုင်ဘူး။ အဲဒီအခါမျိုးမှာ ဂန္ဓာလရာဇ်ပြည်ဖြစ် အကြည်သီးဆိုတဲ့ လျှပ်စစ်မီးသီးတွေက အရှေ့မြောက်ကုန်သည်လေနဲ့အတူ ဈေးကွက်ထဲကို ဝင်ရောက် လာတယ်။ အခုခေတ်စားနေတဲ့ မီးချောင်းအကွေးတွေတို့၊ အယ်လ်အီးဒီ မီးသီးတို့ဆိုတာ ဘယ်ဆီနေမှန်းတောင် မသိသေး တဲ့ ကာလ။
အကြည်သီးဆိုတဲ့ လျှပ်စစ်မီးသီးတွေ မပေါ်ခင်မှာ အလင်း ရောင်အတွက် နေရှင်နယ်တံဆိပ် ၄ဝ ဝပ်၊ ၆ဝ ဝပ် မီးသီးတွေ သုံး ခဲ့ကြရတယ်။ တချို့အိမ်တွေကတော့ နှစ်ပေမီးချောင်း သုံးကြတာ ရှိတယ်။ လေးပေမီးချောင်းသုံးသူက မရှိသလောက် ရှားတယ်။ နီယွန်မီးချောင်းဆိုတာ ကျွန်တော်တို့မြို့မှာ စက်မှုလက်မှုလုပ်ငန်း ရှင်ကြီးတစ်ယောက်သာ သုံးသေးချိန်ပေါ့။ အဲဒီခေတ် အဲဒီအခါ က စက်မှုလက်မှု လုပ်ငန်းဆိုင်းဘုတ်ကို နီယွန်မီးချောင်းတွေနဲ့ အလှဆင်ထားတာ ခေတ်ရှေ့ သိပ်ပြေးသူလို့တောင် ဆိုနိုင်တယ်။ ကျွန်တော်တို့ ငယ်ဘဝတွေမှာ သူ့ရဲ့ နီယွန်မီးဆိုင်းဘုတ်ကြီး မြင် တိုင်း အံ့သြဘနန်း ဖြစ်ကြရတယ်။ နှစ်ပေမီးချောင်းတွေကလည်း အခုခေတ်လို ခလုတ် ဖြောက်ခနဲ နှိပ်လိုက်ရုံနဲ့ ဖျတ်ခနဲ ချက်ချင်း လင်းတာ မဟုတ်ဘူး။ မျက်တောင်ပုတ်ခတ် လုပ်နေသေးတာ။ စတပ်တာထဲက ဝါယာကြိုးနှစ်စကို မီးလင်းအောင် ခတ်ကြရ သေးတယ်။ အဲဒီလို လုပ်လို့မှမရရင် မီးချောင်းကို လက်နဲ့ကိုင်ပြီး လှည့်ရသေးတယ်။ တစ်နေ့ အမှု မဟုတ်တော့ မိန်းမသားတွေ များတဲ့ အိမ်က အကြည်သီးတွေပဲ တပ်ထားလိုက်ကြတယ်။
နေရှင်နယ်တံဆိပ် မီးသီးတွေက အနောက်သီးတွေ ဖြစ်လို့ မီးသီးအတွင်းကို မမြင်ရဘူး။ အကြည်သီးတွေကတော့ ဖန် အကြည်နဲ့ လုပ်ထားလို့ မီးသီးအတွင်းမှာ ပါတဲ့ တန်စတင်ကိုပါ မြင်နေရတယ်။ လျှပ်စစ်အဝင် အားနည်းချိန်မှာ နေရှင်နယ်မီးသီး တွေက ဘယ်လိုမှ အဆင်မပြေဘူး။ အကြည်သီးတွေမှာလည်း အားနည်းချက် ရှိတယ်။ နေရှင်နယ်တံဆိပ် မီးသီးတွေက နှစ် ပေါက်အောင် ခံပေမယ့် အကြည်သီးတွေကတော့ တစ်လကိုးသီ တင်းတောင် မခံချင်ဘူး။ အခန့်မသင့်ရင် တစ်ပတ် ဆယ်ရက် အတွင်းမှာပဲ မီးသီးက ကျွမ်းသွားလေ့ရှိတယ်။ လျှပ်စစ်မီးအား ဆောင့်တက်ရင်လည်း အကြည်သီးတွေက ဖောင်းခနဲ ပေါက် ထွက်တာပဲ။ ဒါပေမဲ့ အကြည်သီးက လွဲရင်လည်း ရွေးချယ်စရာ မရှိပြန်ဘူး။
မီးပျက်တဲ့ ရက်တွေမှာတော့ ဘက်ထရီအိုးတွေက အား ထားကြရပြန်တယ်။ အဲဒီအချိန်ကတော့ ဘက်ထရီသည်သာ တို့ ဘဝ တို့က္ဘာပဲ။ ဘက်ထရီအိုးတွေ အိမ်တိုင်းနီးပါး ဆောင်ထားရ တဲ့ ခေတ်။ ဘက်ထရီအိုးတွေကို မနက်ကျောင်းသွားချိန်တွေမှာ ယူသွားကြရပြီး အားသွင်းဆိုင်တွေမှာ အားသွင်းဖို့ အပ်ထားခဲ့ကြ ရတယ်။ ဘက်ထရီအားသွင်းတဲ့ လုပ်ငန်းကလည်း ရပ်ကွက်တိုင်း မှာ တစ်ဆိုင်တော့ အနည်းဆုံး ရှိတတ်ကြတယ်။ ဘက်ထရီအား သွင်းလုပ်ငန်း လုပ်ကြသူအများစုက အသံချဲ့စက် ငှားရမ်းတဲ့ လုပ်ငန်းပါ တွဲလုပ်ကြတယ်။ အလှူမင်္ဂလာဆောင်တွေမှာ အသံ ချဲ့စက်ဆရာတွေ မျက်နှာပန်းလှတယ်။ ဆရာတော်တွေ ဆွမ်း ကပ်ပြီးတာနဲ့ အသံချဲ့စက်ဆရာကို အလှူရှင်တွေ သတို့သား၊ သတို့သမီးတွေက အိမ်ဦးခန်းမှာ ဗွီအိုင်ပီဧည့်သည်အဖြစ် သီး သန့် ဧည့်ခံကြရစမြဲ။ ထမင်းစားသောက်ပြီးရင်လည်း အချိုပွဲ၊ လက်ဖက်ပွဲ ဘာမှမလစ်ဟင်းစေရဘူး။ စက်ဆရာကို မငြိုငြင် အောင် ဖူးဖူးမှုတ်ထားကြရတာကလား။
ညပိုင်းအလင်းရောင်အတွက် ဖယောင်းတိုင်တွေ၊ ရေနံဆီ မီးခွက်တွေ သုံးလို့ရတယ်ဆိုပေမယ့် ဘက်ထရီအိုးရှိရင် အလင်း ရောင်အတွက်လည်း သုံးလို့ရတဲ့အပြင် ကက်ဆက်လည်း ဖွင့်လို့ ရဆိုတော့ ဘက်ထရီအိုးကို ရွှေမြန်မာတွေ သဘောကျကြတယ်။ ဒါ့အပြင် မီးရေးထင်းရေး စိုးရိမ်စရာမလိုဘူး ဆိုတဲ့ အားသာချက် လေးကလည်း ရှိလေတော့ ဘက်ထရီအိုးတွေက တစ်ခေတ်တစ်ခါ က ပြည်သူ့အသည်းကျော်တွေ ဖြစ်ခဲ့ရတာ မဆန်းဘူး။ အိမ်တိုင်း စေ့နီးပါး ဘက်ထရီအိုး ဆောင်ကြတယ်။ အများအားဖြင့်တော့ ၁၂ ဗို့ ဘက်ထရီအိုးတွေ။
ဘက်ထရီအိုးတွေရဲ့ ကနဦးအစက ကစလဆိုတဲ့ အစိုးရပိုင် အကြီးစား စက်မှုလက်မှုလုပ်ငန်းက ထုတ်တဲ့ အမည်းရောင်အိုး တွေ ဖြစ်တယ်။ ကစလ အမှတ်တံဆိပ်ကြီးက ဘက်ထရီအိုးဘေး မှာ ဖောင်းြ<ွကစာလုံးအဖြစ် ထင်းနေအောင် ရေးထိုးထားတယ်။ နောက်ပိုင်းကာလတွေမှာတော့ ထုံးစံအတိုင်း တရုတ်လုပ် ဘက် ထရီတွေ ခေတ်စားလာပြန်တယ်။ ပြည်တွင်းမှာ တပ်ဆင်ထုတ်တဲ့ ဘက်ထရီအိုးတွေလည်း ဈေးကွက်မှာ တွေ့လိုက်ရသေးတယ်။
ဘက်ထရီအိုးနဲ့ တွဲပြီး ထွန်းရတဲ့ မီးပွင့်က သေးသေးလေး ရယ်။ ဆီးဖြူသီးအရွယ်လောက်ပဲ ရှိတယ်။ နောက်ပိုင်းကာလတွေ မှာ လက်ညှိုးလောက်တုတ်တဲ့ တစ်ပေမီးချောင်းလေးတွေနဲ့ တွဲ ပြီး ထွန်းကြတယ်။ လက်ဖက်ရည်တစ်ခွက် တစ်ကျပ်ပေးရတဲ့ ခေတ်မှာ ဘက်ထရီအိုး အားသွင်းရင်လည်း တစ်ကျပ် ပေးကြရ တယ်။ ဘက်ထရီအိုးအတွင်းမှာ အက်ဆစ်တွေ ပါတော့ အရည်လဲ အားသွင်း လုပ်ရတဲ့အခါ နှစ်ကျပ်ပေးကြရတယ်။ ဘက်ထရီအိုး အားသွင်းလုပ်ငန်းလုပ်တတ်ရင် မိသားစုတစ်စုကို ဝမ်းဝခါးလှရုံ တင်မက သားသမီးတွေကိုပါ ကျောင်းပြီး ဘွဲ့ရတဲ့အထိ ပညာသင် ကြားပေးနိုင်တယ်။ သူ့ခေတ်နဲ့သူတော့ ဘက်ထရီအားသွင်းလုပ် ငန်းတွေက တွင်တွင်ကျယ်ကျယ် ရှိခဲ့ဖူးတယ်။ တချို့ဆိုင်တွေက တော့ ဘက်ထရီအားသွင်းလုပ်ငန်းနဲ့အတူ ဒိုင်နမိုမော်တာ ပြု ပြင်ရေးတွေပါ တွဲလုပ်ကြတာလည်း ရှိပါတယ်။
ဘက်ထရီအိုးထဲမှာ ပါတဲ့ အက်ဆစ်တွေကို ဘာကြောင့် မှန်း မသိဘူး။ မိုးရေလို့ ခေါ်ကြတယ်။ အဲဒီ အက်ဆစ်က အက်ဆစ် ပြင်းဖြစ်လို့ ဘက်ထရီအိုးထားမယ့် နေရာရဲ့ အောက်ခြေမှာ သစ် သားပြားလေးတွေ ခံထားကြရတယ်။ အက်ဆစ်ဆိုတာမျိုးက တွေ့ကရာစားတာ မဟုတ်လား။ ဘက်ထရီအိုး အားသွင်းသွားတဲ့ အခါ ဘက်ထရီအိုးကို သတိကြီးကြီးထားပြီး သေချာ ဂရုတစိုက် ကိုင်သွားရတယ်။ လှုပ်ယမ်းသွားလို့ အက်ဆစ်တွေက အဝတ် အထည်တွေနဲ့ ထိမိရင် ပေါက်ပြဲကုန်တော့တာပဲ။ ဘက်ထရီအိုး ထည့်ဖို့ သစ်သားသေတ္တာလေးတွေ ရိုက်ထားကြသူတွေ ရှိသလို ပလတ်စတစ်နဲ့ လုပ်ထားတဲ့ အင်ဂျင်ဝိုင်းပုံးခွံတွေ ခေါင်းဖြတ်ပြီး ဘက်ထရီအိုးတွေ ထည့်ကြတာလည်း ရှိတယ်။ မီးထွန်းရုံသက် သက်ဆိုရင် ဘက်ထရီ တစ်ခါ အားသွင်းထားရင် နှစ်ရက်၊ သုံး ရက် သုံးလို့ရတယ်။
ဘက်ထရီအိုးတိုင်းမှာ အဖိုငုတ်တိုင်နဲ့ အမငုတ်တိုင်တွေ ပါ တယ်။ အရပ်ထဲက လူတွေအဖို့ အဖိုတွေ အမတွေ သိစရာ မလို ဘူး။ အပေါင်းအနုတ်လည်း မှတ်နေစရာ မလိုဘူး။ အဖိုငုတ်တိုင် မှာ သင်္ဘောဆေးအနီလေး သုတ်ထားရင် ရပြီ။ အနီဆေး သုတ် ထားတဲ့ ငုတ်ကို ဝါယာကြိုးအနီပါတဲ့ ကလစ်နဲ့ ချိတ်ပြီး ကျန် ငုတ်တိုင်တစ်ဖက်ကို ဝါယာကြိုးအနက် ပါတဲ့ ကလစ်နဲ့ ညှပ်လိုက် ရုံပဲ။ ဘာမှ မှားစရာ မရှိဘူး။
ဘက်ထရီအိုးတွေက တစ်အိုးနဲ့ တစ်အိုး ဆင်တူတာက များတယ်။ အိမ်တိုင်းကိုယ်စီ ဘက်ထရီအိုး သုံးတဲ့ ခေတ်မှာ ဘက်ထရီအားသွင်းတဲ့ ဆိုင် တွေအဖို့ တစ်အိုးနဲ့ တစ်အိုး မမှားဖို့ အရေးကြီးတယ်။ တချို့ အိမ်တွေက ဘက်ထရီအိုးဘေးမှာ သင်္ဘောဆေးနဲ့ ပိုင်ရှင်အမည် ရေး ထားတတ်ကြတယ်။ အားသွင်းဖို့ ဆိုင်လာအပ်တဲ့ ဘက်ထရီအိုး မှန် သမျှ ဆိုင်ရှင်က နံပါတ်တွေ ရေးထိုးထားတဲ့ လိပ်စာ ကတ်အရွယ် ဂျပ်စက္ကူ ဖြတ်ပိုင်းလေးပေးတယ်။ ဘက်ထရီအိုးပိုင်ရှင်ကို ပေးတဲ့ ဖြတ်ပိုင်းထဲမှာ ဆိုင်နာမည် စည်းတံဆိပ် ရိုက်နှိပ်ထားလေ့ရှိ တယ်။ နံပါတ်တူ ဖြတ်ပိုင်းတစ်ခုကိုတော့ ဘက်ထရီအိုး လာအပ် သူရှေ့မှာပဲ ဘက်ထရီအိုးမှာ ရာဘာကွင်းနဲ့ ချိတ်လိုက်တယ်။ နောက်တစ်နေ့ ဘက်ထရီအိုး လာရွေးရင် ဖြတ်ပိုင်း မမေ့မလျော့ ယူလာဖို့ လိုအပ်ပါတယ်။ လာယူတဲ့ နံပါတ်နဲ့ ဘက်ထရီအိုးမှာ ချိတ်ထားတဲ့ နံပါတ် တိုက်ဆိုင်စစ်ဆေးပြီး အားသွင်းခပေး ရွေး ယူသွားရုံပါပဲ။
ဘက်ထရီအိုးတွေက ရိုရိုသေသေကိုင်ရင် လေးငါးခြောက် နှစ် လှည့်ကြည့်စရာ မလိုဘူး။ ပုံမှန် အရည်လဲ အားသွင်းလုပ်သွား ရုံပဲ။ နောက်ပိုင်းကာလတွေ ရောက်ရင်တော့ အရည်လဲ အား သွင်းလောက် လုပ်ရုံနဲ့ မရတော့ဘူး။ ပလိပ်ပြားတွေ စားသွားလို့ လဲရတာ၊ ဘက်ထရီခေါင်းတွေ ချောင်ကုန်လို့ ခဲပြန်လောင်းရတာ တွေ လုပ်ကြရပြန်တယ်။ အသစ်ဝယ်ဖို့ အခြေအနေ မပေးသေး တော့ ရှိတဲ့ ဘက်ထရီအိုးကိုပဲပြုပြင်သုံးကြရတယ်။ အဲဒီလို အခါ မျိုးဆို ဘက်ထရီဆရာတွေရဲ့ မျက်နှာက အုံလိုက်ကျင်းလိုက်ရှိတဲ့ မှိုကျင်း တစ်ယောက်တည်း တွေ့လိုက်ရသလို ဖြစ်သွားကြတယ်။
၂၁ ရာစုမှာ ဘက်ထရီအိုးသုံးတဲ့ ဓလေ့ နည်းလာကြပြီ။ လျှပ်စစ်မီး မှန်မှန်လာနေလို့ ဘက်ထရီအိုး အသုံးပြုမှု နည်းသွား တာ မဟုတ်ဘူး။ လျှပ်စစ်မီးတွေကတော့ အရင်လိုပဲ ပျက်တဲ့အခါ ပျက်နေဆဲပဲ။ ဘက်ထရီအိုးတွေအစား အယ်လ်အီးဒီ မီးအိမ်တွေ သုံးလာကြလို့ပါ။ အားတော့ မလျှော့ပါဘူး။ ခရစ်နှစ် ၂ဝ၃ဝ ရောက်ရင် တစ်နိုင်ငံလုံး လျှပ်စစ်မီးတွေ ရတော့မယ်လို့ ပြောနေ ကြတာပဲ။ ဟုတ် မဟုတ်တော့ မသိဘူး။ အဲဒီလို ကြားရဖန်များတဲ့ အခါ အမတ်ကြီးဦးပေါ်ဦးရဲ့ လျှောက်ထုံးတစ်ခု သွားသတိရ မိတယ်။
တစ်ခါတော့ ဘိုးတော်ဦးဝိုင်းက ဆင်တစ်ကောင် ရရှိတော် မူတယ်။ ဆင်နဲ့ ပတ်သက်လို့ အမတ်ကြီး ဦးပေါ်ဦးကို သံတော်ဦး တင်ခိုင်းတော့ အမတ်ကြီးက ဆင်ဖြူကြီးလို့ လျှောက်တင်ပါ သတဲ့။ တကယ်တော့ ဆင်က ဆင်မည်းကြီးပါ။ ဟဲ့…ပေါ်ဦး၊ ဟုတ် ရဲ့လားဆိုတော့ ဟုတ်ပါတယ်၊ အခုလောလောဆယ်တော့ မည်း ပါတယ်၊ နောက် နှစ် ၅ဝ လောက်နေရင် ဖြူလာမှာပါလို့ လျှောက် တင်လိုက်တယ်။ နင့်ဟာက သေချာလှချေလား ပေါ်ဦးရဲ့လို့ ဘုရင် က မိန့်တယ်။ အမတ်ကြီးဦးပေါ်ဦးက နောက် နှစ် ၅ဝ ဆိုရင် ဆင် လည်း သေ၊ ဘုရင်ကြီးလည်း နတ်ရွာစံ၊ ကျွန်တော်မျိုးကြီးလည်း မရှိတော့ဘူးလို့ ပြန်ပြီး လျှောက်တင်လိုက်တယ်။ ကျွန်တော်တို့ ရဲ့ လျှပ်စစ်မီးလည်း အမတ်ကြီး ဦးပေါ်ဦးရဲ့ ဆင်ဖြူလို မဖြစ်ပါစေ နဲ့လို့ ဆုတောင်းရမှာပဲ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က ကင်းတားဆည်ကြီး တည်ဆောက်စဉ်အခါကပေါ့။ ကင်းတားဆည်ကြီးပြီးရင် တစ် နိုင်ငံလုံး ထိန်ထိန်လင်းစေရမယ်လို့ ပြောခဲ့ဖူးတယ်။ ဆည်သာ ပြီးသွားတယ် ဆည်နားက ရွာတွေက အမှောင်ထဲမှာ ငုတ်တုတ် ပဲ။ နဝတခေတ် သဖန်းဆိပ်ဆည်ကြီး တည်ဆောက်တော့လည်း အရှေ့တောင်အာရှရဲ့ အကြီးဆုံးဆည်ကြီး ဖြစ်လို့ လျှပ်စစ်မီး အတွက် ပူစရာမလိုတော့ကြောင်း အဲဒီခေတ် သတင်းစာတွေက ရေးခဲ့ကြတာပါပဲ။ လူရွှင်တော်တွေက သတင်းစာကိုင်ဖတ်ရင် ဓာတ်လိုက်လိမ့်မယ်လို့ ပြက်လုံးထုတ်ယူရတဲ့အထိ စာရင်းဇယား ကိန်းဂဏန်း အတိအကျတွေနဲ့ သတင်းစာထဲမှာ လျှပ်စစ်ဓာတ် အားတွေ ထုတ်ခဲ့ကြတယ်။
တစ်ခါတလေတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေပွန်ခဲ့တဲ့ ဘက်ထရီအိုးတွေကို အမှတ်ရမိတယ်။ ကျောင်းလွယ်အိတ်ကို စလွယ်သိုင်းလို့ ထမင်းချိုင့်တစ်ဖက်၊ ဘက်ထရီအိုးတစ်ဖက် ဆွဲပြီး သွားခဲ့ရတဲ့ ကျောင်းတက်ချိန်တွေ ကို လွမ်းတယ်။ အထူးသဖြင့် ကျောင်းသွားဖော် သူငယ်ချင်းတွေ ကို သတိရ လွမ်းဆွတ်မိတာပါပဲ။ လက်ရှိဘဝမှာ အလိုမကျစရာ တွေ ကြုံရတဲ့အခါတိုင်း ဘက်ထရီနဲ့ တွဲဖွင့်ရတဲ့ ကက်ဆက်ထဲက သီချင်းတွေကို အလိုလိုနေရင်း ပါးစပ်ဖျားမှာ ညည်းမိနေတတ် တယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေတို့ ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ။