စာပေလူကြမ်းမင်းသားကြီးအတွက်ဂါရဝ

ဖိုးသော်တာ ရေးသည်။

 

သင်လောကကြီးထဲလာသောအခါ သင်က ငိုကြွေးပြီး အခြားလူများက ပျော်ရွှင်ကြသည်။ သင်လောကကြီးထဲက ထွက်သွားသောအခါ ကျန်သူများကငိုကြွေးပြီး သင်ကပျော်ရွှင်စွာထွက်သွားနိုင်သူဖြစ်ပါစေဆိုသည့် အင်္ဂလိပ်ဆိုရိုး တစ်ခုရှိသည်။ ကျန်သူများငိုကြွေးပြီး ပျော်ပျော်ကြီးခရီးရှည်ထွက်သွားသူများထဲတွင် ဦးလေးဟု ကျွန်တော် ခေါ်လေ့ရှိသော ဆရာဦးအောင်သင်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါသည်။

ဦးလေးနှင့် ကျွန်တော့်အဖေ (မြသန်းတင့်)တို့ ဆက်ဆံရေးမှာ အံ့ဩစရာကောင်းလှသည်။ တကယ်တမ်းဆိုလျှင် နိုင်ငံရေး ယုံကြည်မှုတူသူတွေ မဟုတ်သောကြောင့်ဖြစ်သည်။

တစ်ခါ ကျွန်တော်က “အဖေနဲ့ဦးလေး နိုင်ငံရေးယုံကြည်ချက်မတူဘဲ ဘာလို့ဒီလောက်ခင်မင်ကြတာလဲ”ဟု မေးဖူးပါသည်။ ဦးလေးက ဆေးပါ့လိပ်ကို ခပ်ပြင်းပြင်းဖွာ အငွေ့ကို မှုတ်ထုတ်လိုက်ပြီး အဝေးတစ်နေရာကို ငေးမောရင်း…

“မင်းအဖေယုံကြည်တဲ့ နိုင်ငံရေးကို ငါတစ်ခါမှ ပြက်ရယ် မပြုဘူးကွ။ ငါကြိုက်တာ၊ မကြိုက်တာ တခြားပဲ။ နောက်ပြီး မင်းအဖေက သူ့နိုင်ငံရေးယုံကြည်မှုက စည်းကမ်းကြီးလွန်းတော့ သူ့မှာ လွတ်လွတ်လပ်လပ် မနေရရှာဘူး။ ငါက လွတ်လွတ်လပ် လပ်နေတတ်တဲ့သူဆိုတော့ ငါနေထိုင်ပုံကို အားကျတယ်ထင်ပါ ရဲ့ကွာ။ တစ်ခါ ငါနဲ့ သူ ညနေဘက် မြို့ထဲ လမ်းလျှောက်လာရင်း လမ်း၃၀ထိပ်မှာ လမ်းဘေးဘုံဆိုင်လေးနားရောက်တော့ ငါကဒီဆိုင်က ကြက်ပဲဟင်း ဝင်စားကြမယ် လုပ်တော့ မင်းအဖေက အတင်းတားတယ်။ တစ်ယောက်ယောက်တွေ့ရင် မတော်ပါဘူးပေါ့။ ငါကတော့ ရမ်နှစ်ပက်မှာပြီး ကြက်ပဲဟင်းစားနေတာပဲ။ မင်း အဖေက ‘ကိုအောင်သင်း၊ ခင်ဗျား တကယ့်ကြမ်းပိုးပဲဗျာ’ တဲ့လေ”

ဦးလေး အဖေ့အကြောင်းပြောသည့်အခါများတွင် မျကဝန်းက မျက်ရည်ဝဲနေတတ်ပါသည်။ ၁၉၉၀ ကျော်လောက်တုန်း ဦးလေးတို့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ ဗုဒ္ဓဟူးနေ့တိုင်း စာပေဆွေးနွေးပွဲလုပ်သည်။ ထိုစဉ်က ဗဟိုလမ်းမဖြစ်သေး။ ဝေဠု ဝန်လမ်းကျော်လျှင် ကျူးကျော်တွေပဲရှိတော့သည်။

ဦးလေးနေထိုင်သည့် ဓမ္မိကဝတီလမ်းနှင့်ရှမ်းလမ်းထောင့် ရထားလမ်းဘေးက လက်ဖက်ရည်ဆိုင်မှာဖြစ်သည်။ လာသူတွေက ကျွန်တော် မှတ်မိသလောက် ဒေါက်တာတင်မောင်သန်း(သင့်ဘဝ)၊မောင်သစ်ဆင်း၊ ဦးဇင်းကံထွန်းသစ်၊ ကဗျာဆရာ ဦးဇင်း မောင်ခိုင်တည် နှင့် အခြားစာပေဝါသနာပါသူများ လာရောက်ဆွေးနွေးကြသည်။ ထောက်လှမ်းရေးမှ လူကြီးမင်းများလည်း လာရောက်ကြသည်။

စာပေအကြောင်းပြောလျှင် ဦးလေးက ဘယ်သူ့ကိုမှ ညှာလေ့ မရှိပါ။ သဘင်မဂ္ဂဇင်းတွင်ပါသော ဝေဖန်ရေးများက ထိရှလှ သည်။ သို့အတွက်လည်း ဆရာဝင်းငြိမ်းက ‘စာပေလူကြမ်းမင်းသား’ ဟု ဝိဂြိုဟ်ပြုခြင်းဖြစ်သည်။ အချို့သော စာရေးဆရာများက သူ့ဝေဖန်ချက်ကို ဆတ်ဆတ်ခါနာကြသော်လည်း သူဝေဖန်ရေးများတွင် စေတနာပါသည်ကိုတော့ မငြင်းနိုင်ပါ။ အဖေက စာပေဟောပြောပွဲ သူ့လာဖိတ်လျှင် ဦးလေးကိုပါ အတွဲအဖြစ်ခေါ်ဖို့ စီစဉ်သူတွေကို တောင်းဆိုလေ့ ရှိသည်။ တစ်ခါက စီစဉ်သူတစ်ဦး အိမ်ရောက်လာပြီး ဟောပြောပွဲဖိတ်သည်။

“ခင်ဗျားတို့ ကိုအောင်သင်းလည်း ဖိတ်ဖို့ကောင်းတယ်”

“ဖိတ်ပါတယ်ဆရာ။ ဆရာအောင်သင်းက သူ့ကျူရှင်တွေရှိလို့ မအားဘူးပြောလို့ပါ ဆရာ”

“ကျွန်တော့်တာဝန်ထားလိုက်ဗျာ။ ကျွန်တော်ရအောင်ခေါ်မယ်”ပြောပြီး ကျွန်တော့်ခေါ်ကာ ဦးလေး အိမ်ဘက် လာခဲ့ကြသည်။ အိမ်ရောက်တော့ ဦးလေးက အဖေ့ကိုခေါ်သလို သူ့မြေးက

“အဘိုးရေ၊ ဒီမှာ ကိုမြသန်းလာတယ်ဗျ” ဟုခေါ်သဖြင့် အဖေနှင့် ကျွန်တော် ရယ်သေးသည်။

“ကျွန်တော် တကယ်မအားလို့ ကိုမြသန်း။ ခင်ဗျားလိုက်သွားပါဗျ”

“ကိုအောင်သင်း၊ ကျွန်တော်က ဗဟုသုတရှိပြီး တကယ်စကားပြောကောင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ဒါမျိုးဆိုတာ လူငယ်တွေ သိစေချင်လို့ ခင်ဗျားကိုလာခေါ်တာ။ ကျွန်တော် အာမခံပြီးပြီ။လိုက်ခဲ့စမ်းပါဗျာ”

“အံမယ်…ဘဲကြီးက စွတ်အာမခံထားတယ်။ ပြီးရောဗျာ၊ လိုက်မယ်”

အဖေနှင့် ဦးလေးဆက်ဆံရေးက ဤသို့ဖြစ်ပါသည်။

တစ်ရက်။ ဦးလေးအိမ်လာတော့ အဖေက သူ့စာအုပ်တွေ ____ ကခိုးရိုက်နေကြောင်း ပြောပြပါသည်။ ဦးလေးက…

“ကျွန်တော်တွေ့မှပြောဦးမယ် ကိုမြသန်း။ အဲဒီလူ အတော်လွန်နေပြီ” ဟုဆိုသည်။

ထိုသူ ကံဆိုးပါသည်။ တစ်ရက် ဦးလေးအိမ်မှာ အဖေ ရောက်နေစဉ် ထိုသူရောက်လာပါသည်။ ဦးလေးက ဝုန်းခနဲ ထ ရပ်လိုက်ပြီး…

“ဟေ့လူ…ကျုပ်အိမ်မှာ သူခိုးလက်မခံဘူး။ ခု ချက်ချင်း ဆင်းသွား”ဟု ပြောလေတော့သည်။

အဖေရော ထိုသူပါ ရုတ်တရက်အံ့အားသင့်သွားပြီးကြောင်နေပါသည်။ အဖေက ထိုသူပြန်သွားတော့ ထိုသို့ပြောဖို့ မသင့်ကြောင်း နားချရာ ဦးလေးက…

“ဒီမှာ ကိုမြသန်း၊ ခင်ဗျားလို ရိုးရိုးသားသား စာရေးစားသူ ဆီက ဒီလိုလုပ်ရက်တယ်ဗျာ။ ဒီလိုလူမျိုးကိုမှ ဒီလိုမပြောရင် ဘယ်လိုပြောရမလဲ”ဟုပြန်ပြောကြောင်း အဖေက ပြောပြဖူးသည်။ ထိုသူလည်း နောက်စာရေးပြီး ဦးလေးဆီ တောင်းပန်သည်ဟု ဦးလေးက ပြန်ပြောပြသည်။

အဖေဆုံးပြီးနောက်ပိုင်းတွင်လည်း ဦးလေးက ကျွန်တော့်ကို တတ်နိုင်သလောက် စောင့်ရှောက်ခဲ့သည်။ တစ်ရက်တွင် အိမ်ရောက်လာပြီး အဖေကြီး၏ စာအုပ်များ လက်ရာမပျက်ထားလိုပါသဖြင့် သူကိုယ်တိုင် ကွန်ပျူတာဖြင့်ရိုက်ထားသည့် ‘မည်သူ့ ကိုမှ စာအုပ်မငှားပါ’ဆိုသည့် စာရွက် အိမ်ရှေ့စာအုပ်စင်တွင် လာကပ်ပေးသည်။

“မင်းအဖေ စာအုပ်တွေဘယ်သူမှမငှားနဲ့ကွာ။ ငါ့လည်းမငှားနဲ့” ဆိုပြီး ကိုင်းကိုင်းကိုင်းကိုင်းနှင့် ပြန်ထွက် သွားသည်။ တစ်ရက် သူ့အိမ်ကျွန်တော်ရောက်သွားခိုက် “ဟေ့ကောင်… ရော့၊ မင်းအတွက်လက်ဆောင်” ဆိုပြီး ကတ်ထူအနီရောင်ဖုံးထားသော စာအုပ်တစ်အုပ်ပေးသည်။ ကျွန်တော်ဖွင့်ကြည့်လိုက်တော့ အဖေ့နာမည်ကြီး ‘ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်’မူရင်း။ အဖေက အဲဒီတုန်းက လက်နှိပ်စက်ဖြင့် မရေးသေးတော့ အဖေ့လက်ရေးနှင့်။ ကျွန်တော် အတော်အံ့ဩ      သွားသည်။

“ငါ လမ်းဘေးစာအုပ်တန်းမှာ ငါးထောင်နဲ့ တွေ့လို့ ဝယ်လာတာ”

အင်မတန်ရှားပါးပြီး နှစ်ပေါင်းသုံးဆယ်နီးပါးရှိပြီမို့ ကျွန်တော်အလွန်တန်ဖိုးထားပြီး ဦးလေးကိုလည်း ထိုင်ကန်တော့မိသည်။

၁၉၉၈ က ဖြစ်သည်။ ညဘက် ဦးလေးအိမ် ကျွန်တော်ရောက်သွားသည်။ ဦးလေးက အပေါ်ထပ်ဧည့်ခန်းမှာ တီဗီကြည့် နစဉ်…

“ကဲ…ဆိုစမ်း၊ ငါဘာလုပ်ပေးရမလဲ”

“ကျွန်တော့်ကို မိန်းမလိုက်တောင်းပေးပါ ဦးလေး”

“ဟ…မင်းက အလုပ်တောင်မရသေးဘူး၊ မိန်းမကယူတော့မယ်။ ကဲ…ကဲ…နေ့ပြော” ဟုဆိုကာ လိုက်တောင်းပေး ပါသည်။ ကျွန်တော်တို့ရောက်တော့ မိန်းမဘက်က ဆွေတွေမျိုးတွေအများကြီးက ဧည့်ခံကြသည်။ ကျွန်တော်နှင့် ပါလာသော အမေနှင့် အဖေ့ညီကလည်း အေးဆေးဆိုတော့ ဘာမှမပြောမိ။ ဦးလေးကပဲ ဦးဆောင်ပြောသွားရာ မိန်းမဆွေမျိုးတွေမှာ တဝါးဝါးနှင့်ပွဲကျနေကြသည်။

“ဖိုးလမင်းဆိုတဲ့ ဒီကောင်ဟာ ကျွန်တော့် မိတ်ဆွေကြီးရဲ့သား။ ဒါကြောင့် ဒီကောင့်ကို ကျွန်တော်အာမခံပါတယ်။ မင်းက လည်းမိန်းမယူပြီးရင် ယောကျာ်းဆိုတာ ကိုယ့်မိန်းမကို အမြဲပိုးပန်းနေရမယ်။ မိန်းမဖြစ်သူကလည်း ယောကျာ်းတို့၏ အသည်းနှလုံးသည် အစာအိမ်မှလာသည် ဆိုတဲ့စကားကိုနှလုံးသွင်းရမယ်”ဟူသော စကားကို ကျွန်တော်ယခုတိုင် ကြားယောင်ဆဲ။

ကျွန်တော့်သမီးလေး လေးနှစ်အရွယ် ဦးလေးကို သွားကန်တော့တော့ “ငါ့သူငယ်ချင်းကြီးရှိရင် သူ့မြေးလေးနဲ့ သိပ်ပျော်မှာ ကွာ။ မြင်မသွားရရှာဘူး။ ငါမြင်စမ်းစေချင်လိုက်တာ” ဟု ကြေကြေကွဲကွဲ ပြောရှာသည်။

ဦးလေးက စကားပြောအလွန်ကောင်းသည်။ သူပြောသည်က သူများကို အနိုင်ယူလိုစိတ်ဖြင့်မဟုတ်။ အကျိုးသင့်အကြောင်းသင့် မှတ်သားစရာစကားလုံးများဖြင့် ပြောတတ်သည်။

ဥပမာ-အသည်းနှလုံးမှာ ကျွဲပခုံးထအောင်မှတ်ထားဆိုသည့် အသုံးများဖြစ်သည်။ သူ့ကို အပြင်မှာပဲဖြစ်ဖြစ်၊ စာမျက်နှာ များပေါ်ကနေဖြစ်ဖြစ် ပြောဆိုလာလျှင် တုံ့ပြန်ချေပတတ်သူ ဖြစ်သည်။ သူတစ်ပါး၏စကားကို သေချာချည်ပြီးမှ ပြောတတ်သည်။ ကောက်ပင်ရိတ်လှီးသကဲ့သို့ဖြစ်သည်။ ဦးလေးမှာ အားနည်းချက်တစ်ခုတော့ ရှိပါသည်။ သူ့တပည့်တွေကို အယုံအကြည်လွန်လွန်းခြင်းဖြစ်သည်။ တစ်ခါက တပည့်တစ်ယောက် သူ့ဆီက ငွေ သိန်း ၃၀ လောက်ချေးသွားပြီး ပြန်မလာတော့ပေ။ ကျွန်တော်က ပြန်ရပြီလားမေးတော့ ထားလိုက်ပါတော့ကွာဟုသာ ဖြေသည်။

သို့သော် တပည့်တွေဆီက တော်ရုံအကူအညီယူလေ့မရှိပါ။ သူကစစ်တက္ကသိုလ်မှာ ဆရာလုပ်လာသူမို့ သူအကူအညီတောင်း လျှင်ပေးမည့် တပ်မတော်အရာရှိကြီးများရှိသော်လည်း သူ ကျူရှင်သာသင်စားသည်။ ထိုခေတ်က ကျူရှင်သင်တာလည်း လွယ်တာမဟုတ်။ ရာဇဝတ်လိုပင် အစိုးရက သဘောထားသည့် ကာလ။

ဟောပြောပွဲတွင် အားနှင့်မာန်နှင့် ပြောတတ်သော်လည်း အပြင်မှာပြောလျှင် လေသံတိုးတိုးလေးဖြစ်သဖြင့် မနည်းနား စိုက်ထောင်ရသည်။ သူ့ဟောပြောချက်အခွေကို အဖေကလည်း အားလျှင် ဖွင့်နားထောင်တတ်သည်။ အဖေ့ကို ဘာသာပြန်ဆိုသူ သက်သက်အနေဖြင့်ပြောလျှင် သူက “ပြောသူတွေအနေနဲ့ မြသန်းတင့်ဘာသာပြန်တဲ့ စစ်နှင့် ငြိမ်းချမ်းရေးစာအုပ်ကို ဘာသာပြန်ကောင်းဖို့မဆိုထားနဲ့၊ အင်္ဂလိပ်လိုဟာကိုပဲ ကူးရေးကြည့်စမ်းပါဦး။ သူများ လုံ့လကို ကျတော့မမြင်ဘူး” ဟုဈေးကွက်ဂျာနယ်တွင် ရေးခဲ့ဖူးသည်။ သူက ပညာရှင်ကို အလွန်အလေးထားသူ ဖြစ်သည်။

တစ်ခါက ကျွန်တော့်ကို “ငါ ဆရာကြီးဦးဝန်(မင်းသုဝဏ်)နဲ့ တွေ့တုန်းကပေါ့ကွာ။ ဆရာကြီးက သူတို့ပြုစုတဲ့ သတ်ပုံကျမ်းက မမှန်ဘူးပြောလို့ အတော် စိတ်ထိခိုက်နေရှာတယ်”ဟု ဆိုသည်။

မဆလခေတ်က ဦးနေဝင်းက တခု၊ တကောင်၊ တယောက် တွေကို တစ်ဟု စသတ်တွေ ထည့်ခိုင်းသည်။ ဆရာကြီးတို့ကိုလည်း မကျက်တကျက် ပေါင်မုန့်ဟုသမုတ်သည်။ (နောက်တော့ ပြန်တောင်းပန်သည်ဟုကြားသည်)။

“ငါလည်း အတော်စိတ်မကောင်းဖြစ်သွားပြီး ‘ဟာ…အမှတ်ထားမနေပါနဲ့ဆရာရယ်။ ဒီလူတွေက ပညာရှင်ကို တန်ဖိုး မှ မထားတာ’လို့ ပြန်ပြောလိုက်တယ်”ဟု ပြောပြဖူးသည်။ ဒါကြောင့် ထင်သည်၊ ဦးလေးဆုံးတော့ အုတ်ဂူပေါ်မှာ…

‘တသက်တာ စာပေဆုရှင်’ဟု ရေးထားသည်။

အတူပါလာသည့်မိတ်ဆွေကသတ်ပုံမှားနေကြောင်း ပြောသဖြင့် ဦးလေးဒီအကြောင်းပြောပြဖူးသူက ရေးတာ ဖြစ်လို့ တမင်ရေးတာဖြစ်မှာဟု ပြန်ပြောလိုက်ပါသည်။

ဦးလေးက ၈၈ နှစ်ဆိုတော့ သက်တမ်းစေ့ပါသည်ဟုပြောလို့ရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် လူကောင်း လူတော်တွေ ရှားပါးနေသဖြင့် လူတိုင်းက နှမြောကြပါသည်။ ဦးလေးဆုံးတော့ Facebook တွင် ကျွန်တော် ဤသို့ ရေးခဲ့ပါသည်။

“ခင်ဗျားက ကျုပ်ထက်အသက်ကြီးပြီး လာတာနောက်ကျလိုက်တာဗျာ။ ခင်ဗျားက အရင်ရောက်နှင့်နေရမှာလို့ ဆီးပြီးနောက်နေမှာလားအဖေ။ ဘုံဘဝမှာစကားတွေကောင်းနေကြပါစေ” ဟုရေးခဲ့ပါသည်။ ကျွန်တော် အလကားရေးခြင်း မဟုတ်ပါ။ သူတို့နှစ်ဦး၏ ရိုးရှင်းချစ်ခင်မှုကို သိစေလို၍ဖြစ်ပါသည်။

(ဆရာ အောင်သင်းအား ဂါရဝဖြင့်…)

[ends]

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."