မေတ္တာရိပ်မြုံ

မေတ္တာရိပ်မြုံ

မေတ္တာရိပ်မြုံ

သက်ဦးမွန်ရေးသည်။

အနာဂတ်ကြယ်ပွင့် ကလေးများဂေဟာ                      Photo – Thet Oo Mon

 

အစိမ်းနုရောင် နှစ်ထပ်တိုက် အိမ် တစ်လုံးထဲတွင် ပုခက်နှစ်လုံး အပြိုင် အဆိုင် လွှဲနေကြသည်။ ပုခက်တစ် လုံးထဲတွင် လသားအရွယ် ကလေး ငယ်နှစ်ဦး ရှိသည်။ တစ်ဦးက အသား ညိုညို ဝဝကစ်ကစ်လေး။ နောက် တစ်ဦးက အသားဖြူဖြူ၊ နောက် ပုခက်တစ်လုံးထဲတွင်တော့ ဆံပင် ကလေးတွေ မည်းနက်နေသော ဖြူ ဖြူဖွေးဖွေး မျက်နှာသွယ်သွယ် ကလေးငယ်တစ်ဦး။ သူတို့ နှစ်ခြိုက် စွာ အိပ်မောကျနေသည်။

ပုခက်ထဲတွင်ရှိသည့် ကလေးသုံးဦးမှာ မိန်းကလေးတွေ ချည်းဖြစ်၏။ တစ်ချက်တစ်ချက် ပုခက်ထဲမှ ထအီသည်။ ထိုအခါ ပုခက်လွှဲနေသည့် အသက် ၁၄နှစ်၊ ၁၅ နှစ်အရွယ် မိန်းကလေး သုံးဦးက စုပ်ကလေးတသပ်သပ်ဖြင့် ပုခက်ကို တငြိမ့်ငြိမ့် လွှဲပေး လိုက်သည်။ မျက်နှာပေါ် စောင်များ ဖုံးလွှမ်းနေမလား။ အနေ အထား ပျက်နေလား၊ ပုခက်ထဲသို့လည်း လှမ်းကြည့်လိုက်      သေးသည်။

ပြီးနောက် နို့ဘူးပြင်သူက ပြင်သည်။ နို့ဘူးများ၊ ရေနွေး ဓာတ်ဘူးများကို ခုံလေးတစ်ခုပေါ်တင်ထားသည်။ ကလေးသေးခံ အထုပ်များလည်းရှိသည်။ ပုခက်လွှဲသူများကိုကြည့်လိုက်တော့ မျက်နှာပေါ်တွင် သနပ်ခါးပါးကွက်ကြားကလေးများ ခြယ်သ ထား၏။ ဆံပင်ခပ်တိုတိုကလေးများဖြင့်။

ပုခက်ထဲက ကလေးငယ်တွေကို သူတို့ ချော့မြူနေပုံကို ကြည့်ရသည်မှာ အစ်မကြီးများက ညီမငယ်လေးများအား တယု တယ ပြုစုစောင့်ရှောက်နေသလိုပင်။ တကယ်တမ်းတော့ ထိုသို့ မဟုတ်ချေ။ သူတို့သည် ပုခက်ထဲမှ ကလေးများ၏ မိခင်များပင် ဖြစ်လေသည်။

သူတို့သည် သက်ငယ်မုဒိမ်း ပြုကျင့်ခံရပြီး ကိုယ်ဝန်ရရှိခဲ့ သော မိန်းကလေးငယ်များပင်ဖြစ်သည်။ သူတို့ကို ကိုယ်ဝန်ရင့် မှသည် မွေးဖွားသည်အထိ ပြုစု စောင့်ရှောက်ပေးသည်။ မွေးဖွား လာသည့် ရင်သွေးငယ်များကိုလည်း မွေးစမှ ပညာဆုံးခန်းတိုင် သည်အထိ ပြုစုစောင့်ရှောက်ပေးသွားမည် ဖြစ်၏။

ဤနေရာက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် တွင် ရှိသော သက်ငယ်မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရလာသော မိန်းကလေးများနှင့် မွေးလာသည့် ကလေးငယ်များကို စောင့် ရှောက်ထားသည့်  ဖဒိုမြို့က အနာဂတ်ကြယ်ပွင့်ကလေးများ ဂေဟာပင် ဖြစ်သည်။

မိခင်များက ကလေးမွေးပြီးလျှင်  အိမ်ပြန်ချင်လျှင် ပြန်နိုင် သည်။ သူတို့ကလေးငယ်များကိုလည်း ခေါ်ချင် ခေါ်သွားနိုင်၏။ မခေါ်ချင်လျှင်လည်း ပြဿနာမရှိ။ ကလေးငယ်ပညာရေးဆုံးခန်း တိုင်ပြီး လုပ်ငန်းခွင်ဝင်သည်အထိ တာဝန်ယူစောင့်ရှောက်ပေး သွားမည်ဟု ဂေဟာတည်ထောင်သူ ကိုစိုးထိုက်(ဖဒို)က ဆိုသည်။

ဂေဟာဖွင့်သည်မှာ ခုနစ်လခန့်သာ ရှိသေးသည်။ ယခင် သူက  Single Mother (အကြောင်းအမျိုးမျိုးကြောင့် ရလာ သည့်ကလေးငယ်ကို ဖခင်မရှိတော့ဘဲ မိခင်တစ်ဦးတည်းစောင့်ရှောက်ခြင်း) ဂေဟာတစ်ခုတွင် ဦးစီးဆောင်ရွက်ခဲ့ဖူးသည်။ အခြား ပရဟိတလုပ်ငန်းများကိုလည်း သူက ဆောင်ရွက်၏။

သူသည် ပရဟိတလုပ်ငန်းများလုပ်ကိုင်နေစဉ် မြန်မာနိုင်ငံ တွင် သက်ငယ်မုဒိမ်းကျင့်ခံရသောမိန်းကလေးများနှင့် ¤င်းတို့မှ မွေးလာမည့် ရင်သွေးလေးများအရေးကို အလေးထား ကူညီ ဆောင်ရွက်သည့် လုပ်ငန်းများကို မတွေ့ရသောကြောင့် ယခု ဂေဟာကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း သူက ရှင်းပြသည်။

ယခုဂေဟာနေရာကို  ငှားရမ်းထားခြင်းဖြစ်သည်။ ဖဒိုမြို့ အထွက်ရှိ ပေနှစ်ရာခန့်ရှိသော ခြံဝင်းကြီးတစ်ခုထဲက နှစ်ထပ် တိုက်အိမ်တစ်လုံးဖြစ်သည်။ ခြံတံခါးမှ ဝင်ဝင်ချင်းတွေ့ရသည့် နှစ်ထပ်တိုက်အိမ်တစ်လုံး၊ ဘယ်ဘက်တွင် ဟောင်းနွမ်းနေပြီဖြစ် သော ပျဉ်ထောင်အိမ်တစ်လုံး၊ ညာဘက်မှ  အစိမ်းနုရောင်နှစ် ထပ်တိုက်အိမ်မှာ  ဂေဟာပင်ဖြစ်သည်။

အိမ်ရှေ့ခြံဝင်းထဲတွင် ကလေးငယ်များကစားရန် ကစား ကွင်းတစ်ခုပြုလုပ်ထားသည်။ ကလေးငယ်များအလွယ်တကူ တွယ်တက် ဆော့ကစားနိုင်ရန် ကားတာယာတွေကို ချိတ်ဆက် တပ်ဆင်ထားသည်။ သစ်သားဒန်းများ၊ ဆီးဆော့များ၊ ပလတ် စတစ်နှင့် ပြုလုပ်ထားသည့် လျှောတစ်ခုကိုလည်း တွေ့ရသည်။

အဆိုပါ ကစားကွင်းကို လူမှုဝန်ထမ်းနှင့်ပူးပေါင်းကာ ဖွင့် ထားခြင်းဖြစ်သည်ဟု ကျောင်းဆရာမ အငြိမ်းစားတစ်ဦးဖြစ်သူ ဂေဟာမှူး ဒေါ်အေးအေးသန်းက ဆိုသည်။ ထိုသို့ဖွင့် ထားရခြင်း မှာ ဂေဟာမှကလေးငယ်များ ဆော့ကစားနိုင်ရန်နှင့် ပြင်ပသူငယ် ချင်းများ ရရှိစေရန်ဟု ဆိုသည်။

အသက် ၅၂ နှစ်ရှိပြီဖြစ်သော ဒေါ်အေးအေးသန်းက ဂေဟာတွင် စေတနာ့ဝန်ထမ်းအဖြစ် ကလေးငယ်များနှင့် မိခင် များကို ထိန်းသိမ်းစောင့်ရှောက် လမ်းညွှန်မှုပေးနေသူတစ်ဦး   ဖြစ်သည်။

ဂေဟာမှူးနှင့် စွန့်ပစ်ခံထားရသည့် ကလေးငယ်                                                                                                                                                                                                                               Photo – Thet Oo Mon

သွေးရင်းသားရင်းများ ပြုကျင့်ခံရ

ဂေဟာတွင် လတ်တလောစောင့်ရှောက်ထားသည့် အဓမ္မ ပြုကျင့်ခံရသည့် မိန်းကလေးငါးဦးရှိသည်။ သုံးဦးက မီးဖွားပြီးဖြစ် သည်။ နှစ်ဦးကတော့ ကိုယ်ဝန်နှင့်။ သုံးဦးမွေးဖွားရာတွင် ကလေး နှစ်ဦးအဖတ်တင်၏။ ထိုကလေးနှစ်ဦးအပြင် စွန့်ပစ်ခံထားရသည့် လသားအရွယ် ကလေးငယ်နှစ်ဦးလည်း ရှိသည်။

အဓမ္မ ပြုကျင့်ခံရသည့် မိန်းကလေးငါးယောက်တွင် နှစ်ဦး မှာ ဖခင်အရင်းကပြုကျင့်ခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဦးမှာ အစ်ကို အရင်းက ပြုကျင့်ခြင်းဖြစ်သည်။ နောက်တစ်ဦးကတော့  ပထွေးမှ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတစ်ယောက်ကတော့ ယောက်ျားလျာဖြစ်ပြီး အရက်မူးနေစဉ် သူငယ်ချင်းများက အုပ် စုလိုက် အဓမ္မပြုကျင့်ခံရသူဖြစ်သည်။

(ဆောင်းပါးရေးနေစဉ် ၃ဝ.၁.၂ဝ၁၈တွင် ကိုယ်ဝန်သည် ယောက်ျားလျာမှာ မိန်းကလေးတစ်ဦး ဖွားမြင်ပါသည်။)

အဖေရင်းမှ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးမှာ အသက်က ၁၅ နှစ်သာ ရှိသေးသည်။ သူ့ပုံစံက ဆံပင်ခပ်တိုတို၊ အသားဖြူဖြူ ပိန်ပိန်ပါးပါးနှင့် မျက်နှာပေါက်မှာ ခပ်ချောချော ကလေးဖြစ်သည်။

သူ၏အမေက သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ အလုပ်ကို မနက်အစောသွားရသည်။ ညဘက်မှ ပြန်ရောက်သည်။ မောင်လေးနှစ်ယောက်ကလည်း မနက်ကျောင်းသွား၊ ညနေမှ ပြန်ရောက်သည်။ ထို့ကြောင့် နေ့လယ်နေ့ခင်းတွင် အိမ်၌ သူနှင့် ဖခင်ဖြစ်သူသာ ကျန်သည်။ ထိုအချိန် ဖခင်က သူ့ကို စိတ်တိုင်းကျ ပြုကျင့်တော့သည်။

သူ့အသက် ရှစ်နှစ်ကျော်ကတည်းကအပျိုဖော်ဝင်တော့ မည့် ၁၃ နှစ်အထိတစ်လျှောက်လုံး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကာ အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်။ ပထမဆုံး ပွတ်သပ် ကိုင် တွယ်သည်။ ထိုအချိန် မိခင်ကို တိုင်သေးသည်။ မိခင်က မယုံ။ အလုပ်ပင်ပန်းနေသော အချိန် နားပူသဖြင့် အရိုက်ခံရသေးသည်။ မိခင်ဖြစ်သူကို ပြန်တိုင်သည်ဟုဆိုကာ ဖခင်ကလည်း ထပ်ရိုက် ပြန်၏။

နောက်တော့ ဘာမှမပြောတော့။ အရွယ်ကလေး ရောက် လာချိန်မှာတော့ ဖခင်က အဓမ္မပြုကျင့်တော့သည်။ ဘာမှ မတတ်နိုင်၊ အားကိုးစရာမရှိ။ ကူရာကယ်ရာမဲ့ ဘဝဖြင့် ဖခင်ပြု သမျှ နုရတော့၏။

ထိုသို့နေလာရင်း အပျိုဖော်ဝင် လာချိန်မှာ ပြဿနာက စတော့သည်။ ထိုအချိန် နေမကောင်း၍ ဆေးခန်းသွားပြသော အခါတွင် ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရလေသည်။ ကိုယ်ဝန်က ခြောက်လပင် ရှိနေပြီဖြစ်သည်။ ထိုအချိန်ကျမှ မိခင်ဖြစ်သူ ယူ ကြုံးမရဖြစ်တော့သည်။

ရဲတိုင်ဖို့လည်း နားမလည်။ ခင်ပွန်းဖြစ်သူကို ဒေါသထွက် ကာ ရန်တွေ့တော့သည်။ ထိုအခါ ပြုကျင့်သူမှာ ထွက်ပြေးသွား တော့သည်။ ယခုအချိန်ထိ မဖမ်းနိုင်သေး။ ဤသို့ဖြင့် ကိုစိုးထိုက် တို့နှင့် ချိတ်ဆက်မိပြီး အနာဂတ်ကြယ်ပွင့်ကလေးများ ဂေဟာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ကံဆိုးမှုက ဂေဟာထိပါလာသည်။ ဂေဟာရောက်တော့ ကိုယ်ဝန်က လရင့်နေပြီဖြစ်သည်။ မွေးခါနီးဖြစ်သည့်အတွက် သူ့ ကိုယ်ဝန်ကို အားလုံးက ဂရုတစိုက် စောင့်ရှောက်ကြသည်။ ဂေ ဟာမှူးဆိုရင် ကလေးလှုပ်သလား၊ မိခင်ကျန်းမာသလား အမြဲ လိုလိုပင် အရိပ်တကြည့်ကြည့်နှင့် စောင့်ရှောက်ပေးသည်။

မွေးဖွားမည့်ရက် ရောက်လာခဲ့သည်။ ဖဒိုဆေးရုံ၌ မွေးဖို့ ပြင်သည်။ ကလေးကို ဗိုက်ခွဲမွေးရသည်။ ယောက်ျားကလေး မွေး၏။ မိခင်ဖြစ်သူ၏ စိတ်ဒဏ်ရာတွေကြောင့်လား၊ ကလေးငယ် ၏ ကံတရားကြောင့်လားမသိ၊ ကလေးငယ်မှာ နာရီပိုင်းသာ အသက်ရှင်လိုက်ပြီး ဆုံးပါးသွားခဲ့သည်။

ဂေဟာမှူးဆိုလျှင် နှစ်ရက်၊ သုံးရက်လောက် စိတ်ထဲ မကောင်းဖြစ်ကာ ယူကြုံးမရ ဖြစ်ရသည်ဟုဆိုသည်။ မွေးခါစ ကလေးငယ်ကိုလည်း မြင်လိုက်ရသည်။ အသက်ရှင်ဖို့ ကြိုးစား နေရတာကိုလည်း ကြည့်နေရသည်။ ဘုရားရှင်ထံ ဆုတောင်းရ သည်မှာ အမော။ သို့သော် ကလေးငယ်မှာ လူ့လောကတွင် နာရီ ပိုင်းသာ ရှင်သန်လိုက်ရသည်။

”နှစ်ရက်၊ သုံးရက် နေလို့ကို မရဘူး”ဟု ဂေဟာမှူးက ဆိုသည်။

ယခု ထိုမိန်းကလေးက စက်ချုပ်သင်နေသည်။ ဂေဟာတွင် ဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်နေ၏။ စက်ချုပ် ကျွမ်းကျင် သည့် အခါတွင်တော့ အိမ်ပြန်ကာ မိခင်ကိုလုပ်ကျွေးတော့မည်ဟု ဆို သည်။ ယခုအချိန်မှာတော့ ဂေဟာရှိ ကလေးငယ်များကို ပြုစု   စောင့်ရှောက်ရင်း နေထိုင်နေပါသည်။

 

အရွယ်နှင့် မမျှအောင် ရသည့် စိတ်ဒဏ်ရာ

အခြားမိန်းကလေးငယ်များသည်လည်း သူ့နည်းနှင်နှင်။ နုငယ်သည့် အရွယ်ကလေးတွေမှာပင် ခါးသီးသော အဖြစ်ဆိုး များနှင့် ကြုံရသည့်အတွက် စိတ်ဒဏ်ရာများအသီးသီးရှိကြသည်။

ဂေဟာရောက်စတွင် သူတို့၏ ပြုမူပြောဆိုပုံများက မူမမှန်ကြ။ အရယ်အပြုံးလည်း မရှိ၊ လူတွေကို မြင်လျှင် ကြောက်နေသည်။ မည်သူ့ကိုမျှလည်း စကားမပြော။ လှုပ်ရှားမှုမှာလည်း မတုန် မလှုပ် ကျောက်ရုပ်ကဲ့သို့ပင်။ ပြောဆိုသည်ကိုလည်း နားမထောင် ကြ။

ထိုအခြေအနေက တစ်ပတ်ကျော်လောက် ကြာသည်။ ထို အခါ ဂေဟာမှူးက သားသမီးများကဲ့သို့ ဘာသာရေးစာပေများ ဖတ်ခိုင်းရသည်။ ယဉ်ကျေးလိမ္မာကဗျာလေးများဖြင့်လည်း နား ဝင်အောင် ချိုချိုသာသာပြောဆိုသည်။ သူတို့ကို ခေါ်သည့်အခါ မှာလည်း သမီးဟုသာ ခေါ်သည်။ မိခင်    စောင့်ရှောက်မှုအတိုင်း ခံစားရစေရန် ဖြစ်၏။

”ဒီမှာက မိသားစုလိုပဲ ရှင်းရှင်းပြောရင် ကလေးတွေက ကိုယ့်သားသမီးထက်တောင် ငယ်သေး တယ်လေ”ဟု ဂေဟာမှူး က ဆိုသည်။

ထိုသို့ ဂေဟာမှူး၏ စောင့် ရှောက်သွန်သင်မှုနှင့် ဘဝတူတွေကို မြင်ရ သည့်အခါမှာတော့ စိတ်က ပုံမှန် အခြေ အနေသို့ ပြန်ရောက်လာကြသည်ဟု ဂေဟာမှူးကပြောပြသည်။ ယခုဆိုလျှင် သူတို့ကိုယ်တိုင် ဂေဟာအပြင်ဘက်ကို ဈေးထွက်ဝယ်နေကြပြီ။ တချို့ မိန်း ကလေးတွေဆိုရင် ခြံထဲတွင် ပြေးပြေး လွှားလွှား ဆော့ကစားနေကြ၏။

ရယ်ရယ်မောမောနှင့်လည်း အချင်း ချင်း ပြောဆိုနေကြသည်။ ပြီးခဲ့သည့် ရက်ပိုင်းကဆိုလျှင် ဖဒိုမြို့မှာ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲကိုတောင် လည်ပတ် ကြသေးသည်။ ကလေးတွေ လည်ပတ်ချင် သဖြင့် ဂေဟာမှူးက ကိုစိုးထိုက်အား         ”နင့်သမီးတွေလည်ချင်လို့” ဟုပြောရာ ကိုစိုးထိုက်က ကားဖြင့် လိုက်ပို့ပေးခြင်းဖြစ်သည်။

တစ်ခုတော့ ရှိသည်။ အပြင်ထွက်လျှင်တော့ စိတ်ချရသည့် သူ တစ်ဦးဦးပါမှသာ ပေးထွက်သည်။ ထိန်းသိမ်းနေရသည်မှာ မိန်းကလေးငယ်များဖြစ်သည့်အတွက် ပိုမိုဂရုစိုက်ရကြောင်း  ဂေဟာမှူးက ဆိုသည်။

ပတ်ဝန်းကျင်နှင့်လည်း ဝင်ဆံ့အောင်ထားရသည်။ သူတို့ ကို ခွဲခြားထား၍ မဖြစ်။ ယခင်ကဆို အလှူရှင်တွေလာလျှင်ပင် သူတို့ကို အခန်းထဲမှာပဲ နေခိုင်းသည်။ ထိုသို့ လူတွေနှင့် ခွဲထား သည့် နည်းလမ်းက မမှန်။ သူတို့က အများနှင့် မတူသည့် လူ အဖြစ် မှတ်ထင်သွားကာ သိမ်ငယ်စိတ်များ ဝင်နိုင်သည်ဟု ကိုစိုး ထိုက်က ရှင်းပြသည်။

ထို့ကြောင့် နောက်ပိုင်း ဧည့်သည်လာလျှင် အခန်းထဲတွင် မနေခိုင်းတော့ဘဲ လွတ်လွတ်လပ် နေခိုင်းလိုက်သည်။ ဧည့် သည်များနှင့်လည်း စကားပြောဆိုစေသည်။ ထိုအခါမှသာ လူ တွေလာသည့်အခါ ပြောဆိုဆက်ဆံရာတွင် သိမ်ငယ်မှုများ မရှိ တော့။ သူတို့၏ စိတ်အခြေအနေလည်း တိုးတက်ကောင်းမွန်လာ သည်ဟု ကိုစိုးထိုက်က ဆိုသည်။

သို့သော် သူတို့၏ ခါးသီးသောအတွေ့အကြုံများကို မေး လျှင်တော့ မျက်စိမျက်နှာပျက်ကြသည်။ ထိုအကြောင်းတွေကို ပြန်မပြောချင်ကြ။ မေးသည့်အခါ ရှောင်ထွက်သွားကြသည်။ ထို အချိန်တစ်ခုသာ သတိထားရပြီး ကျန်သည့်အချိန်တွင် လူများနှင့် ပုံမှန် ပြောဆိုဆက်ဆံကြသည်ဟု ကိုစိုးထိုက်က ဆိုသည်။

ထိုသို့ ဂရုတစိုက် စောင့်ရှောက်နေသည့် ကြားမှပင် အခက် အခဲတစ်ခုလည်း ရှိသေးသည်။ ပတ်ဝန်းကျင်၏ ရိုက်ခတ်မှု ဖြစ် သည်။ ပုံမှန်ဂေဟာမှ အပြင်ကို သွားလာလျှင် ပြဿနာမရှိ။ ဂေဟာမှူးဖြစ်သူ ဆရာမဒေါ်သန်းသန်းအေးကလည်း ကျောင်း ဆရာမအငြိမ်းစားတစ်ဦး ဖြစ်သည့်အတွက် မြို့တွင် သြဇာရှိ သည်။ သူစောင့်ရှောက်ထားသည့် သမီးငယ်များကို မည်သူမျှ မပြောမဆိုရဲ။

သို့ပေမဲ့ ကလေးမွေးဖွားရန် ဆေးရုံတက်သည့်အခါတွင် တော့ လူ့သဘာဝ စပ်စုကာ ပြောကြဆိုကြတာတွေ ရှိသည်။ လူ ပေါင်းစုံ လာရောက်သည့် ဆေးရုံပေါ်တွင် အတင်းပြောကြသည်။ ပထမဆုံး ကလေးအဖတ်မတင်သည့် မိန်းကလေး ဆိုလျှင် မိန်း ကလေး၏ အဖေရင်းက အဓမ္မပြုကျင့်သဖြင့် ကိုယ်ဝန်ရနေ ကြောင်း စသဖြင့် တီးတိုးပြောဆို ကြသည်။ ထိုသို့ ပြောဆိုသံများ ကို လူနာစောင့်နေသည့် မိခင်က ပြန်ကြားရသည့်အခါ ဝမ်းနည်း ရသည်။

ထိုအခါ ဂေဟာမှူးက မိန်းကလေးကို ဆေးရုံတွင် ရက်စေ့ အောင် မထားတော့ဘဲ ဂေဟာသို့ ပြန်ခေါ်လာခဲ့သည်။ နောက် တစ်ကြိမ် အခြားကိုယ်ဝန်များ ကလေးမွေးသောအခါ ဖဒိုဆေးရုံ တွင် မမွေးတော့ဘဲ ဖဒိုနှင့် တစ်နာရီခန့် သွားရသည့် ညောင်လေး ပင်ဆေးရုံတွင် သွားရောက်မွေးဖွားကြောင်း ဂေဟာမှူးက ပြော ပြသည်။

ညောင်လေးပင်ဆေးရုံတွင်တော့ ပြဿနာမရှိ။ သူ့တို့ကို မည်သူမှ မသိကြ။ ဂေဟာမှူးက သူ့ဆွေမျိုးများအဖြစ် ဆေးရုံ တွင် ပြောထားသည်။ ဆရာဝန်နှင့် သူနာပြုများကိုတော့ အမှန် အတိုင်းပြောပြထားပြီး သူတို့ကလည်း ဂရုတစိုက် စောင့်ရှောက် ကြသည်ဟု ဂေဟာမှူးက ရှင်းပြသည်။

ဖခင်အရင်းမှ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်                                                                                                                                                                                                                Photo – Thet Oo Mon

ကြယ်ပွင့်ကလေးများရဲ့  အနာဂတ်

လက်ရှိဂေဟာသည်လည်း နေရာပြောင်းရတော့မည်။ အစိုးရအသိအမှတ်ပြု ဂေဟာဖြစ်စေရန် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် မှတ်ပုံ တင်ရန် ဆောင်ရွက်နေသည်။ မြေနေရာ ဝယ်ရမည်။ အဆောက် အအုံဆောက်ရမည်။ အဆောက်အအုံ လှူမည့်သူက ရှိသည်။ မြေ နေရာဝယ်ဖို့က ကြိုးစားနေတုန်းဟု ကိုစိုးထိုက်က ရှင်းပြသည်။

ဂေဟာဆောက်ပြီးပါက လူ ၃ဝ ခန့် လက်ခံဖို့ စဉ်းစားထား ကြောင်းနှင့် သူ့ဆန္ဒအရ လက်နိုင်ခြေနိုင် လူဦးရေသာ လက်ခံ ပြီးလျှင် ထိုကလေးငယ်များကို ထူးထူးချွန်ချွန်ဖြစ်အောင် ပြုစု ပျိုးထောင်ပေးရန်ဖြစ်သည်။ မွေးစမှ ပညာရေးဆုံးခန်းတိုင်သည် အထိ စောင့်ရှောက်ဖို့ အစီအစဉ်တွေ ဆွဲထားကြောင်း သူက ရှင်း ပြသည်။

ကလေးမိခင်များကိုလည်းကျောင်းနေချင်လျှင် ဆက် လက်ထောက်ပံ့ပေးမည်။ အသက်မွေးဝမ်းကျောင်း ပညာတွေ လည်း သင်ပေးမည်ဟု သူက ဆိုသည်။ လတ်တလောတွင် အပ် ချုပ်စက်နှစ်လုံးဖြင့် စက်ချုပ်ပညာ သင်ပေးနေသည်။

ကိုစိုးထိုက်အဆက်အသွယ်ဖြင့် အလှူရှင်တွေကလည်း ကိုယ်ပိုင်ကျောင်းဆိုလျှင် ကျောင်းလခပေးစရာမလိုဘဲ တက်နိုင် သည်။ အသက်မွေးဝမ်းကျောင်းပညာဆိုလျှင်လည်းအခမဲ့သင် ပေးမည့် ဆရာများရှိသည်။ အဓိကမှာ မိန်းကလေးငယ်များ၏ သင်ယူလိုစိတ်နှင့် တိုးတက်လိုစိတ်သာလိုသည်ဟု သူကဆို          ပါသည်။

ပုခက်တွင်းမှ အနာဂတ်ကြယ်ပွင့်ကလေးများ နိုးလာကြ လေပြီ။ သေးခံလဲပေးသူက လဲပေးသည်။ နို့ဘူးတိုက်သူက တိုက် သည်။ လူမဆန်သောလူတွေ၏ လက်ချက်ဖြင့် သူတို့ကလေးတွေ လူဖြစ်လာရသည်။ သိပ်မကြာခင် မိခင်တွေနှင့်ခွဲရပေတော့မည်။

ဂေဟာသည်လျှင် သူတို့အိမ်။ သည်မြို့သည် သူတို့၏ဇာတိ။ နားလည်တတ်သည့် အရွယ်ရောက်လျှင် သူတို့ ဘယ်လိုခံစား ရမည် မသိ။ ယခုတော့ ဂေဟာမှူး၊  ဝန်ထမ်းများနှင့်မိခင်များ၏ မေတ္တာတရားအောက်တွင် အေးချမ်းနေလေသည်။

ချော့မြှူသံကြားလျှင် ပြုံးပြတတ်သည်။ လက်ကလေးတွေ ခြေထောက်ကလေးတွေ တလှုပ်လှုပ် တခါခါဖြင့် မြူးထူးနေကြ သည်။ နို့ဘူးသောက်မည်။ ပြီးလျှင် ပုခက်အတွင်းသို့ ပြန်လည်ဝင် ရောက်အိပ်စက်မည်။ မေတ္တာတရားတို့ဖြင့် ပြုစုစောင့်ရှောက်နေ သူများကြား သူတို့ နိုးထလာကြပေဦးမည်။

#mawkunmagazine

#Thet Oo Mon

#၂ဝ၁၈ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄) မှ ပုံရိပ်လွှာ ဖြစ်ပါသည်။

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."